မြန်မာနိုင်ငံ၌ ရုရှားဘာသာစကားကို ယခုထက် ပိုမိုသင်ကြားပေးရန် အစီအစဉ်ရှိပြီး ရုရှားတက္ကသိုလ်အသီးသီးကနေ ပညာသင်ယူတတ်မြောက်ခဲ့သည့် မြန်မာနိုင်ငံသား တစ်သောင်းခန့်ရှိဟု သမ္မတပူတင် ပြော

ရန်ကုန်၊ မတ် ၅
    မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် စစ်တက္ကသိုလ်တို့တွင် ရုရှား ဘာသာစကားကို ယခုထက် ပိုမိုသင်ကြားပေးရန် အစီအစဉ်ရှိကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ ဗလာဒီမာ ပူတင်တို့ မတ်လ ၄ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးမှုအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ အပြန်အလှန် ပူးတွဲကြေညာချက်များနှင့် ပြောကြားချက်များ ပြုလုပ်ရာတွင် ရုရှားသမ္မတ ပူတင်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
    "မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ရုရှားဘာသာစကားကို သင်ယူဖို့အတွက် မြန်မာနိုင်ငံမှ ခေါင်းဆောင်များက အကူအညီပေးတဲ့အတွက် များစွာ ကျေးဇူးတင်ပါတယ်။ ရုရှားဘာသာစကားကို မြန်မာနိုင်ငံမှာ နာမည်ကြီး တက္ကသိုလ်နှစ်ခုဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်နဲ့ စစ်တက္ကသိုလ်မှာလည်း ရုရှားဘာသာ စကားကို သင်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရုရှားဘာသာ စကားကို ယခုထက် ပိုမိုသင်ကြားပေးဖို့ အစီအစဉ်ရှိပါတယ်။ အခု ရုရှားတက္ကသိုလ်မှာ မြန်မာနိုင်ငံမှ သင်တန်းသား၊ သင်တန်းသူ ဦးရေ ၃၀၀ ခန့် တက်ရောက် ပညာသင်ကြားလျက် ရှိပါတယ်။ ရုရှားနိုင်ငံ တက္ကသိုလ် အသီးသီးကနေ ပညာရပ်များ သင်ယူတတ်မြောက်ခဲ့တဲ့ မြန်မာနိုင်ငံမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်းဆိုပါက ဦးရေတစ်သောင်းခန့်ရှိခဲ့ပြီဖြစ်ပါတယ်"ဟူ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
    ထို့အပြင် မြန်မာနှင့်ရုရှား နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနယ်ပယ်နှင့် လူသားချင်းစာနာမှု နယ်ပယ်တို့တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရုရှားယဉ်ကျေးမှု ဗဟိုဌာနကို ဖွင့်လှစ်ရန်နှင့် ရန်ကုန်မြို့တွင် ပထမဆုံး အော်သိုဒေါ့ ခရစ်ယာန် ရုရှားဘုရား ရှိခိုးကျောင်း တည်ဆောက်ရန်  အစီအစဉ်များရှိကြောင်း ရုရှားသမ္မတပူတင်က ပြောကြားခဲ့သည်။ "ရုရှားနိုင်ငံမှ လည်း မြန်မာနိုင်ငံယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာဗဟိုဌာန နှစ်ခုရှိပါတယ်"ဟူ၍ ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။
    လာမည့် မေလ ၉ ရက်တွင် (၈၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို မော်စကိုမြို့တွင် ကျင်းပမည်ဖြစ်၍ ယင်းအခမ်းအနားသို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် ပါဝင်တက်ရောက်နိုင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတမစ္စတာ ဗလာဒီမာ ပူတင်က ဖိတ်ခေါ်ခဲ့သည်။ "မြန်မာနိုင်ငံက ကိုယ်စားပြုတပ်ဖွဲ့ကိုလည်း ရင်ပြင်နီချီတက်ပွဲမှာ ပါဝင်ချီ တက်စေလိုပါတယ်"ဟု သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ နဒီ

Total Views ~ 93

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.