ပန်းပိတောက်တို့ အကြိုခလာသည့် မြန်မာ့နှစ်သစ်ကူး

၂၀၂၄ ၊ မတ် ၃၀


မြန်မာစကားမတတ်လို့သာ
    ရယ်ရသည်ဟု ဆိုသော်လည်း အမှန်ကရှက်စရာဖြစ်သည်ဟုသာ ဆိုရမည်ဖြစ်သည်။ မြန်မာဟု ပြောရမည်ကို ရှက်စရာဖြစ်သည့် အကြောင်းအရာလေးတစ်ခု  စိတ်မကောင်းစွာ တွေ့မြင်လိုက်ရသော ကြောင့်ဖြစ်သည်။ တစ်ခါတုန်းက မှော်ဘီဘက်ကအပြန် ကျွန်တော်စီးလာသည့် ဘတ်စ်ကားနှင့် အခြားသော ဘတ်စ်ကားတစ်စီး အပြိုင်ဖိုက်ကြသည်။ လိုင်းကားလောကအခေါ် လမ်းကြောင်းတူလျှင် ရန်သူဖြစ်ပြီး၊ အသွားအပြန်မတူလျှင် ညီရင်းအစ်ကိုပမာ ချစ်ကြလေသည်။ ထိုမှော်ဘီကပြန်လာသည့်ခရီးတွင် ကားနှစ်စီးဖိုက်ရာမှ မှတ်တိုင်တွင် ခရီးသည်တင်ရမည်ဖြစ်သော်လည်း ခရီးသည်ကိုပင်မ တင်။ သူကကျော်သွားလိုက်၊ ကိုယ်ကကျော်သွားလိုက်ဖြင့် တစ်ဖက်ယာဉ်ကြောကိုပင် တက်၍မောင်းကြလေသည်။ ယာဉ်ပေါ်တွင်လိုက်ပါကြသည့် ခရီးသည်များကတော့ 'ဘုရားတယုံမှ တစ်ပါးအခြားမရှိ" ဖြစ်နေကြလေသည်။ ကားနှစ်စီးက လမ်းပေါ်တွင် ဖိုက်ယုံအားမရဘဲ ရှေ့ကြိုရောက်သည့်ကားမှ ကန့်လန့်ခံကာ ပိတ်ရပ်လိုက်၏။ နောက်ကားက ဘရိတ်စောင့်အုပ်ကာ ဝရုန်းသုန်းကားဖြစ် ကုန်ကြလေသည်။ ကားနှစ်စီးပေါ်က စပယ်ယာများ၊ ယာဉ်မောင်းသူများ လမ်းမပေါ်ဆင်းကာ စကား အချေအတင် များကြသည်လေတော့သည်။ မိုက်မိုက်ရိုင်းရိုင်းဆဲဆိုကြကာတုတ်၊ ဓားများပါဆွဲ၍ ထွက်လာကြလေသည်။ တစ်ဖက်ကတင်းသည့်အခါ တစ်ဖက်လျှော့သွားခြင်းကြောင့် ရိုက်ပွဲ၊ နှက်ပွဲများဖြစ်မသွားဘဲ ဆဲဆိုခြိမ်းခြောက်သည့် အခြေအနေနှင့်သာ ပြီးသွားကြ၏။ တစ်ဖက်နှင့်တစ်ဖက် သူ့ကားပေါ်ပြန်တက်၊ ကိုယ့်ကားပေါ်ပြန်တက်ချိန် အသာရသည့်ဘက်ကပြော သွားသည့်စကား ယနေ့ထိ နားထဲကမထွက်ဖြစ်ခဲ့ရ၏။ "ဟေ့ကောင်တွေ မှော်ဘီသားကွ ဘာမှတ်နေလဲ"ဆိုသည့် စကားပင်ဖြစ်၏။
    ထိုအချိန် စဉ်းစားလိုက်မိသည်က သူ့ကိုသူ ဂုဏ်ယူစွာနှင့် မှော်ဘီသားကွ ကြုံးဝါးသွားသော်လည်း သူတို့၏လုပ်ရပ်က မှော်ဘီမြို့ကို ဘာများဂုဏ်တက် သွားပါသလဲဟုဆိုသည့် အတွေးပင်ဖြစ်သည်။ မှော်ဘီသားတိုင်းနှင့် မဆိုင်သော်လည်း သူတို့၏လုပ်ရပ်နှင့် ပြောဆိုသည့်စကားက အတွေးတိမ်သူဆိုလျှင် မှော်ဘီသားတွေက ဒီလိုတွေလားဟု ဖြစ်သွားနိုင်သည်ကို မစဉ်းစားမိဘူးလားဟု အတွေးပေါ်မိ၏။ ယခုလည်း သည် ရက်ပိုင်း Movie လေးတစ်ခုမြင်တွေ့မိရာက အထက်တွင် ဆိုခဲ့သည့်အတိုင်း ရှက်ရွံ့မိခြင်းဖြစ်သည်ဟု ပြောရခြင်းဖြစ်သည်။ ထို Movie က မြန်မာစကားမ တတ်သည့် နိုင်ငံခြားသားတစ်ဦး မြန်မာလိုပြောဆိုတတ်သွားသည့် အကြောင်းအရာ ဖြစ်သည်။ ထိုနိုင်ငံခြားသားက မြန်မာများနှင့် PUBG ဂိမ်းအတူကစားရာမှ မြန်မာအများစု ပြောလေ့ပြောထ ရှိသည့်စကားကို ပြောတတ်သွားခြင်း ဖြစ်သည်။ ထုံးစံအတိုင်း အယုတ္တအနတ္တ စုံလင်စွာဆဲဆို သည့်စကားများကို တစ်လုံးမကျန် ပြောပြသွားခြင်းဖြစ်သည်။ သူကဂိမ်းကစားရင်း ကြားနေရသည့် အကြောင်း အရာများကို နားယဉ်ပါးသွားသောကြောင့် မြန်မာ့လေသံ မြန်မာ့ဟန်ပန် Vocal Tone အတိုင်း ပြောသွားခြင်း ဖြစ်သည်။ 'မအေ၊ နှမမှစပြီး ကိုယ်မေအထိ'ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုနေသော စကားလုံးများသာ ဖြစ်လေသည်။ဟိရိသြတ္တပခေါ်သည့် အရှက်အကြောက်တရား ကင်းမဲ့စွာ ရုန့်ရင်း ကြမ်းတမ်းကုန်နေကြပါလားဟု စိတ်မကောင်းများစွာလည်း ဖြစ်ရပါသည်။ လူတစ်ဦးချင်း၊ တစ်ယောက် ခြင်းအတွက် ပြဿနာမရှိသော်လည်းလူ့အဖွဲ့ အစည်းနှင့်ပါ သက်ဆိုင်လာလျှင် ကောင်းသည့် လက္ခဏာ မဟုတ်ဟု ထင်မြင်မိ၏။
    ကျွန်တော်တို့ မုံရွာသားများက  စကားပြောလျှင်အဆဲလေးနှင့်မှ အားရကြသည်ဟုပင် ဆိုကြလေသည်။ မှတ်မိပါသေးသည်။ ကျွန်တော် ကိုးတန်းကျောင်း သားဘဝကဖြစ်သည်။ ကျွန်တော်တို့ရွာက အလယ်တန်း ကျောင်းသာရှိသဖြင့် အထက်တန်းကျောင်း ရှိသည့်နေ ရာသို့ မြစ်ကူးချောင်းခြား သွား၍တက်ရ၏။ မြစ်ကူးချောင်းခြား ကျောင်းတက်ရခြင်းကြောင့် နေ့စဉ်ကျောင်း သွားကျောင်းပြန်အတွက် မိဘများက စိတ်မချပေ။ ထို့ကြောင့် ကျောင်းနှင့်နီးသည့် ဘုန်းကြီးကျောင်းတွင် ကျွန်တော်တို့ကို နေစေသည်။ ထိုဘုန်းကြီးသည်လည်း ကျွန်တော်တို့ကို မလွတ်လပ်မည်စိုး၍ ခြေတံရှည်သီးသန့် ကျောင်းလေးပေါ် နေစေသည်။ ထိုသို့နေရင်းတစ်ညတွင် သူငယ်ချင်းများနှင့် အသီး သီးအိပ်ရာပေါ်တွင်စကား ပြောဖြစ်ကြသည်။ စကားပြောနေချိန် မီးကပြတ်သွား၏။ မီးပြတ်၍မှောင်မည်း နေချိန် သူငယ်ချင်းများ၏ပြောစကားကို နားထောင်သူ သက်သက်အဖြစ် ရှိနေခဲ့လေသည်။ အမှောင်ထဲ သူငယ်ချင်းများ၏ ပြောစကားများကို အာရုံတစ်ပါး မလွင့်သွားဘဲ နားထောင်မိချိန်တွင် ကျွန်တော် တော်တော်လေးကို လန့်သွားမိ၏။ မုံရွာသားထုံးစံအတိုင်း အကြောင်းအရာတစ်ခု ပြောမည်ဆိုလျှင် ရှေ့က အဆဲလေးပဏာမခံကာ ပြောနေကြလေသည်။ ထိုစကား သံများကို ကြားမိလိုက်တိုင်း 'ကိုယ်ကရော'ဆိုသည့်အတွေးဝင်လာကာ ကိုယ်လည်း သတိမထားမိရာမှ ထူးမခြားနားပါလားဟု သတိထားမိလိုက်သည်။ ထိုသတိက ယနေ့အချိန်အထိ ဖရုဿဝါစာဆိုသည့် ရုန့်ရင်းကြမ်း တမ်း သောအသုံးအနှုန်းကို လူ့ပတ်ဝန်းကျင်တွင် မသုံးဖြစ်တော့ပေ။ ဂုဏ်ဖော်၍ ပြောလိုခြင်းမဟုတ်၊ မြန်မာအမျိုးသားတိုင်း ထိုအသိ၊ ထိုသတိလေးဝင်လျှင် မည်မျှ ကောင်း မည်နည်းဟု နိုင်ငံခြားသား၏ Movie ကိုတွေ့ချိန် စဉ်းစားမိပါသည်။ အမေပြောသည့်စကား ယနေ့အထိ နားထဲကမထွက် "ငါ့သား ချစ်လည်း ဒီပါးစပ်၊ မုန်းလည်း ဒီပါးစပ်အပြောအဆို မရိုင်းစိုင်းနဲ့'ဆိုသည့် ဆုံးမစကား နားထောင်မိခြင်းလည်း ဖြစ်သည်။ ကိုယ်တိုင် ဆင်ခြင်သကဲ့သို့ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ဖရုဿဝါစာများ နှုတ်ထွက်က မပြောဖြစ်ကြပါစေနှင့်ဟုလည်း လိုလားမိသည်။ ကာယကံ၊ ဝစီကံ၊ မနောကံတွင် ဝစီကံကြောင့် ဒုက္ခရောက်ရသည်လည်း များစွာရှိကြရဲ့ မဟုတ်လား။ လူ့အသိုင်းအဝိုင်းက ထိုကဲ့သို့ ဝစီကံရိုင်းစိုင်း နေသည်က မနောကံစိတ်ထဲတွင် အရိုင်းစိတ် ဖြစ်နေသောကြောင့်ဟု ဆို၍ရနိုင်မလားပင် ဖြစ်သည်။ ဝစီကံရိုင်းစိုင်းသည်က မနေကံပါရိုင်းစိုင်းသည်ကို အမှုမဲ့အမှတ်မဲ့ထားလျှင် ကာယကံမြောက် ရိုင်းစိုင်း မည်ကလည်း ဝန်မလေးဖြစ် မည်စိုးသောကြောင့် ထိုသို့ပြောရခြင်း ဖြစ်ပါသည်။ အရိုင်း စိတ်များကင်း၍ မင်္ဂလာရှိသော နှုတ်ဖျားကစကားများဖြင့် ယဉ်ကျေးကြပါစေဟု လူ့အသိုင်းအဝိုင်းအတွက် အကြံပြုလို ပါသည်။ မင်္ဂလာရှိသောစကားဖြင့် ဂုဏ်ယူတတ်ကြပြီး ရုန့်ရင်းကြမ်းတမ်းသော စကားများဖြင့် ဂုဏ်မယူတတ်ကြပါစေနှင့်ဟုလည်းဆိုပါရစေ နိုင်ငံခြားသားတစ်ယောက် မြန်မာကဲ့သို့ ဆဲဆိုနေ သည်ကို တွေ့မြင်ချိန်  မြန်မာများ ဆင်ခြင်နိုင်ပါစေဟုလည်း အကြံပြုလိုပါသည်။


ဓာတ်ကူးသွားပြီထင်
    သနားစရာကောင်းသည်ဟုဆိုလျှင်လည်း သည်လိုလူမျိုးက သနားထိုက်ပါ၏လားဟု ပြန်၍စဉ်း စားရဦးမည်ဖြစ်သည်။ မိမိ၏နှုတ်က ထွက်ပေါ်ရသည့် စကားဖြင့် အများသူငါ ဒုက္ခရောက်မှ အဆင်ပြေသည်ဆိုသည့် လူစားမျိုးအတွက် သနားထိုက်ပါ၏လောဟု စဉ်းစားမိခြင်းဖြစ်သည်။ အကြောင်းက ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် သတင်းထောက်တင်ဆက်သည့် အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်တွင် စာတိုလေးရေး ထားလေသည်။ 'မုန့်ဖိုးလေးဘာလေး မပေးချင်ကြဘူး လားဟင်၊ ၂၁ ရက်ဆိုတော့ ပိုက်ဆံပြတ်နေပြီ'ဆိုသည့် စာဖြစ်သည်။ ထိုစာကိုမြင်တွေ့ဖတ်အပြီး 'ထည့်ချင်ပါတယ်'ဟု မှတ်ချက်ပြန်လည်ပေးမိသည်။ သူပဲ မူမှန်၍လား၊ ကိုယ့်ကိုပဲ မယုံကြည်၍လားမသိ၊ မည်သည့်အကြောင်းအရာမှ ပြန်လည်မှတ်ချက်မပေးသည်ကို တွေ့မြင်လိုက်ရသည်။ ရုပ်သံအစီ စဉ်များ၊ လူမှုကွန်ရက်များတွင် ထိုအမျိုးသမီး၏ မဟုတ်တစ်တစ်ခွခွ ပြောကြားနေသည့် မျက်နှာကိုမြင် တွေ့ရပြီး မဟုတ်တမ်းတရားကို ပါးစပ်က မီးခိုးထွက်မတတ်ပြောမှ ထမင်းစားရသူများဟု ကြည့်နေ လိုက်မိသည်။
    မှတ်မိပါသေးသည်။ ၂၀၂၁ မတ်လထဲ ကျွန်တော်၏ မွေးရပ်ဇာတိသို့ ပြန်သွားချိန်ကဖြစ်သည်။ ဟိုနေရာ၊ သည်နေရာသွားလျှင်ပင် ထိုအမျိုးသမီးတို့၏ဓာတ် ဆီလောင်း မီးတင်နေသည့် စကားသံများကို Repeat လုပ်ကာ အထပ်ထပ်အခါခါ ကြားသိမြင်တွေ့နေရလေသည်။ မှန်သောစကားကိုဆိုလျင် ကြည့်မြင်ရသည်မှာလည်း အဓိပ္ပာယ်ရှိသည်ဟုခံစားရပြီး မမှန်သောစကားကို သူတို့ပါးစပ်မို့ထွက်ရဲ သည်ဟုသာ တွေးမိ၏။ ဥပမာပြောရလျှင် ကျွန်တော်သည်လည်း သတင်းလောကတွင် နှစ်ပေါင်းများ စွာ ကျင်လည်လာခဲ့သူဖြစ်သောကြောင့် ကြားတိုင်း၊ မြင်တိုင်း အကြောင်းကိစ္စတိုင်းကို လွယ်လွယ် ယုံ ကြည်လေ့မရှိပါ။ ဟိုနေရာတွင် မည်ကဲ့သို့ဖြစ်သွားသည်၊ သည်နေရာတွင် မည်ကဲ့သို့ဖြစ်သွားသည်စ သဖြင့် ခပ်တည်တည် ဖိန့်နေတိုင်း ထိုအကြောင်းအရာကို စူးစမ်းဖြစ်၏။ ပဲခူးတွင်ဖြစ်သည့် အကြောင်းအရာဆိုလျှင် ပဲခူးကမိတ်ဆွေကို ဆက်သွယ်မေးမြန်ကာ အမှန်ဖြစ်မဖြစ် စေ့ငုမိ၏။ သူတို့ပြောသည့် စကားအများစုသည် စေ့ငုမိသလောက် အမှားများကို ပါးစပ်က မီးခိုးထွက်မတတ် ပြောနေသည့်အခါ သတင်းသမားဟောင်းတစ်ဦးအနေနှင့် ပြည်ပထွက်ပြေးသွားသည့် ကိုယ့်လောကက သတင်းသမားများကိုပင် ရွံလာမိသည်။ ဝန်ထမ်းလုပ်ခဲ့ဖူး သူအချင်းချင်း ၂၁ ရက်ရောက်လျှင် ငွေကြေး ပြတ်လပ်တတ်သည်ကို စာနာမိသော်လည်း ဒင်းတို့ကဲ့သို့ ကိုယ့်ပြည်ကိုဖျက် မီဒီယာအကွက်သမား များကို သနားထိုက် ပါ၏လောဟု စဉ်းစားမိခြင်းဖြစ်သည်။ ပြည်ပထွက်ပြေးသူအများစုက အလှူခံစား နေကြချိန် ပြည်ပ၌ ဒိုနာနှင့် ရပ်တည်နေကြသည့် သတင်းမီဒီယာသမားများသည်လည်း အလှူခံစား သူများကို အားကျလာသည့်သဘော ဖြစ်မည်ထင်၏။ သို့မို့ကြောင့် မျက်ရည်ခြူစကားဖြင့် အလှူခံ သည်၊ တောင်းစားသည်ဆိုသည့်စကား မသုံးဘဲ မုန့်ဖိုးတောင်းခြင်း ဖြစ်ဟန်တူပါသည်။ ဒင်းတို့သည်လည်း တောင်းရမ်းခြင်းကိုပင် လုပ်စားတတ်သလားဆို သည့်အတွေးနှင့် ပြည်ပထွက်ပြေးသည့် သူများကဲ့သို့ သည်ဘူတာပဲ ဆိုက်သည့်အကွက်ဟု ဆိုရမည်ဖြစ်သည်။


ပိတောက်ပွင့်ဦးနှစ်သစ်ကူး
    မိတ်ဆွေတစ်ဦးက ဖုန်းဆက်သည်။ သည်ရက်ပိုင်း မိုးရွာ၍ထင်သည်၊ နေပြည်တော်၌ ပန်းပိတောက်တို့ ပွင့်ကြလေပြီဟုဆိုကာ သူ၏အနုပညာဓာတ်ခံဖြင့် ပြောသည့်စကားများဖြစ်သောကြောင့် ပြန်လည်ဖောက်သည် ချလိုခြင်းဖြစ်သည်။ သူက ဖုန်းထဲမှနေ၍ မျက်လုံးထဲမြင် အောင်ပြောနိုင်သူဟု မှတ်ချက်ချရမလိုဖြစသည်။ နွေရင့်ရင့် အညာမကျ အောက်ပြည်မကသည့် နေပြည်တော် သည်လည်း နွေနေပူပူတွင် ပန်းပေါင်းစုံလည်း ဝေေ၀ဆာ ဆာပွင့်နေသည်ဟုဆို၏။ နေပြည်တော်၏လမ်းမများ တွင် ချယ်ရီပန်းများ၊ သပြေဘူတပန်းများ လှပနေကြပြီး သင်္ကြန်အကြိုထောက် မိုးလေးတစ်ပြိုက်နှစ်ပြိုက်က အပြီး ပိတောက်ပန်းများပါ ပွင့်လာကြသည်ဟု ဆိုလေသည်။ သူက ပိတောက်ပန်းဆိုသည့်စကားကို ပြောလာ ချိန်မှ မြန်မာသင်္ကြန်နှစ်ကူးပင် ရောက်ချိန်နီးပါပြီကောဟု  သတိရသွားမိ၏။
    သင်္ကြန်ဆိုမှ ယမန်နှစ်က သင်္ကြန်များ ကိုသွား၍ သတိရမိသည်။ ထိုင်းနိုင်ငံက ဆုန်ခရန်သ င်္ကြန်ကို ကမ္ဘာ့အမွေအနှစ်စာရင်း ယူနက်စကိုဝင်ရန် တင်သွင်းထားသည်ဆိုသည့် သတင်းကိုပါ အမှတ်ရမိ၏။ ထိုသတင်းကို ဖတ်မိသည့် မြန်မာနိုင်ငံသားအများစုက မြန်မာသင်္ကြန်နှင့် ထိုင်းနိုင်ငံ သင်္ကြန်ကို နှိုင်းယှဉ်ပြီးပြောဆိုလာ ခဲ့ကြရဲ့မဟုတ်လား။ ထိုင်းက ယူနက်စကိုဝန်ရန် ကြိုးစား နေချိန် မြန်မာပြည်မှာမတော့ သင်္ကြန်ပွဲကျင်းပလျှင်ပင် ဒလန်ဟု စွပ်စွဲသူကတစ်မျိုး၊ လူစည်လျှင် ဗုံးခွဲမည်ဆို သည်က တစ်ဖွဲ့နှင့် သည်နှစ်သင်္ကြန်ရော ဘယ်လိုရှိမည်လဲ၊ စည်ကားပါ့မလားဟု စဉ်းစားမိခြင်း ဖြစ်သည်။ နေပြည်တော်တွင် ပိတောက်ပန်းများပွင့်သည်ဟု မိတ်ဆွေပြောသည့် စကားကစပြီး ဘာတွေများဆက်ပြီးတွေး မိပါလိမ့်ဟု ကိုယ့်ကိုယ်ကိုယ်ပြန်၍ ဆန်းစစ်ကြည့်မိသည်။ မြန်မာ့နှစ်သစ်ကူး ခါနီးချိန် နေပြည်တော်တွင် ပိတောက်နှင့်အတူ ပန်းများပွင်း၍ လှပနေကြောင်း မိတ်ဆွေပြောမှ ကျွန်တော်နေသည့်အရပ်တွင် ပန်းများမပွင့်သေးပါလားဟု သတိထားမိသည်။ ပန်းဆိုသည်က အချိန်တန်လျှင်ပွင့် မှာပါပဲဟု  ကျွန်တော်တို့အရပ်ဒေသတွင် ပန်းပွင့်များကို မျှော်နေမိ ပါသည်။

(ရွှေထီး)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၁၁) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 563

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.