ပြည်သူ့အတွက် ခေါင်းစဉ်တပ်ကြသည့် အကြမ်းဖက်လုပ်ရပ်များ ပြည်သူတွေ အဆင်ပြေပြီလားဟု စီးပွားရေးလေ့လာသုံးသပ်သူများ မေးခွန်းထုတ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၅
    ပြည်သူအတွက် ခေါင်းစဉ်တပ်ကြသည့် လက်နက်ကိုင်များ ပြည်သူတို့၏ လူမှုစီးပွားဘ၀ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်လားဟု စီးပွားရေး လေ့လာသုံးသပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက မေးခွန်းထုတ်လိုက်သည်။ 
    နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင် တိုက်ခိုက်မှုများက လက်ရှိအချိန်တွင် ပြည်သူတို့အတွက် အကျိုးရှိ၊ မရှိ စဉ်းစားရန် လိုအပ်ကြောင်း စီးပွားရေးလေ့လာ သုံးသပ်သူ တစ်ဦးက ပြောသည်။ 
    "PDF ပဲဖြစ်ဖြစ်၊ NUG ပဲဖြစ်ဖြစ်၊ AA ပဲဖြစ်ဖြစ် အကုန်လုံးသည် ပြည်သူ့အတွက်ဆိုပြီး ခေါင်းစဉ်တပ်ပြီး လုပ်နေကြတယ်။ အခုအချိန်မှာ အဖြေတစ်ခုကို သိရတော့မယ်။ ငါတို့လုပ်နေတဲ့ကိစ္စရပ်က ပြည်သူအတွက် တကယ်အကျိုးရှိလား။ ဘာအတွက် ဒီလို မစ်ရှင်တွေလုပ်နေတာလဲ။ PDF လည်း လေးနှစ်ရှိပြီ။ NUG ကရော သူကြိုးစားပန်းစား ဖော်ဆောင်လိုက်တဲ့ကိစ္စတွေက ဘာတွေဖြစ်သွားလဲ။ သူအသာစီးရလား။ ရခဲ့ရင်ရော ရခဲ့တဲ့နယ်မြေဒေသက ပြည်သူတွေကို ဘယ်လို အေးချမ်းမှုပေးနိုင်လဲ။ သေချာတွေးကြည့်ရင် ဘယ်သူ့ကို ဗဟိုပြုတဲ့ ကိစ္စရပ်လဲ၊ ဒီကိစ္စက။ ပြည်သူကို ဗဟိုပြုတယ်ဆိုရင် စားဝတ်နေရေး ပြေလည်သွားလား၊ အဲဒီဧရိယာတွေမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းသွားလား။ စီးပွားရေး အဆင်ပြေလာလား။ ပညာရေးကဏ္ဍ ဘယ်လိုတိုးတက်လာလဲ။ ကျန်းမာရေးကဏ္ဍ ဘာတွေတိုးတက်လာလဲ။ အဲဒီလေးနှစ်ဆိုတဲ့ အတိုင်းအတာမှာ ဘာတွေရသွားလဲ။ တိုင်းရင်းသားလက် နက်ကိုင်တွေရော လေးနှစ်ဆိုတဲ့ အတောအတွင်းမှာ အရင်ကတိုက်ခဲ့ခိုက်ခဲ့ တာတွေမေ့လိုက်။ လက်ရှိ လေးနှစ်တာ ကာလမှာ သူတို့လုပ်ကိုင်ဆောင်ရွက်ပေးလို့ ဘာတွေထူးသွားလဲ။ စီးပွားရေးမှာရော နာလန်ထူလာလား။ လားရှိုးမှာ သူတို့ဆီကလူတွေ အနေအစား ချောင်သွားလား။ ဘယ်ကဏ္ဍကို Smart ဖြစ်အောင် လုပ်ပေးသွားနိုင်ခဲ့လဲ"ဟု ၎င်းကပြောသည်။ 
    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် မြို့ရွာများကို အကြမ်းဖက်တိုက် ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းများပြုလုပ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိအောင် ဖန်တီးလျက်ရှိကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၅) တွင် ထည့်သွင်းပြောကြားသည်။ 
    အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါအခြေအနေကို အခွင့်ကောင်းယူ၍ နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေကြကြောင်း၊ တစ်နိုင်ငံလုံးတွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာများနှင့် ပြည်သူပိုင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အဆိုပါ ဖြစ်ရပ်များ၏အကျိုး မည်သူများရရှိ ခံစားရပါသလဲ၊ မည်သူမျှမရပါကြောင်း၊ နိုင်ငံ၏ ဆုံးရှုံမှုများသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီကို လိုလားပါသည်ဟု ဆိုကာ လှုံ့ဆော်အားပေးနေသည့် နိုင်ငံများ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများ စဉ်းစားကြရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားထားသည်။ 
    ထိုသို့ လက်နက်ကိုင်များအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု မရှိအောင် လုပ်ဆောင်နေကြခြင်းကြောင့် ပြည်သူများအနေဖြင့် အကျပ်အတည်းများစွာဖြင့် ရပ်တည်ရှင်သန်နေကြရကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန်ပြော ဆိုသည်။ 
    "သူတို့ရဲ့ရည်မှန်းချက် ပန်းတိုင်ကို သူတို့အကောင်အထည်ဖော်တဲ့ အချိန်မှာ ပြည်သူ့အတွက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ၂၄ နာရီမှာ လေးနာရီပဲတွေးပေး။ အများကြီးမတွေးနဲ့ အခုက အခြေ ခံပြည်သူကိုသွားကြည့် ကန်စွန်းရွက်တစ်စည်း ၁၀၀၊ ၁၅၀ ကနေ အခု ၁၀၀၀၊ ၁၅၀၀ ဖြစ်တဲ့အထိလည်း ကြိတ်ခံနေတယ်။ ငါတို့တော့ဖြင့် မနက်ဖြန် ဘာဖြစ်နိုင်လဲ။ ဘယ်သူ့ရဲ့ ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်ပေးမှုအောက်မှာ နေရမှာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ သူတို့ဘ၀ကို နေကြရတာ။ သနားဖို့ကောင်းတယ်"ဟု ၎င်းကပြောသည်။ 
    နိုင်ငံတော်အနေဖြင့် ပြည်သူလူထုအတွက် ထောက်ပံ့ပေးနိုင်မှုများအနေဖြင့် ယခု ဖြစ်ပွားခဲ့သည့် သဘာဝဘေးအတွင်းတွင် သေဆုံးခဲ့ရသူဦးရေ ၄၄၀ ကျော်အတွက် ကျပ် ၄၄၇ ဒသမ ၁ သန်းထောက်ပံ့ပေးခဲ့ကြောင်း၊ လူနေအိမ် ပျက်စီးမှုများအတွက် ကျပ် ၂၁ ဒသမ ၂ ဘီလီယံကျော်နှင့် အခြားထောက်ပံ့ခြင်းများအဖြစ် ကျပ် ၃၈ ဒသမ ၉ ဘီလီကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ထို့အပြင် တိုက်ပွဲရှောင်ပြည်သူများ အင်အားစာရင်းကိုလည်း ပြုစုလျက်ရှိပြီး ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင် သောင်းကျန်းမှု ဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ် သတ်မှတ်ချက်တွင် အကျုံးဝင်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် တိုက်ပွဲရှောင်ပြည် သူများကို ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ (ကွန်းဈာန်)

Total Views ~ 117

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43032

© 2022 - 2025 News. All Rights Reserved.