မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အိန္ဒိယ ငြိမ်းချမ်းရေးသံတမန်ကြီးတို့ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
    မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်း ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို  နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး သံတမန်ကြီး Gurudev Sri Sri Ravi Shan kar တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Guru-dev Sri Sri Ravi Shankar အား ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။
    ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကမ္ဘာတွင် ငြိမ်းချမ်းရေးရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်ကြီး အနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာ ရောက်ခဲ့မှုအတွက် ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး သံတမန်ကြီးကလည်း မြန်မာနိုင်ငံသို့ လာရောက် ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ သည်။
    ထို့နောက် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှ စတင်၍ ယနေ့အချိန်အထိ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ရေးရရှိပြီးချိန်မှ စတင်၍ ပြည်ပမှ သွေးခွဲမှုများကြောင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်ခဲ့မှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ၂၀၁၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆူပူမှုများမှတစ်ဆင့် အကြမ်း ဖက်လုပ်ရပ်များ ပေါ်ပေါက်လာမှု အခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
    ထို့အပြင် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး သံတမန်ကြီးအနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများ၌ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြားဝင်စေ့စပ် ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့် မြန်မာ နိုင်ငံအတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးသန်းဆွေနှင့် ဦးတင်ဦးလွင်တို့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ နဒီ

Total Views ~ 100

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.