မန္တလေးဈေးချိုတွင် ကြံ့ခိုင်မှုရှိသော ပင်မဈေးရုံ ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန်၊ ဧပြီ ၂၃
    ငလျင်ဒဏ်ထိခိုက်ခဲ့သည့် မန္တလေးအဆင့်မြင့် ဈေးချိုတော် တောင်/မြောက် တိုက်တန်းများကို ဖျက်သိမ်းမည်ဖြစ်ပြီး ဈေးရုံကြီး ပင်မအဆောက်အအုံမှာ ကြံ့ခိုင်မှုရှိသဖြင့် ဧပြီ ၂၄ ရက်မှစ၍ ဈေးပြန်လည်ဖွင့် လှစ်မည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့မှ ထုတ်ပြန်ထားပြီး မန္တလေးဈေး ချိုတော် ကိုင်းတန်းဈေးရုံကို အကြီးစားပြင် ဆင်ရမည်ဖြစ်၍ ဆိုင်ခန်းရှင်များအား အရောင်းအဝယ် လုပ်ကိုင်နိုင်ရန် ယာယီဆိုင် ခန်းနေရာများကို ဧပြီ ၂၀ ရက်က မဲစနစ်ဖြင့် နေရာချထားပေးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ သိရသည်။
    ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ရစ်ခ်တာစကေး ၇ ဒသမ၇ အဆင့်ရှိ အင်အားပြင်းထန်သည့်ငလျင်ဘေး ဒဏ်ကြောင့် မန္တလေးဈေးချိုတော် မြောက်ဘက်တိုက်တန်းကြီး လေးထပ်အဆောက်အအုံ ထိခိုက်မှုအချို့ရှိခဲ့ပြီး တောင်ဘက်တိုက်တန်းကြီး လေးထပ်အဆောက် အအုံ တောင်ဘက်ခြမ်း အစိတ်အပိုင်း ပြိုကျပျက်စီးမှု ဖြစ် ပေါ်ခဲ့သည်။
    ဈေးချိုတော် ဧရိယာအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှုနှင့် အန္တရာယ်ကင်းရှင်းရေးတို့အတွက် ဧပြီ  ၃  ရက်တွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်း ရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ ကျွမ်းကျင်စစ်အင်ဂျင် နီယာအဖွဲ့တို့နှင့် ဧပြီ ၇ ရက်တွင်လည်း ကောင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အအုံများကို အနီရောင်အဆင့် သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ပြီး အဆင့်မြင့် ဈေးချိုတော် ပင်မအဆောက်အအုံမှာ Main Structure  ထိခိုက်မှုများ မတွေ့ရှိရဘဲ ကြံ့ခိုင်မှုကောင်းမွန်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ရကြောင်း သိရသည်။
    ဆိုင်ခန်းရှင်များကို သန့်ရှင်းရေးနှင့် ဈေးဆိုင်ခန်းများ တည်ခင်းပြုပြင်ရန် ဧပြီ ၂၁ မှ ဧပြီ ၂၃ ရက်ထိ နံနက် ၈ နာရီခွဲ မှ ညနေ ၄ နာရီထိ ဖွင့်လှစ်ပေးခဲ့ပြီး ရုံအတွင်းပိုင်းကြံ့ခိုင်မှု စစ်ဆေးခြင်းနှင့် ရုံဝင်လမ်း၊ ထွက်လမ်း ရှင်းလင်းခြင်းများကို ဆောင်ရွက်၍ ဧပြီ ၂၄ ရက်တွင် အဆင့်မြင့် ဈေးချိုတော် ဈေးရုံကြီးကို ဈေးဖွင့်ရက်များအတိုင်း ပုံမှန်ဖွင့်လှစ်လည်ပတ်သွားမည်ဖြစ်ကြောင်း ဈေးအကျိုးတော် ဆောင်အဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။ ထူးမြတ်

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42770

© 2022 - 2025 News. All Rights Reserved.