ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်၍ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ယူနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အသိပေးကြေညာ ချက်ထုတ်ပြန်ထားသည်။
    ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများမှာ မိမိတို့၏ ဓာတ်ပုံကပ်ထားသော ခုံအမှတ်စဉ်ပါ စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ပြီး ထုတ်ယူရမည်ဖြစ်ကာ အခြေခံပညာအထက် တန်းကျောင်း၊ ကျောင်းခွဲနှင့်တွဲဖက် အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူရမည်ဖြစ်သည်။
    ထို့အပြင် ပြင်ပဖြေဆိုသူများ၏စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံတွင်  ထုတ်ယူရမည်ဖြစ်ပြီး ကျောင်းသား ကျောင်း သူတွေအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း ထုတ်ပြန် ထားသည်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် အကြောင်းအ မျိုးမျိုးကြောင့် စာရင်းသွင်းနောက်ကျသည့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ဖြေဆိုနိုင်ရေး လျှောက်လွှာတင်သွင်းမှုကို စာမေးပွဲမကျင်းပမီ တစ်ရက်အလိုထိ လက်ခံပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာ စစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်က ပြောကြားထား သည်။
    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့်မတ် ၁၇ ရက် မှ ၂၂ ရက်ထိ ဖြေဆိုရမည် ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းပေး သွင်းထားသူ နှစ်သိန်းနှစ်သောင်းကျော်ရှိကာ စာစစ်ဌာန ၈၁၇ ခုဖွင့်လှစ်ဆောင်ရွက်သွားမည်ဟု သိရသည်။ ထူးမြတ်

Total Views ~ 137

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.