ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၅ ဇန်နဝါရီလအတွင်း   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ ဒသမ ၆၅၁ သန်း ဝင်ရောက်

နေပြည်တော်၊ ဇန်နဝါရီ ၁၅
    ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၅၁ သန်း ဝင်ရောက်ခဲ့ပြီး ပြည်တွင်းလုပ်သား ၁၀၀၀ အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ 
    တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး အအေးခန်း စက်ရုံများ၊ စည်သွတ်ဘူးစက်ရုံများနှင့် ဓာတ်မြေသြဇာစက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။ 
    "တိုင်းဒေသကြီးမှာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကြီး ငါးရပ်ရှိတဲ့အနက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအတွက်ကိုတော့ တန်ဖိုးမြှင့် ထုတ်ကုန်တွေ တင်ပို့နိုင်ရေး အအေးခန်းစက်ရုံတွေ၊ စည်သွတ်ဘူးစက်ရုံတွေနဲ့ ဓာတ်မြေသြဇာ စက်ရုံတွေ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ ဘက်စုံ၊ ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေးနဲ့ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများစေဖို့ ကြိုးစားဆောင်ရွက်ကြ စေချင်ပါတယ်"ဟု ၎င်းကပြောသည်။ 
    ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ခြင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၅၁ သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ၁၀၀၀ ဖန်တီးပေးနိုင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ  ၁၂ ရက်အထိ ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၀၉ ဒသမ ၀၂၂ သန်း၊ နိုင်ငံသားရင်းနှီး မြှုပ်နှံမှုကျပ်သန်း ၁၀၆၈၄၃ ဒသမ ၈၃၂ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၃၀၉၁ ဖော်ဆောင်ပေးနိုင်ခဲ့သည်။
    တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)အား ဇန်နဝါရီ ၁၁ ရက်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက COBES INDUSTRIES (BII) COMPANY LIMITED ၏ ခွဲစိတ်ခန်းသုံးနှင့် ကျန်းမာရေးဆက်စပ် ပစ္စည်း ၂၃မျိုး တိုးမြှင့်ထုတ်လုပ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်းနှင့် အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများမှ အစုရှယ်ယာ ပြောင်းလဲခြင်း၊ သွင်းကုန်ပစ္စည်း CODE ပြင်ဆင်ခြင်း အမှုတွဲများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သည်။  ကွန်းဈာန်

Total Views ~ 118

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43044

© 2022 - 2025 News. All Rights Reserved.