နေပြည်တော်၊ ဖေဖော်ဝါရီ ၅
မန်းရွှေစက်တော်ဘုရားပွဲ စတင်ကျင်းပလျက်ရှိရာတွင် ဘုရားဖူးဧည့်သည်များ နည်းပါးနေသေးသော်လည်း နွေရာသီ ကျောင်းပိတ်ရက်များတွင် ပိုမိုစည်ကားလာမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဘုရားပွဲရာသီ အစဖြစ်၍ ဘုရားဖူးဧည့်သည် အလာနည်းပါးသည်ဟု ထင်ရသော်လည်း နွေရာသီကျောင်းပိတ်ရက်တွင် စည်ကားနိုင်ကြောင်း ဒေသခံ ဦးချစ်ကိုကိုက ပြောသည်။
"ကျောင်းတွေမပိတ်သေးလို့ပါ နွေရာသီကျောင်းပိတ်ရက်ဆိုရင် ခြေချစရာ နေရာမရှိဖြစ်သွား မှာ"ဟု ၎င်းကပြောသည်။
မင်းဘူး မန်းရွှေစက်တော်ဘုရားပွဲ နှင့်ပတ်သက်၍ ယခုနှစ် ဘုရားဖူးခရီးသွား ဧည့်သည်ဝင်ရောက်မှုလျော့နည်းနေပြီး တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများလည်း ထက်ဝက်ခန့် လျော့ကျခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတချို့တွင် ဖော်ပြထားသည်။
"မီဒီယာတွေက မသိတာလား။ ဒီအချိန် ဘယ်တုန်းကမှ လူလာမများဘူး။ ကျောင်းတွေပိတ်ပြီး သင်္ကြန်နားနီးလေ လူများလေပဲ။ မီဒီယာတွေက လူတွေကို အဆိပ်ခပ်နေတာ"ဟု ဒေသခံတစ်ဦးက ပြောသည်။
လူမှုကွန်ရက် စာမျက်ထက်တွင်လည်း မန်းရွှေစက်တော်သို့ ဘုရားဖူးသွားကြမည့် ပြည်သူများကို မသမာသူများအနေဖြင့် မသွားလာကြရန် ခြောက်လှန့်ရေးသား ပြောဆိုလျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။
ခြောက်လှန့်ရေးသားမှုအရ "ရွှေစက်တော်ဘုရားဖူး လုံးဝမလာကြပါရန် သတိပေးပါတယ်။ သတိ အထပ်ထပ်အခါ ပေးနေတဲ့ကြားက လာမယ်ဆိုရင် ကိုယ်ဖြစ်ကိုယ်ခံပါ"ဟု Wai Yan Htet အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အလားတူ Thu Thu Facebook အကောင့်မှ "လာတဲ့သူတွေကိုပဲ ပေါ်တာဆွဲလိုက်ကြပါ၊ စိတ်မ ကောင်းမဖြစ်ဘူး၊ လူလို မသိတာတွေ စစ်ထဲပါသွားရင်"ဟု ရေးသားထားသည်။
မကွေးတိုင်း မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ (၇၅) ရက်ကြာကျင်းပမည့် (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းမှစတင်၍ အခမ်းအနား ဖြင့်ဖွင့်လှစ်ခဲ့သည်။
မန်းရွှေစက်တော် ဘုရား၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ၇၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကာ အနယ်နယ်ရပ်ရပ်မှ ဘုရားဖူးများ ညအိပ်တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်အခန်း ၃၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၃၅၀ ခန့် ဆောက်လုပ်ပေးထားကြောင်း သိရသည်။ (ကွန်းဈာန်)