Breaking

နိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် တိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၉
    ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန 1 (MICC-1) ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကာ အနုပညာရှင်များအား နိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်လာအောင် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ 
    မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ စာပေနှင့် သတင်းနယ်ပယ်များမှ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားကျင်းပသည့် ကျောက်စိမ်းခန်းမအဝင် လျှောက်လမ်း၌ ပြသထားသည့် ၁၉၅၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိခဲ့ကြသူများနှင့် ရုပ်ရှင်ဇာတ်ကားများ၊ ထူးချွန်ဆုရ အနုပညာရှင်များ၊ အတတ်ပညာရှင်များ၏ မှတ်တမ်းဓာတ်ပုံများ ပြသထားရှိမှုများကို ကြည့်ရှုကြသည်။
    ယင်းနောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒီဂျစ်တယ် စက်ခလုတ်ခုံပေါ်တွင် အကယ်ဒမီ ကြယ်စင်ရုပ်ကို စိုက်ထူ၍ ၂၀၂၄ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။
    ၁၉၅၂ ခုနှစ်မှ စတင် ချီးမြှင့်လာခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားများသည် ယနေ့ ဆိုပါက (၆၆)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ပြီး နိုင်ငံတော်၊ ပြည်သူနှင့် အနုပညာရှင်များ၏ စုစည်းမှု၊ အေးချမ်းပျော်ရွှင်မှုများကို (၆၆)ကြိမ်မြောက် ဝေမျှဖော်ကျူးပေးနိုင်သည့် မင်္ဂလာအခမ်းအနားပင်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားတွင် ပြောကြား သည်။
    "မြန်မာ့ရုပ်ရှင် ခေတ်ဦးကို ပြန်ကြည့်ပါက ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး အောင်မြင်တိုးတက်ခဲ့တဲ့ ဂုဏ်ယူဖွယ်သမိုင်း အထောက်အထားများနဲ့  ဖြတ်သန်းလာခဲ့တာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ် မြန်မာ့လွတ်လပ် ရေး ကြိုးပမ်းမှု ကာလကတည်းက ပေါ်ပေါက်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်သမိုင်းဟာ ယခုဆိုရင် နှစ်ပေါင်း ၁၀၅ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နှစ် ၁၀၀ ကျော်ကာလ သမိုင်းမှတ်တမ်းများနဲ့ လှုပ်ရှားသက်ဝင်နေတဲ့ မြန်မာ့ရုပ်ရှင်က ခေတ်စနစ် အမျိုးမျိုးကြားမှာ ပြည်သူတွေကို အပန်းဖြေပျော်ရွှင်စေပြီး ရသမျိုးစုံကို မျှဝေပေးနိုင်ခဲ့ရုံသာမက နိုင်ငံတော်ရဲ့ အရေးပါတဲ့အခန်းကဏ္ဍများ၊ နိုင်ငံရဲ့ ပကတိအခြေအနေများကို အနုပညာနဲ့ ထင်ဟပ် ဖော်ပြအကျိုးပြုနိုင်ခဲ့တဲ့အတွက် နိုင်ငံနဲ့ပြည်သူအပေါ် တာဝန်ကျေခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်အပါအဝင် အနုပညာရှင်များက လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ တိုင်းရင်းသားပြည်သူများရဲ့ စိတ်ဓာတ်ကို တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်ရေး၊ ဝံသာနုရက္ခိတတရား ထွန်းကားရေး၊ ဇာတိသွေး ဇာတိမာန်တက်ကြွရေးနဲ့ စည်းလုံးညီညွတ်ရေးတို့အတွက် မိမိတို့ တတ်စွမ်းထားတဲ့ အနုပညာနဲ့ စည်းရုံးလှုံ့ဆော်ပေးခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီး နောက် ကာလမှာလည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အနုပညာစွမ်းအားနဲ့ ဆက်လက်ကြိုးပမ်း ဆောင် ရွက်ခဲ့ကြပါတယ်။
    အဲဒီအရာတွေက နိုင်ငံအတွက် အကျိုးပြုခဲ့တဲ့ သမိုင်းအစဉ်အလာကောင်း မှတ်တမ်းမော်ကွန်းများပင်ဖြစ်ပါတယ်။ ယနေ့အခြေအနေမှာ အကျိုးပြုခဲ့တဲ့ အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
    အနုပညာတစ်ရပ်က ဆင့်ပွားပေးလိုက်သည့် အကြောင်းတရားများသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးကိုပြသရာရောက်သည့်အတွက် ရုပ်ရှင်အနုပညာသည် အင်မတန် အရေးပါအရာ ရောက်ပြီး အနုပညာ၊ အတတ်ပညာနှင့် နည်းပညာများ ပေါင်းစပ်ပါဝင်နေသည့် ရုပ်ရှင်သည် ပြည် သူလူထု၏ ရင်ထဲနှလုံးသားထဲကို ညင်ညင်သာသာနှင့် ထိထိရောက်ရောက် သြဇာလွှမ်းမိုးနိုင်သည့် သက်ရောက်မှု ကြီးမားသည့် မီဒီယာ Soft Power တစ်ခုဖြစ်ကြောင်းလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။ 
    "ဒါကြောင့် ရုပ်ရှင်အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ရုပ်ရှင်ထုတ်လုပ်သူများ၊ အတတ်ပညာရှင်များ၊ သရုပ်ဆောင်များအားလုံးရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးပါတယ်လို့ ပြောကြားလိုပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ခုဖြစ်ပေါ်လာရေးက တစ်ဦးတစ်ယောက်တည်းရဲ့ လုပ်ဆောင်မှုနဲ့မရပါဘူး။ ဇာတ်ပို့၊ ဇာတ်ဆောင်၊ သရုပ်ဆောင်အမျိုးမျိုး၊ ဝတ္ထု၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ အသံ၊ ဓာတ်ပုံ၊ တေးဂီတ၊ မီးအလင်း အမှောင်၊ အထူးပြုလုပ်သူ၊ မိတ်ကပ်ကအစ နောက်ဆုံး ဒါရိုက်တာရဲ့အဓိက ဦးဆောင်မှုနဲ့ စုပေါင်းညီညာမှသာ ဖြစ်လာခြင်း ဖြစ်ပါတယ်။ စုပေါင်းအားကို ပေါ်လွင်နေပါတယ်။ တစ်ဦးချင်း ဘယ်လောက် ကောင်းကောင်း စုပေါင်းအားမပါရင် ဇာတ်ကားကောင်းတစ်ခု ဖြစ်မလာနိုင်ပါဘူး။ ရုပ်ရှင်ဇာတ်ကား ကောင်းတစ်ခုက ကြည့်ရှုသူကို ရင်ထဲစွဲကျန်စေတယ်။ ရိုက်ခတ် စေတယ်။ တသသဖြစ်စေပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ခေတ်ကာလမှာ ပြသခဲ့တဲ့ ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ မှုံရွှေရည်၊ သင်္ကြန်မိုးတို့လို ဇာတ်ကားမျိုးက ဘယ်အချိန် ပြန်ကြည့် သည်ဖြစ်စေ မရိုးနိုင်အောင် စွဲမြဲနေတဲ့ ဇာတ်ကားမျိုး၊ အတုယူဖွယ်ရာ ဇာတ်ကားမျိုး၊ တသသဖြစ်နေရတဲ့ ဇာတ်ကား မျိုးတွေ ဖြစ်ပါတယ်။ အခြားဇာတ်ကားကောင်းများစွာလည်း ရှိကြပါတယ်။ အဲဒီလို ပြည်သူ့ရင်ထဲ စွဲမြဲပြီး အကျိုးပြုစေမယ့် ဇာတ်ကားမျိုး ဖန်တီးပေး ကြစေလိုပါတယ်"ဟု နိုင်ငံတော် ဝန်ကြီးချုပ်က တိုက်တွန်း ပြောကြားသည်။
    သတိပြုရမည့် အချက်အနေဖြင့်  ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှု ပျက်ပြားစေပြီး လူငယ်လူရွယ်များကို အတွေး အခေါ် အယူအဆမှား ယွင်းအောင်၊ စိတ်ဓာတ်များ ဆုတ်ယုတ်ပျက် ပြားလာအောင် လူမှုကွန်ရက်များနှင့် ကျင့်ဝတ်မဲ့မီဒီယာများကတစ်ဆင့် လုပ်ဆောင်နေမှုများပင် ဖြစ်ကြောင်း၊ ယင်းတို့သည် နိုင်ငံ့အကျိုး ပျက်စီးစေမည့် ကြံဆောင်မှုများဖြစ်သဖြင့် လျော့ နည်း ပပျောက်အောင် ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက် ဆိုသည့်အတိုင်း ရုပ်ရှင်အနုပညာရှင်များကလည်း နိုင်ငံနှင့်လူမျိုး ကောင်းရာကောင်းကျိုး ဖော်ဆောင်နိုင်မည့် နိုင်ငံ့အကျိုးပြု အနုပညာဖန်တီးမှုများကို ဖော်ဆောင်ပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။
    ထို့အပြင် နိုင်ငံနှင့်လူမျိုးကို နိုင်ငံတကာက ပိုမို သိရှိလာစေရန်၊ ရင်းနှီးခင်မင် လာစေရန်၊ အနုပညာနည်းလမ်းနှင့် ဖြန့်ဝေပေးနိုင်အောင် နိုင်ငံတော်တည်ဆောက်ရေးတွင်လည်း ပြည်သူလူထု၏ အတွေးအခေါ်၊ အယူအဆများ မှန်ကန် လာစေရေးနှင့် နိုင်ငံ့အကျိုးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် နှိုးဆော် တိုက်တွန်းရာတွင် ထိရောက်သည့် အနုပညာစွမ်းပကားဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
    နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် နယ်ပယ် ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကူညီပံ့ပိုးမှုများကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေး လျက်ရှိရာ ဆက်လက်၍လည်း အားပေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    ဆက်လက်၍ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်ဇနီးတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်၊ အတတ်ပညာရှင်များ အပါအဝင် ရုပ်ရှင်လောကသား အားလုံးက လှိုက်လှဲဂုဏ်ယူစွာ ချီးမြှင့်သည့် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆု ရရှိကြသော မင်းသားကြီး ကြည်စိုး၊ အကယ်ဒမီဒါရိုက်တာ မောင်နှင်းမိုး၊ ထပ်ဆင့်အကယ်ဒမီ ဝါဝါ၀င်းရွှေ၊ ထပ်ဆင့်အကယ်ဒမီ ခင်သန်းနုတို့ကို ဆုများ ပေးအပ်ချီးမြှင့်ကြပြီး မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။
    ထို့နောက် ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာ ဆုများကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို 'ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်' ဇာတ်ကားဖြင့် ကောင်းဇံ၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို 'အိပ်မက်ကာရန်'ဇာတ်ကားဖြင့် အကယ်ဒမီဓိရာမိုရ်၊ အကောင်းဆုံး ရုပ်ရှင်အသံဆုကို 'မီး' ဇာတ်ကားဖြင့် အောင်မျိုးမြတ်နှင့်ရဲဝင်း၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို 'နှောင်' ဇာတ်ကားဖြင့် အာကာကျော်၊ အကောင်းဆုံး ရုပ်ရှင် ဇာတ်ညွှန်းဆုကို 'တိမ်ပန်းချီ' ဇာတ်ကားဖြင့် အေးသီရိကို၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို 'ချစ်သူသာ ပန်းတစ်ပွင့်ဖြစ် ခဲ့လျှင်'ဇာတ်ကားဖြင့် Taurus V Production၊ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အထူးဆုအဖြစ် 'နှောင်' ဇာတ်ကားဖြင့် မိတ်ကပ်ပညာရှင် လုံလုံ (လင်္ကာဒီပ)တို့က ရရှိကြသည်။
    ထူးချွန်ဆု ရရှိကြသူများကို ဝါရင့် အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီး မြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကား ပြောကြားကြသည်။
    ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုများ (Myanmar Academy Fashion Awards)ကို ပေးအပ်ချီးမြှင့်ရာ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီများရှင် ရန်အောင်၊ အကောင်းဆုံး အမျိုးသမီးဝတ်စား ဆင်ယင်မှုအကြီးတန်းဆုကို အကယ်ဒမီ စိုးမိုးကြည်၊ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှုဆုကို ထက်အောင်ရှိုင်း၊ အကောင်းဆုံး အမျိုးသမီးဝတ်စားဆင်ယင်မှုဆုကို နန်းစုရတီစိုးတို့က ရရှိကြပြီး အကယ်ဒမီများရှင် ဆွေဇင်ထိုက်က ဆုများပေးအပ်ချီးမြှင့်သည်။
    ဆက်လက်၍ ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို 'အိပ်မက်ကာရန်'ဇာတ်ကားဖြင့် အကယ်ဒမီ ဝင်းလွင်ထက်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆုကို 'ဘိုးတော်ကင်း' ဇာတ်ကားဖြင့် ခြူးလေး၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို 'မီး'ဇာတ်ကားဖြင့် အေးချမ်းမောင်၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို 'တိမ်ပန်းချီ' ဇာတ်ကားဖြင့် အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို 'နှောင်'ဇာတ်ကားဖြင့် အကယ်ဒမီ နေတိုးတို့က ရရှိကြသည်။
    ထူးချွန်ဆု ရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြ ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများက ကျေးဇူးတင်စကား ပြောကြားကြသည်။
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီးတို့သည် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ရရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသည် ၇၃ နှစ်အတွင်းတွင် ၆၆ ကြိမ် မြောက် ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 118

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43040

© 2022 - 2025 News. All Rights Reserved.