နေပြည်တော်တွင် ရပ်ဝေးမှ မြေဝယ်သူများပြား၊ သုခတော်ဝင်တိုက်ခန်းများ အခန်းလွတ် မရှိသလောက်ဖြစ်နေ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
    နေပြည်တော် အိမ်ခန်းများ အငှားများ၍ အခန်းလွတ် မရှိသလောက် ဖြစ်နေပြီး  အရောင်းအဝယ်ဈေးကွက်အနေဖြင့် မြို့နယ်အလိုက် ရောင်းကွက်မရှိ၍ လှုပ်ခတ်မှုမရှိ ငြိမ်သက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ 
    လတ်တလော အခြေအနေအရ ရွာမြေနှင့် ရွာမကျ၊ ရပ်ကွက်မကျ ပိုင်ဆိုင်မှုခိုင်မာသည့် မြေများသာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး သပြေကုန်း၊ ပျဉ်းမနား၊ ရွှေကြာပင် အနီးတစ်ဝိုက်ရှိ ရွာမြေများ အရောင်းအဝယ်ဖြစ်ကြောင်း ရွှေလာဘ်ကောင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးဇေ ယျာထက်ဝင်းက ပြောသည်။ 
    "ရွာမြေက ဈေးတန်း ၅၀၀ တစ် ပတ်လည် ၅၀၀ နဲ့ ၈၀၀ ကြားဖြစ်တယ်။ အရင်တုန်းကတော့ ရန်အောင်မြင်ဘက်တွေ ဖြစ်တယ်။ အခုက အောင်သုခ၊ ညောင်ပင်ကြီးစုဘက်တွေမှာ ဖြစ်တယ်။ ခရိုင်တရားရုံးနားက ရွာလေးတွေ။ ပျဉ်းမနားဘက်ကဆိုရင် သပြေလှဆိုတဲ့ ရွာလေးတွေ။ ရပ်ကွက် မကျ၊ ရွာမကျမြေလေးတွေ ဖြစ်တယ်။ ပိုင်ဆိုင်မှုလည်း မာလို့ပါ။ အရောင်းအဝယ်ကတော့ လောလောဆယ် အေးတယ်။ ဖြစ်နေတာ လေးတွေက ဈေးတန်းသင့်တာလေးတွေပါ။ ရွာမြေကျတော့ သပြေကုန်း၊ ရွှေကြာပင်၊ ပျဉ်းမနားနဲ့ နီးစပ်တဲ့ ရွာတွေ ဖြစ်တယ်။ အောင်သုခရွာမှာလည်း ဖြစ်တယ်။ ဒါပေမဲ့ အခုက ရွာမြေတွေလည်း ကုန်သလောက် ဖြစ်နေပါပြီ။ တစ်ခုရှိတာက ရောင်းကွက်ရှား သွားပြီ။ အကွက်လှတာတွေကျတော့ ဈေးကြီးပေးဝယ်နေရတာ။ ကောင်းတဲ့၊ လှတဲ့ အကွက်ကျတော့လည်း ပြီးခဲ့တဲ့နှစ်က ကျွန်တော် ၃၂၀၀ နဲ့ ဝယ်ပေးလိုက်တဲ့ အကွက်က ရွှေကြာပင်ဘက်မှာ လွန်ခဲ့တဲ့ နှစ်လလောက် က ၄၂၀၀ နဲ့ ရောင်းပေးလိုက်တယ်။ ၄၂၀၀ နဲ့ ဝယ်သွားတဲ့လူက နှစ်လလောက်ပဲ ကြာတယ်။ ၄၆၀၀ နဲ့ ရောင်းသွားတယ်။ နှစ်လတည်းနဲ့ မြတ်တာ မြေကံကောင်းတာပေါ့ဗျာ။ ရွှေကြာပင်မှာ ရောင်းကွက် ရှားသွားပြီ။ နေရာကောင်းတယ်။ အကွက် လှတယ်ဆိုရင် ဈေးကြီးပေးရတယ်"ဟု ၎င်းကပြောသည်။ 
    အရောင်းအဝယ်ဈေးကွက် ငြိမ် သက်သွားခြင်းက ရပ်ဝေးမှ လာရောက်ကြသူများအနေဖြင့် မြေဝယ်အိမ်ဆောက်ကာ ပြန်လည် ရောင်းချမှုမရှိ၍ဖြစ်ပြီး ဝယ်ရောင်းများ လက်ဝယ်ကစားနေမှသာလျှင် လှုပ်ခတ် နိုင်မည်ဖြစ်ကြောင်း ဦးဇေယျာထက်ဝင်းက သုံးသပ် ပြောဆိုသည်။
    "အဝေးက လာတဲ့လူတွေကျတော့ အထိုင်ချ အိမ်ဆောက်နေကြတာ။ ပြန်မရောင်းတော့ဘူး။ ဝယ်ပြီး ပြန်မရောင်းရင် ရောင်းကွက် မရှိတော့ဘူး။ ဝယ်ရောင်းတွေ ကစားနေမှ ရောင်းကွက်က ရှိတာ။ ဝယ်ရောင်းတွေကလည်း တကယ် နေမယ့်သူ လက်ထဲကိုပဲရအောင် ထည့်ရတာပဲလေ။ ရောင်းကွက် ရှားသွားတော့ ဈေးကွက်ငြိမ် သွားတယ်လို့ ယူဆပါတယ်။ တချို့ကျတော့လည်း ဒီမှာ လုပ်ငန်းလုပ်ဖို့၊ အထိုင်ချဖို့ ဝယ်တာရှိတယ်။ တချို့ကျတော့ အသင့်နေအိမ် ဝယ်တာရှိတယ်။ အိမ်ဆောက်ပြီး ရောင်းတာ လေးတွေလည်း ရှိတယ်။ အခုက အသစ်တွေ ထပ်မဆောက်နိုင်ကြဘူး။ မြေရောင်းတာ လေးတွေလည်း အေးနေတယ်။ အုတ်တံ တိုင်းခတ်ပြီး ရောင်းတာ။ ဒီအချိန်ကတော့ ဝယ်ရောင်း လုပ်လို့ကောင်းတယ်။ ဈေးကွက် က ငြိမ်နေတော့လေ။ တချို့ ဗိုက်နာတော့ ဈေးကွက်အေးတဲ့အခါမှာ လျှော့ရောင်းပေးတာရှိတယ်။ တန်မယ် ထင်တာလေးတွေ ဝယ်ကြတာ။ ဈေးကွက်က တအားလှုပ်လှုပ် ရှားရှား မရှိဘူး။ နှစ်ကူးသွားတာလည်း ပါမယ်"ဟု ၎င်းက ပြောသည်။ 
    နေပြည်တော်သို့ ရပ်ဝေးဒေသများမှ လာရောက် ဝယ်ယူကြသူများအနေ ဖြင့် နှစ်မျိုးနှစ်စားရှိပြီး အထိုင်ချနေထိုင်ရန် လာရောက်ကြသူများနှင့် ယာယီလာရောက် နေထိုင်ကြသူများလည်းရှိကြောင်း နေပြည်တော်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။  
    "အခုလောလောဆယ်တော့ အဝေးက ရှောင်လာတဲ့သူတွေ ဝယ်တာ ငြိမ်သွားတယ်။ တချို့ဒေသတွေလည်း ငြိမ်နေတာဆိုတော့လေ။ အရင်လို လှုပ်လှုပ်ခတ်ခတ် ဖြစ်တဲ့အချိန်က တစ်မျိုး ဖြစ်ခဲ့တယ်။ အခုက အငှားဈေးကွက် ကောင်းတယ်။ အရောင်းအဝယ် ဈေးကွက်က အေးတာမဟုတ်ဘူး။ ငြိမ်နေတာ။ စောင့်ကြည့်နေကြတဲ့ အနေအထားပါ။ ခုရက်ပိုင်း ပျဉ်းမနားဘက်မှာ ဖြစ်တာများ တယ်။ မြို့မဈေးဆိုရင် ပွဲရုံ၊ ဆိုင်ခန်းလေးတွေ၊ လူနေပွဲရုံခန်းလေးတွေ ဝယ်ကြတယ်။ အရင်တုန်းက ထောင်ဂဏန်း လောက်တုန်းက ဝယ်ပျော်တယ်။ အခုက သုံးထောင်ကျော်လောက် ဖြစ်နေပြီ။ မြေကွက် ဈေးလောက်ဆိုတော့ စဉ်းစားသွားကြပြီ။ သူ့ဟာနဲ့သူ ဖြစ်တော့ ဖြစ်နေကြသေးတယ်။ သပြေကုန်းလည်း အတူတူပါပဲ။ နှစ်သစ်အစဆိုတော့ ဈေးကွက်က ခန့်မှန်းရတာက ဒေါ်လာဈေးလည်း ငြိမ်နေတယ်။ ရွှေသမားတွေ၊ ဒေါ်လာသမားတွေကလည်း မြေနဲ့ ပြန်ထိန်းတာရှိတယ်။ မြေရောင်းပြီး သူတို့ ရွှေဘက်ပြန်လှည့်သွားတာလည်း ရှိတယ်။ အားလုံးကတော့ ဆက်စပ်နေပါတယ်။ နောက်အ လားအလားက ဈေးထပ်တက်ဦးမှာ။ စိတ်ညစ်စရာ ကောင်းလောက်အောင် တက်ဦးမှာ။ ဈေးကြီးပေး ဝယ်ရမှာ။ ကုန်ဈေးနှုန်းနဲ့လည်း ဆက်စပ်နေတယ်။ ရွှေဈေး၊ ငွေဈေးနဲ့လည်း ဆက်စပ်နေတယ်"ဟု ၎င်းက ပြောသည်။ အငှားဈေးကွက်အနေဖြင့် ငွေ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ဝန်းကျင်   အိမ်များသာ အလွတ်ရှိပြီး ဈေးနှုန်းသင့်သည့် တိုက်ခန်း၊ အိမ်ခန်းများမှာ နေရာအလွတ်မရှိ သလောက်ပင်ဖြစ်ကြောင်း နေပြည်တော်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
    "အငှားက ဥတ္တရသီရိဘက်မှာ ဖြစ်တယ်။ ၁၀ သိန်းအထက် ၁၅သိန်း၊ သိန်း ၂၀ ဝန်းကျင်တွေ။ နောက် သုခတော်ဝင်ဖြစ်တယ်။ သုခတော်ဝင်ကတော့ အလွတ်သိပ် မရှိဘူး။ ဝန်ထမ်းရော၊ အခြားနေရာက ရှောင်လာကြတဲ့ သူတွေရော ရှိတယ်။ ရွှေကြာပင် ဘက်မှာလည်း အပြည့်ပဲ။ အိမ်ကောင်း ကောင်းတော့ရှားတယ်"ဟု ၎င်းကပြောသည်။ နေပြည်တော်တွင် အရောင်းအဝယ်ဖြစ်၍ လူကြိုက်များသည့် နေရာများမှာ  ဥတ္တရ၊ ဇမ္ဗူ၊ သပြေကုန်း၊ ပျဉ်းမနားတို့ဖြစ်ပြီး ပထမတန်း အရောင်းအဝယ်ဖြစ်သည့်နေရာမှာ ရွှေကြာပင်၊ သပြေကုန်း။ ထန်းတ ပင် VIP ကွက်များ ဖြစ် ကြောင်း သိရသည်။  ကွန်းဈာန်

Total Views ~ 100

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.