မန္တလေးငလျင်ကြီး ဖြစ်စဉ်ကြောင့် MSME လုပ်ငန်းများ ထိခိုက်ပျက်စီးမှု စစ်ကိုင်းမှ အများဆုံးဖြစ်

ရန်ကုန်၊ ဧပြီ ၂၃
    မန္တလေးငလျင်ကြီးဖြစ်စဉ်ကြောင့် MSME လုပ်ငန်းများ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ရာ စစ်ကိုင်းမြို့မှ အများဆုံးဖြစ်နေကြောင်း မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များအသင်းမှ သိရသည်။
    "စစ်ကိုင်းမှာတော့ အများဆုံးထိပါတယ်။ တစ်မြို့လုံးမှာ မြို့ပေါ်၌ လုပ်ကိုင်နေတဲ့သူများတော့ စစ်ကိုင်းကတော့ ရာခိုင်နှုန်းများပါတယ်။ မြို့ပေါ်မှာ ၂၈ ရပ်ကွက်ရှိတယ် အိမ်ခြေ ၅၀၀၀ ကျော်ထိတာဆိုတော့ ရာခိုင်နှုန်း ၈၀ နီးနီး ထိတာဆိုတော့ MSME လုပ်ငန်းတွေ အားလုံးက အဲဒီမှာပါသွားတာ"ဟု မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌဦး အောင်ကြည်စိုးက ပြောသည်။
    ငလျင်ကြောင့် စစ်ကိုင်းမြို့ရှိ  ရိုးရာငွေထည်လုပ်ငန်းများ၊ စိုက်ပျိုးရေးထွက် သီးနှံများကြိတ်ခွဲသည့် လုပ်ငန်းများ၊ မုန့်လုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်ကိုင်းနည်းတူ မန္တလေး၊ နေပြည်တော်တို့ရှိ MSME လုပ်ငန်းများ ထိခိုက်ခဲ့ရကြောင်း ဦးအောင်ကြည်စိုးက ပြောသည်။
    "စစ်ကိုင်းမှာက ငွေထည်လုပ်ငန်းတွေရှိပါတယ်။ စားသောက်ကုန်ကတစ်ဆင့် ပြန်ပြီး ထုတ်လုပ်တဲ့လုပ်ငန်း စိုက်ပျိုးသီးနှံတွေကနေ ပြန်ပြီးတော့ ကုန်ချောထုတ်လုပ် ကြတဲ့သူတွေပေါ့။ ခေါက်ဆွဲစက်တွေ ထိပါတယ်။ ခေါက်ဆွဲစက်ဆိုတာက အဲဒီမှာရှိတဲ့ ဂျုံတွေကို ကြိတ်ခွဲပြီး တစ်ခါတည်း ထုတ်တာပေါ့။ ဂျုံက စစ်ကိုင်းတိုင်းထဲမှာပဲ ထွက်တယ်။ လက်မှုလုပ်ငန်းတွေလည်း ထိပါတယ်။ မန္တလေးကတော့ စားသောက်ကုန် လုပ်ငန်းတွေပဲ ထိတာများတယ်။ မြို့လယ်ကောင်က အဆောက်အအုံတွေကျတော့ MSME မဟုတ်တော့ဘူးလေ။ မန္တလေးက ကျန်တဲ့နေရာတွေက MSME အများစုကတော့ ထိကြပါတယ်။ သို့သော်လည်း စစ်ကိုင်းလောက်မများဘူး။ စစ်ကိုင်းပျက်စီးမှုအများဆုံး ဖြစ်ခဲ့တာပါ"ဟု ၎င်းက ဆက်ပြောသည်။
    နိုင်ငံတော်အစိုးရမှ MSME များအား ဦးစားပေး၍ ပံ့ပိုးအားပေးမြင့်တက်နေချိန် သဘာဝကြောင့် ယခုကဲ့သို့ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ထိခိုက်ခဲ့သည့် MSME လုပ်ငန်းများအား တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် ထိခိုက်ခဲ့မှု ပုံစံ၊ လုပ်ငန်းအမျိုး အစား၊ လုပ်ငန်းအရေအတွက်များ စာရင်းကောက်ယူနေကြောင်း မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအသင်းမှ သိရသည်။ နဒီ

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42742

© 2022 - 2025 News. All Rights Reserved.