ရန်ကုန်၊ ဧပြီ ၂၂
ဧပြီ ၂၀ ရက်က ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် သံဃာတော်များနှင့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများက ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ သူများနှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မန္တလေး ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူ လျက်ရှိသည့် ဆရာတော်၊ သံဃာတော်များ၏ ထိခိုက် ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို မေးမြန်းလျှောက်ထား ပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် နဝကမ္မ အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ မေးမြန်း အားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ မေးမြန်းအားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်ပေါ်ခဲ့သော မန္တလေးငလျင် ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား သက်ဆိုင်ရာ ဒေသအသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ကုသပေးနိုင်မှုအနေဖြင့် ဆေးရုံများသို့ ပြင်ပလူနာအဖြစ် လာရောက် ကုသမှုခံယူခဲ့သည့် သံဃာတော် ၁၅ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သား ပြည်သူ ၅၀၁၆ ဦး လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု ပြင်းထန်သဖြင့် လက်ရှိအချိန်အထိ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသူ သံဃာတော် ၅၁ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သားပြည်သူ ၄၇၆ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထူးမြတ်