၂၀၂၃ အောက်တိုဘာ ၂၂
ပုဂံခေတ်မှာ စိုးစံခဲ့သည့် နန်းစဉ်မင်းဆက်များကို လေ့လာကြည့်လျှင် မင်းဆက်ပေါင်း (၅၅)ဆက်ရှိသည်ကိုတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ပထမဆုံးသော မင်းဖြစ်တဲ့ သမုဒ္ဒရာဇ်မင်းဟာ (၁၀၇ -၁၅၂) ခုနှစ်ထိ နန်းစံနှစ် ၄၅နှစ်တာ ကြာမြင်ခဲ့တယ်လို့ဆိုပါတယ် ။ သူရဲ့နန်းတော်ရာကတော့ ယုန်လွှတ်ကျွန်းနန်းတော်ရာပဲဖြစ်ပါတယ်။
အဲ့ဒီယုန်လွှတ်ကျွန်းနန်းတော်ရာမှာပဲ နောက်ထပ် မင်းငါးပါးဆက်လက်နေထိုင်မင်းပြုခဲ့တယ်လို့ သမိုင်းရာဇဝင်များကဆိုထားပါတယ်။ အဆိုပါမင်းတွေကတော့ ရသေ့ကြောင်မင်းက (၁၅၂-၁၆၇)ခုနှစ်အထိ၊ ပျူစောထီးမင်းက (၁၆၇-၂၄၂)ခုနှစ်အထိ၊ ထီးမင်းယဉ်မင်းက (၂၄၂-၂၉၉)ခုနှစ်အထိ၊ ယဉ်မင်းပိုက်ဆိုတဲ့မင်းက(၂၉၉-၃၂၄)ခုနှစ်အထိ၊ ပိုက်သေလည်မင်းက (၃၂၄-၃၄၄)ခုနှစ်ထိစိုးစံခဲ့ကြပါတယ်။
သေဉ်လည်ကြောင်မင်းလက်ထက်မှာတော့ သီရိပစ္စယာနန်းတော်ကိုပြောင်းတယ်လို့ဆိုပါတယ်၊ ဒီမင်းက သီရိပစ္စယာကို ဘာလို့ပြောင်းခဲ့တာလဲ ယုန်လွှတ်ကျွန်းနဲ့သီရိပစ္စယာဟာ အတော်လေးလည်းအလှမ်းဝေးပါတယ် တစ်ခုရှိတာက သီရိပစ္စယာနေရာက ဧရာဝတီမြစ်နဲ့လွန်စွာနီးကပ်နေလို့ ရေအတွက်ပြောင်းရတာလား စဉ်းစားစရာပါပဲ။
ဦးကုလား၏ မဟာရာဇဝင်ကြီး(ပထမတွဲ) မှာတော့ ထိုမင်းလက်ထက်တွင်မှ ရွာစု ၁၉ရွာကိုဖျက်၍ မြို့တည်ပြီးလျှင် လောကနန္ဒာအရပ်၌သီရိပစ္စယာ ဟူသောမြို့ကို တည်၍ နေတော်မူ၏ ။
သီရိပစ္စယာ ဟူ၍လည်းသမုတ်တော်မူ၏ဟု ဖော်ပြထားပြီး သူဘာကြောင့်ယုန်လွှတ်ကျွန်းက ပြောင်းရွေ့ရသည်ကိုမူရှင်းလင်းစွာဖော်ပြထားခြင်းမရှိပေ။ ထိုမင်းလက်ထက် ထူးခြားချက်တစ်ခုမှာ မဟာဂီရိမောင်နှမရောက်၍ ပုပ္ပါးတောင်တွင် သွားရောက်ထားခြင်းပင်ဖြစ်သည်။
သေဉ်လည်ကြောင်မင်း သီရိပစ္စယာနန်းတော်တည်ဆောက်ခဲ့ပြီးနောက် အဲ့ဒီနန်းတော်နေရာ၌ပင် နောက်ထပ်မင်းလေးပါးကဆက်လက်နေထိုင်တော်မူသည်။ ထိုမင်းလေးပါးမှာ ကြောင်ဒုရစ် (ကြောင်တူရစ်မင်း) ၃၈၇-၄၁၂ခုနှစ်၊ သည်းထန်မင်း (သည်တံမင်း) ၄၁၂-၄၃၉ ခုနှစ်၊ သူရဲမင်း(၄၃၉-၄၉၄)ခုနှစ်၊ သရမွန်ဖျားမင်း (၄၉၄-၅၁၆)ခုနှစ် တို့ပဲဖြစ်ကြပါသည်။
ပုဂံမင်းဆက် ၁၂ဆက်မြောက် ဘုရင်ဖြစ်သည့် သိုက်တိုင်မင်း (၅၁၆-၅၂၃) လက်ထက်တွင်မူ သီရိပစ္စယာနန်းတော်နေရာကိုစွန့်လွှတ်လျှက် တမ္ပဝတီနန်းတော်ကိုတည်ထောင်တော်မူလေသည်။ မင်းဆက် ငါးဆက်ခန့်သာ အသုံးပြုနေထိုင်ခဲ့သည့် သီရီပစ္စယာနန်းတော်မှ အဘယ်ကြောင့် ပြောင်းရွေ့ရသနည်းဆိုသည်ကိုမူထူးထူးခြားခြားရာဇဝင်မှတ်တမ်းများတွင်မတွေ့ရှိရပဲ ဦးကုလားမဟာရာဇဝင်ကြီးနှင့် တွင်းသင်းမြန်မာရာဇဝင်သစ် ပထမတွဲတွင်မူ သီရိပစ္စယာမြို့ကိုပစ်၍ ရွာစိုက်တွင်မြို့တည်ပြီးလျင် တမ္ပဝတီသမုတ်၍သမထီးအရပ်၌နေလေ၏။ ဟုပါရှိသည်။
ဤနေရာတွင် စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ တမ္ပဝတီနန်းတော်နေရာတွင် မင်းဆက် (၂၂)ဆက်တိုင် နေထိုင်ခဲ့ကြခြင်းပင်ဖြစ်သည်။ အဘယ့်ကြောင့်ဤ တမ္ပဝတီနန်းတော်တွင် ပုဂံမင်းဆက်တို့ နှစ်ပေါင်းများစွာကြာအောင်နေထိုင်ခဲ့ရသနည်း။ တမ္ပဝတီနန်းတော်စတင်တည်ထောင်သည့် ခုနှစ်မှစတင်ပြီး နှစ်ပေါင်း ၃၂၃ နှစ်တိုင် ဤနန်းတော်၌ မင်း၂၂ ဆက်တို့သည် ဘယ်မျှမပြောင်းမရွေ့ပဲ နှစ်ရာချီသည်အထိနေထိုင်ခဲ့သည်မှာ ထူးခြားလှကြောင်းလေ့လာတွေ့ရှိရသည်။
ထို့ကြောင့် အဆိုပါ တမ္ပဝတီနန်းတော်ရာတည်ရှိခဲ့သည်ဟုယူဆရသော နေရာ၌ အမှတ်အသားကျောက်တိုင်ကြီးတစ်ခုစိုက်ထူထားသည်ကိုတွေ့ရှိရသည်။ သို့သော်လည်း ဤနေရာတွင် နန်းတော်ကဲ့သို့ဖြစ်နိုင်ခြေရှိသည့်သဲလွန်စကိုမူ ယနေ့ထိကျေနပ်ဖွယ်ရာမတွေ့ရှိရသေးပေ သို့သော်လည်း ဒေသအခေါ် ဤအရပ်သည် တမ္ပဝတီဟုခေတ်အဆက်ဆက်ခေါ်ဝေါ်လာခဲ့ခြင်းကြောင့်ဖြစ်တန်ရာ၏။
နှစ်ပေါင်း၃၂၃ နှစ်ကြာ တမ္ပဝတီနန်းတည်ရာအရပ်၌ မင်းဆက် ၂၂ဆက်အုပ်ချုပ်ခဲ့ကြသည့် မင်းအမည်များမှာ သိုက်တိုင်မင်း၊ သေဉ်လည်ကြောင်ငယ်မင်း၊ သေဉ်လည်ပိုက်မင်း၊ ခန်းလောင်းမင်၊ခန်းလတ်မင်း၊ ထွန်တိုက်မင်း၊ ထွန်ပစ်မင်း၊ ထွန်ချစ်မင်း၊ ပုပ္ပါးစောရဟန်းမင်း၊ ရွှေအုန်းသီးမင်း၊ ပိတ်သုံမင်း၊ပိတ်တောင်မင်း၊မင်းခွေး၊မြင်းကျွေးမင်း၊ သိင်္ခမင်း၊ သိန်းခွန်မင်း၊ ရွှေလောင်းမင်း၊ ထွန်ထွင်းမင်း၊ ရွှေမှောက်မင်း၊ ထွန်လတ်မင်း၊ စောခင်နစ်မင်း၊ ခဲလူးမင်းတို့ပဲဖြစ်ကြပါတယ်။
ပုဂံမင်းဆက် (၃၃)ဆက်မြောက်ဘုရင်အထိ တမ္ပဝတီနန်းတော်တွင် နေထိုင်ခဲ့ပြီးနောက် မင်းဆက် (၃၄)ဆက်မြောက်ဘုရင်ဖြစ်သည့် ပျဉ်ပြားမင်းလက်ထက်တွင်မူ ယခုလက်ရှိပုဂံမြို့ရှိ ပုဂံမြို့ဟောင်းနန်းတော်ရာကို ခရစ်နှစ် ၈၄၉ နှစ်တွင် အသစ်တည်တော်မူတယ်လို့ ရာဇဝင်မှတ်တမ်းများကဆိုပေသည်။
ဦးကုလားမဟာရာဇဝင်ကြီး(ပထမအုပ်)တွင်မူ ပျဉ်ပြားမင်းနန်းတက်၍ ၃-နှစ်တွင် ပုဂံမြို့ကိုတည်တော်မူ၏ ဟု ပါရှိရာ ပျဉ်ပြားမင်းသည် တမ္ပဝတီနန်းတော်တွင် နန်းတက်ပြီး သုံးနှစ်ကြာမှ ပုဂံမြို့ကိုတည်သလိုဖြစ်နေသောကြောင့် ပျဉ်ပြားမင်းသည် တမ္ပဝတီအရပ်တွင်လည်းနေခဲ့မည်ဟု ယူဆစရာဖြစ်ပါသည်။ ထိုအချက်ကိုမူ ရာဇဝင်များတွင် ရှင်းလင်းစွာ ရေးသားဖော်ပြခြင်းမရှိခဲ့ကြောင်းလည်းလေ့လာတွေ့ရှိရသည်။
ပုဂံမင်းဆက်များကိုလေ့လာရာတွင် မင်းဆက်(၃၃)ဆက်မြောက်အထိ နှစ်ပေါင်းသုံးရာကျော်အတွင်းဆက်ခံခဲ့ကြ
သည့်ပုဂံမင်းဆက်များ၏ အမည်နာမများသည် ကျောက်စာ၊ ပေစာအထောက်အထားများအတွင်း အမှန်တကယ်ပါရှိခဲ့ခြင်းရှိမရှိ မသေချာသော်လည်း ရာဇဝင်မှတ်တမ်းများတွင်မူ အခိုင်အမာရေးသားဖော်ပြ
ထားသည်ကို တွေ့ရှိရသည်။
ပျဉ်ပြားမင်းနောက်ပိုင်း ပုဂံမင်းဆက်များ၏ အမည်နာမနှင့် သူတို့တစ်ဦးခြင်းစီ၏ အကြောင်းအရာများကိုမူ ရာဇဝင်သမိုင်းများအတွင်း ပျဉ်ပြားမင်းနောက်ပိုင်း ပိုမို၍ အချက်အလက်များပြည့်စုံလာသည်ကိုလည်းလေ့လာတွေ့ရှိရပြန်သည်။
ပျဉ်ပြားမင်းဆက်ခံပြီးနောက် ပုဂံမင်းဆက်(၃၅)ဆက်မြောက်ဘုရင်သည် တန်နက်မင်း ဖြစ်လာခဲ့ပြီး အဆိုပါ တန်နက်မင်းသည် (၃၆)ယောက်ပုဂံဘုရင် စလေငခွေး၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရကြောင်း ဦးကုလားမဟာရာဇဝင်ကြီး (ပထမစာအုပ်)တွင် ထိုမင်းကားမြင်းကိုချစ်လှစွာ၏ ၊မြင်းကိုလည်းတတ်လှစွာ၏ ၊ ညဉ့်အခါမြင်းတင်းကိုသက်၍ကြည့်စမြဲတည်း။ ကြည့်ရာတွင် စလေငခွေးလုပ်ကြံလေသတည်း ဟု ပါရှိရာ စလေငခွေးသည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်သောကြောင့် ဘုရင့်အားလုပ်ကြံနိုင်သည့် နန်းတော် မြင်းတင်းကုတ်အတွင်းသို့ဝင်ရောက်နေနိုင်သနည်း။
ထိုအချက်ကို မဟာရာဇဝင်၌ စလေငခွေး၏ အချက်အလက်များကို အသေးစိတ်ရေးသားဖော်ပြထားသည်မှာ စိတ်ဝင်စားဖွယ်ရာတွေ့ရသည် ထူးခြားချက်အနေဖြင့် ပျဉ်ပြားမင်းကစတင်ပြီး ပုဂံမင်းများ၏နန်းစံသက္ကရာဇ်များကွဲလွဲသည်ကိုတွေ့ရှိရသည်။
ပုဂံမင်းဆက် (၃၆)ဆက်မြောက် စလေငခွေးမင်းပြီးနောက် အနော်ရထာမင်းစောဘုရင်အထိ ကြား၌ မင်းဆက် ငါးဆက်ရှိနေကြောင်းတွေ့ရှိရသည် အနော်ရထာမင်းစောသည် ပုဂံမင်းဆက်၏ (၄၂) ဆက်မြောက်ဘုရင်လည်းဖြစ်သည်။
အနော်ရထာမတိုင်မီ သိန်းခိုမင်း၊ ညောင်ဦးစောရဟန်းမင်း၊ ကွမ်းဆော်ကြောင်ဖြူမင်း၊ ကျည်စိုးမင်း၊စုက္ကတေးမင်းတို့သည် အနော်ရထာမတိုင်မီ ပုဂံဘုရင်မင်းဆက် ငါးဆက်တွင်ပါရှိသောမင်းများဖြစ်ကြပြီး အဆိုပါမင်းများအကြောင်းကိုမူ ရာဇဝင်သမိုင်းမှတ်တမ်းများတွင် အချက်အလက်များစွာဖော်ပြထားကြောင်းတွေ့ရှိရသည်။
ပုဂံမင်းဆက် (၄၂)ဆက်မြောက်ဘုရင်အနော်ရထာမင်းစော (၁၀၄၄ -၁၀၇၇) သည် ပထမမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သူအဖြစ် ရာဇဝင်သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းအတင်ခံရသူလည်းဖြစ်သည် သို့သော်လည်း စဉ်းစားစရာ အချက်တစ်ခုမှာ အနော်ရထာမင်းစောသည် သူ၏နန်းတော်ရာကို အခြားနေရာသို့ မရွေ့ပြောင်းခဲ့ခြင်းပင်ဖြစ်သည်။
အနော်ရထာမင်းစောသည် ပုဂံမင်းဆက်၏ (၄၂)ဆက်မြောက်မင်းဖြစ်သော်လည်း ပုဂံမင်းဆက်စတင်ခဲ့သည့် သမုဒ္ဒရာဇ်မင်း၊ ပျူစောထီးမင်းတို့ထက် အမည်နာမအားဖြင့်ပုဂံသမိုင်းရာဇဝင်များ၌ ထင်ရှားကျော်ကြားသည်ကိုတွေ့ရသည်။ အနော်ရထာထက် ရှေးကျကြသည့် ဘုရင်များ၏ အမည်နာမများသည်ပင်လျင် ရာဇဝင်သမိုင်းတို့၌ယခုတိုင်မှေးမှိန်လျက်ရှိသည် ။
အနော်ရထာမင်းစောနောက် ပုဂံမင်းဆက်များအနေနဲ့ စောလူးမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ နရသူမင်း၊ နရသိင်္ခမင်း၊ နရပတိစည်သူမင်း၊ ထီးလိုမင်းလိုမင်း၊ ကျစွာမင်း၊ ဥဇနာမင်း၊ နရသီဟပတေ့မင်း၊ ကျော်စွာမင်း၊ စောနစ်မင်းနဲ့ စောမွန်နစ်မင်း စသည့်မင်းဆက် ၁၃ဆက်ရှိခဲ့ပြီး ပုဂံခေတ်သည် တဖြည်းဖြည်းပျက်သုဉ်းသွားပြီး ရွာငယ်များသာကျန်ရစ်ခဲ့ပုံရပေသည် ။
ပုဂံခေတ်တစ်ခုလုံးအားပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက မင်းဆက် (၅၅)ဆက်ကာလအတွင်းနှစ်ပေါင်း
တစ်ထောင်နှစ်ရာကျော်ကြာခဲ့သည်ကိုတွေ့ရှိရပေသည်။ သို့သော်လည်း ရာဇဝင်မှတ်တမ်းများအရ ပုဂံခေတ်လူမှုအဖွဲ့အစည်းကြီး ထိုကာလရှည်ကြီးတစ်လျောက်အသုံးပြုခဲ့သည့် နန်းတော်နေရာမှာ ယုန်လွှတ်ကျွန်း၊ သီရိပစ္စယာ၊ တမ္ပဝတီနှင့် ပုဂံနန်းတော်ရာတွင် နန်းတော်အားအကြိမ်ကြိမ်ပြုပြင်ပြီးနေထိုင်ခဲ့ကြရာ စုစုပေါင်း လေး နေရာ၌ သာ နန်းတော်တည်နေထိုင်ခဲ့ကြသည်မှာ အရေအတွက်နည်းလွန်းသည်ဟု သုံးသပ်မိပေသည် ။
ထူးခြားချက်အနေဖြင့်ပုဂံနန်းတော်ကြီးတွင် တံခါး(၁၂)ပေါက်ရှိခဲ့ပြီး တံခါးရှိရာအရပ်မျက်နှာတိုင်း၌ မြို့စောင့်နတ်များလည်းရှိနေသည်ကိုအံ့ဩစွာတွေ့ရှိရသည် အဆိုပါအချက်မှာ အခြားနေရာသို့မရွေ့ပြောင်းစေသည့် အဓိကအချက်လည်းဖြစ်နိုင်ပေသည်။
ပုဂံနန်းတော်၏ အရှေ့ဘက်မြို့ရိုး(မြောက်)တွင် သရဝတ်တံခါးပေါက်ရှိပြီး မျက်သကျင်နတ်၊ အရှေ့ဘက်မြို့ရိုး(အလယ်)တွင်သရပါတံခါး ရှိပြီး မောင်တော်ဦးတင့်၊မင်းသမီးနှမတော်မမြတ်လှနတ်ကွန်းတည်ရှိသည်။ တောင်ဘက်တွင် သရဗေတံခါး၌ ရွှေစသင်နတ်၊ တောင်ဘက်မြု့ရိုးအရှေ့အစွန်းတွင်မူ ကလေးတံခါးရှိပြီး ငါဆွဲသင်နတ်၊ တောင်ဘက်မြို့ရိုး(အလယ်)တွင်မင်္ဂလာတံခါး တွင် ဇမ္ဗူတမြတ်နတ် တည်ရှိနေသည်။ တောင်ဘက်မြို့ရိုးအနီး (မြောက်စွန်း ) သာကုန်းတံခါးတွင် ဇမ္ဗူတဆောင်နတ်ရှိပြီး၊ အနောက်မြို့ရိုး(တောင်စွန်း) မကြည်သာတံခါတွင် ငါဖုန်းသင်နတ်၊ အနောက်မြို့ရိုး (အလယ်) မင်္ဂလာတံခါးတွင် ဇမ္ဗူတမြတ်နတ်၊ (မြောက်စွန်း)တွင် သာကုန်းတံခါး၌ ဇမ္ဗူတဆောင်နတ်၊ မြောက်ဘက်မြို့ရိုး(အနောက်စွန်း) တွင် စံနန်းတံခါး၌ ဇမ္ဗူသပြေနတ်၊ မြောက်မြို့ရိုး (အလယ်)တွင် ငါးမြီးခတ်တံခါး၌ ကလဝေးနတ်၊ (အရှေ့စွန်း)တွင် သာတန်းတံခါး၌ ဇမ္ဗူတစ်ထောင်နတ်စသည်တို့တည်ရှိကြောင်းထို့ပြင် မြို့တွင်းနတ်များအနေဖြင့် လေးကျွန်းရှင်နတ်၊ မြို့လယ်စန္ဒီနတ်နှင့် မုန်တိုင်နတ်များလည်းရှိကြောင်းလေ့လာသိရှိရသည်။ ယခုအခါတွင်မူ ဒေသခံများအနေဖြင့် လေးကျွန်းရှင်နတ်ကွန်းတွင်မူ အစဉ်အမြဲလာရောက်ပူဇော်ကြသည်ကိုတွေ့ရှိရပေသည်။
ထို့ကြောင့် စာပေအထောက်အထားများ၊ မြေပြင်ကွင်းဆင်းအထောက်အထားများက မတွေ့ရှိသေးပဲပျောက်ကွယ်နေသေးသည့် ပုဂံအင်ပါယာ၏ နန်းတော်များ၊ မြို့တံခါးဝင်ပေါက်များ၊ဘာသာရေးဆိုင်ရာနေရာများ၊ရာဇဝင်များအတွင်းဖော်ပြထားသည့် နတ်ကွန်းများကို ဆက်လက်သုတေသနပြု၊ ဖော်ထုတ်၊ ထိန်းသိမ်းရန်များစွာလိုအပ်လှပါသည်။
ကျော်မျိုးဝင်း(ရှေး/သု)
ကိုးကား- ဦးကုလားမဟာရာဇဝင်ကြီး (ပထမတွဲ)
တွင်းသင်းမြန်မာရာဇဝင်သစ်
ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ချက်များ (၂၀၀၆)
TREND News ဂျာနယ် အတွဲ၂၊အမှတ် (၃၈) မှ ကူးဖူဖော်ပြခြင်းဖြစ်ပါသည်။