ပြည်သူ့လိုအပ်ချက်ကို  ဖြည့်ဆည်းနိုင်မည့် ပါတီသာ မဲရနိုင်၊ စည်းရုံးရေး မလှုပ်ရှားသည့်ပါတီ မဲရရန် ခက်မည်

နေပြည်တော်၊ မတ် ၁၂
    လုံခြုံရေးအရ မြေပြင်အခြေအနေ မတူညီနိုင်သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးရေးကိစ္စကို လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူလူထု အခက်အခဲကို ဖြေရှင်းပေးနိုင်သည့် ပါတီကသာ ဆန္ဒမဲ ရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများမှ သုံးသပ်ပြောကြားသည်။ 
    ပကတိအခြေအနေအရ တစ်ပြည်လုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲကို တစ်ပြိုင်နက်တည်း ကျင်းပဖို့ရာ အခက်အခဲ ရှိနိုင်သော်လည်း နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲအပေါ် မျှော်လင့်ထားကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်ချိုချိုကျော်ငြိမ်းက ပြော သည်။ 
    "နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးကောက်ပွဲလုပ်မယ့်အကြောင်း ပြောခဲ့တယ်။ ပါတီတွေအနေနဲ့ကလည်း ရွေးကောက်ပွဲကမှ ဒီမိုကရေစီလမ်း ကြောင်းကို သွားမယ်ဆိုတော့ မျှော်တယ်။ ဒါပေမဲ့ ဥပဒေ၊ နည်းဥပဒေ မထွက်သေးတော့ပြောဖို့ ခက်သေးတယ်။ လောလောဆယ်တော့ အခြေအနေတွေ စောင့်ကြည့်နေပါတယ်။ နိုင်ငံတော်ဝန်ကြီး ချုပ်ကလည်း ဒီမိုကရေစီလမ်းကြောင်းနဲ့ သွားမယ်ဆိုတာ ပြောတယ်။ ကဏ္ဋကောစ မလုပ်ပါနဲ့ဆိုတာ နိုင်ငံရေးသမားတွေကို ပြောတာ။ နိုင်ငံအတွက် ဝန်ကြီးချုပ်က တကယ်ကို ကြိုးစားတယ်၊ တိုင်းပြည်အပေါ် စေတနာရှိတယ်ဆိုတာ ယုံကြည်တယ်။ အကောင်းဆုံးဖြစ်အောင် လုပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပကတိအခြေအနေက တိုင်းပြည်မှာ မတည်ငြိမ်တဲ့ နေရာတွေလည်းရှိတယ်။ တိုက်ပွဲတွေ ဖြစ်ကြတာရှိတယ်။ အဲဒီနေရာတွေကို သူဘယ်လို ဆောင်ရွက်မလဲ။ ငြိမ်းချမ်းတဲ့ အခြေအနေရောက်အောင် စောင့်မလား။ တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် ဘယ်လိုလုပ်ကြမလဲဆိုတာ စောင့်ရမှာပေါ့။ ဝန်ကြီးက ဘယ်လောက်ပဲ လုပ်ပေးချင်သည် ဖြစ်စေ၊ နိုင်ငံရေးပါတီတွေ ဘယ်လောက်ပဲ မျှော်လင့်သည်ဖြစ်စေ။ တိုင်းပြည်အခြေအနေက ပကတိအခြေအနေအရ တစ်ပြည်လုံး ကျင်းပနိုင်ဖို့တော့ မလွယ်သေးဘူး ထင်တယ်။ ကိုယ့်တိုင်းပြည် ခေါင်းဆောင်ကိုတော့ အပြည့်အ၀ ယုံကြည်ပါတယ်။ နိုင်ငံရေးသမားတွေအားလုံး ပူးပေါင်းဆောင်ရွက်ကြရင် အကောင်းဆုံး အခြေ အနေကို ရောက်ရှိမှာပါ"ဟု ၎င်းက ပြောသည်။  
    နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်ကို စောင့်နေကြပြီး တစ်ဖက်တွင် ပြည်သူလူထုကို စည်းရုံး၍ ရသည့်နေရာမှန်သမျှ စည်းရုံးနေကြကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ  (PNO)  အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြော သည်။ 
    "ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း၊ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ဖို့ စောင့်နေတယ်။ လောလောဆယ် ညွှန်ကြားချက် မလာသေးဘူး။ ဥပဒေအရ တရားဝင် မထုတ်ပြန်သေးဘူး။  လောလောဆယ် ခေါင်းဆောင်တစ်ယောက် ပြောတာကို လက်ခံထားတယ်။ အစောဆုံး ဖြစ်နိုင်သမျှ လုပ်မယ်ဆိုတာ ပြောထားတယ်။ ခေါင်းဆောင်ဆိုတာ ပြောတဲ့အတိုင်း လုပ်ကြပါတယ်။ ဖြစ်နိုင်လို့လည်း ပြောတာပါ။ လေး၊ ငါး၊ ခြောက်လအတွင်း ကျွန်တော်တို့ စောင့်ကြည့်ရဦးမယ်။ ရာခိုင်နှုန်း ဘယ်လောက် ပြည်နယ်နဲ့ တိုင်းတွေမှာ လုပ်နိုင်မလဲ စောင့်ကြည့်ရပါမယ်။ တစ်ဖက်ကလည်း လုံခြုံရေးအရ ဘယ်လောက်အထိ ထိန်းချုပ်နိုင် မလဲဆိုတာကိုလည်း စောင့်ကြည့်ရပါမယ်။ လက်တွေ့မြေပြင်မှာ တစ်နိုင်ငံလုံး အနေအထားကမတူဘူး။ စည်းရုံးလို့ရတဲ့ နေရာမှန်သမျှတော့ သူ့နည်းသူ့ဟန်နဲ့ နိုင်ငံရေးပါတီတွေက စည်းရုံးနေကြတယ်။ မိတ်ဆွေပါတီတွေ ပြောစကားအရတော့ အန္တရာယ်ရှိ တဲ့နေရာတွေ ရှိနေသေးလို့ ပြောပါတယ်။ ပါတီတစ်ခုနဲ့ တစ်ခု မြေပြင်အခြေအနေတွေ မတူနိုင်ပါဘူး။ စည်းရုံးရေးလုပ်ငန်းကတော့ လုပ်ကိုလုပ်ရမှာပါ။ မဲပေးဖို့ထက် လောလောဆယ်မှာ ပြည်သူ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင်တဲ့ ပါတီကတော့ လူထု ထောက်ခံမှုရမယ်။ မဲပေးပါလို့ သွားပြောရင်တော့ မသေချာဘူး။ လူထုအတွက် ဘာလုပ်ပေးနိုင် မလဲဆိုတာ အရေးကြီးတယ်။ မလှုပ်ရှားနိုင်တဲ့ ပါတီကတော့ မဲရဖို့ခက်မယ်။ တစ်ခုရှိတာက ကျော်ကြား မှုကို အခြေခံပြီး ပုဂ္ဂိုလ်ကို ကြည့်ပြီး မဲပေးခဲ့တာတွေ ရှိတယ်။ ဒီအချိန်မှာ လူထုက အတွေ့ အကြုံများခဲ့ပြီ။ ကျော်ကြားမှုကို ပေးတဲ့လူတွေ ရှိကောင်းရှိနိုင်သေး တယ်။ ဒါပေမဲ့ ကျော်ကြားမှုဆိုတာထက် သူတို့ဒေသ၊ သူတို့လူမျိုးအတွက် ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာ ပိုစဉ်းစားလာကြလိမ့်မယ်လို့ ယုံကြည်တယ်"ဟု ၎င်းကပြောသည်။ 
    ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ခိုင်ခိုင်မာမာ ကျင်းပသွားမည်ဖြစ်ပြီး ပါ တီစုံဒီမိုကရေစီစ နစ်ကို တကယ်လိုချင်လျှင် ကဏ္ဋကောစ မလုပ်ဘဲ ပူးပေါင်းဆောင်ရွက် ကြရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မီဒီယာများကို ရှင်းလင်း ပြောကြားထားသည်။
    ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာ ရှိတယ်။ ဒါကိုကျွန်တော်တို့ ခိုင်ခိုင်မာမာ လုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ ရှိရင် ကဏ္ဋကောစ လုပ်မနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ပဲလိုပါတယ်။ အဲဒါလုပ်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင် ရမယ်ဗျ။ မုချအောင်မြင်ရမယ် ကျွန်တော်ဒါကို ပြောရဲပါတယ်။ ပြည်သူတွေကို ကျွန်တော် ဒါလေးတော့ ကျွန်တော့်ဘက်က သ ဘောထားပေါ့ဗျာ။ ကျွန်တော်ဒါကို ပြောပါရစေ။ အားလုံးအစစအရာရာ အောင်မြင်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။  ပါတီစုံဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြပါလို့လည်း ကျွန်တော် ပြောလိုပါတယ်ဗျာ"ဟု နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ 
    "ပြောသွားတာက ၂၀၂၅ ဒီဇင်ဘာ သို့မဟုတ် ၂၀၂၆ ဇန်နဝါရီမှာ ရွေးကောက်ပွဲကို စတင် ကျင်းပမယ်လို့ နိုင်ငံတကာကို ကတိပေးတာပဲဗျာ။ ရုရှားဆိုရင် တကယ့်ထိပ်တန်း။ ခရီးစဉ်ကို သွားတဲ့အချိန်မှာ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြောတဲ့ ကတိစကားက ခိုင်မာတယ်လို့ ယူဆတယ်။  ရွေးကောက်ပွဲလုပ်ရမယ့် Process တွေအရဆိုရင် အဲဒီခြောက်လအတွင်းမှာ မဖြစ်မနေ နောက်အကျဆုံး ဇန်နဝါရီလထဲမှာ ရွေးကောက်ပွဲ ကျင်းပရမယ်။ ဒါက သူ့ရဲ့ Time line အမှန်။ ဒါကို ပြောသွားတာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲက ဖြစ်မယ်။ နောက်တစ်ခုက နစက ဘက်က ပြောတဲ့ တည်ငြိမ်အေးချမ်းတဲ့ ဒေသတွေကို အရင်ဆုံး ရွေးကောက်ပွဲကို လုပ်သွားမယ်ပြောတယ်။ အခုက မတည်ငြိမ်တဲ့ နေရာတွေ ရှိတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် တစ်နိုင်ငံလုံးကို ခြုံကြည့်လို့ မရဘူး။ တည်ငြိမ်နေတဲ့ ဧရိယာနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဧရိယာကို ခြုံကြည့်ရမယ်။ တည်ငြိမ်မှုမရှိဘဲနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာကို နစကသည် သူ့တာဝန် ဆက်လက်ထမ်းဆောင်ဖို့ရာ ရှိနေတဲ့အ တွက် သာမန် မဟုတ်တဲ့ အခြေအနေနဲ့ သူဆက်လက်တာဝန်ယူ လုပ်ဆောင်မယ်။ အဲဒီအထဲကမှ အေးချမ်းသွားတဲ့ ဒေသတွေ ထပ်ထွက်လာမယ်ရင် အဲဒီဒေသတွေကို ကြားဖြတ်ရွေးကောက်ပွဲလို တည်ငြိမ်တဲ့ ဧရိ ယာတွေမှာ တိုးချဲ့ပြီးတော့ လုပ်သွားမယ်။ ဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ က ပေးထားတဲ့ အချက်တွေ ဖြစ်တယ်။ ရွေးကောက်ပွဲက သံသယဖြစ်စရာမလိုဘူး။ သေချာပေါက် ဖြစ်ကိုဖြစ်လာမယ့် ရွေးကောက်ပွဲ လို့ယူဆတယ်"ဟု ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတစ်ဦးက ပြောသည်။ 
    ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်နှင့် ဘီလာရုစ်သမ္မတ နိုင်ငံသမ္မတ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပျက်ပြောင်းလဲမှု အခြေအနေများ၊ ရွေးကောက်ပွဲပြုလုပ်မည့် အခြေအနေများကို ရှင်းပြခဲ့ရာ နှစ်နိုင်ငံလုံးက အားပေးထောက်ခံခဲ့ကြောင်း သိရသည်။ 
    အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာ သို့မဟုတ် ၂၀၂၆ ဇန်နဝါရီတွင် အစောဆုံး ကျင်းပနိုင်ရန် စီစဉ်ထားကြောင်း သိရှိရပြီး မြန်မာ နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘီလာရုစ်သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များအနေဖြင့် လာရောက် လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 77

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.