ရန်ကုန်၊ ဒီဇင်ဘာ ၁၈
တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခမ်းအနား အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အဆင့်မီအဝတ်အထည်နှင့် အထည်အလိပ်များကို ထုတ်လုပ်ပေးနိုင်မည့်၊ မြန်မာ့အဝတ်အထည်လောကကို တစ်ခေတ်ဆန်းစေမည့် ဆောင်ရွက်ချက်များကို ယခုစက်ရုံကအစပြုပြီး တစ်နိုင်ငံလုံး၊ ပြည်သူလူထု တစ်ရပ်လုံး၊ အထည်အလိပ်အထောက်အကူပြု MSME လုပ်ငန်းစဉ်များ တစ်ခုလုံးက ဦးတည်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယခုကဲ့သို့ ၂/၈၀ ချည်ချောစက်ရုံခွဲကို ဖွင့်လှစ်နိုင်သည့်အတွက် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)အနေ ဖြင့် ပြည်တွင်း၌ လိုအပ်နေဆဲဖြစ်သည့် အရည်အသွေးကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီ ချည်ချောများကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ယခုကဲ့သို့ စက်ရုံ အဆင့်မြှင့်တင်ခြင်းများ၊ စက်အသစ်ပြောင်းလဲ တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အဆင့်မြင့် ၂/၈၀ ချည်များ မထုတ်လုပ်နိုင်သေးသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ၂/၈၀ ချည်များကို ပြည်တွင်းကထွက်သည့် ဝါများနှင့်ထုတ်လုပ်နိုင်ရေး စက်ပစ္စည်းများကို ဖြည့်ဆည်းပေးခဲ့သည်မှာ ယခုဆို စတင်လည်ပတ်နိုင်ပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြော ကြားခဲ့သည်။
ထို့အပြင် ယခု ၂/၈၀ ချည်ချော စက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ချည်ထည်ခေတ် တစ်ခေတ်ပြောင်းလဲမှု၏ အစဖြစ်ပြီး မိမိတို့အနေဖြင့် အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်း မျိုးသန့်များကို စိုက်နည်းစနစ် မှန်ကန်စွာ ဆောင်ရွက်ပြီး ဝါအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံများ၊ ချည် မျှင်နှင့် အထည်စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ဝါကို အခြေခံသည့် စက်မှုလုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
မိမိတို့နိုင်ငံတွင် သဘာဝကပေးထားသည့် စိုက်ပျိုးရေးဆိုင်ရာ အခြေခံကောင်းများကို အသုံးချပြီး နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ဝါစိုက်ပျိုးတောင်သူများအနေဖြင့် နိုင်ငံတော်၏ ဝါစိုက်ပျိုးမှု၊ ဝါထွက်ရှိမှုများ တိုးတက်အောင် ကြိုးစားကြရန် နစကဥက္ကဋ္ဌက တိုက်တွန်းခဲ့ပြီး တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)က တပ်မတော်တစ်ရပ်လုံးအတွက် လိုအပ်သည့် စစ်ဝတ်ထည်ပစ္စည်းများကို ဝါဂွမ်းကုန်ကြမ်းမှ စစ်ဝတ်ကုန်ချောအထိ ထုတ်လုပ်ပေးနေသကဲ့သို့ ယခု ဖွင့်လှစ်လိုက်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏ အဝတ်အထည်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)ကို ဝတ်ရေးဆိုင်ရာ အထည်အလိပ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်ပမှ မှာယူတင်သွင်းမှု လျော့နည်းစေရန်အတွက် တရုတ်-မြန်မာအစိုးရတို့အကြား သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီး ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ကို ၁၉၆၆-၁၉၆၇ တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စက်ရုံကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ယခု တည်ဆောက်တပ်ဆင်ပြီးစီးသည့် စက်ရုံသည် စက်စွမ်းအားပြည့် လည်ပတ်မည်ဆိုပါက တစ်ရက်ချည်ပေါင်ချိန် ၄၈၄၀၊ တန်အားဖြင့် နှစ်တန်ခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများကို ပြည်သူလူထုအတွက် လိုအပ်သည့် လုံချည်နှင့် ပိတ်များအဖြစ် ရက်လုပ်မည်ဖြစ်ပြီး ပိုလျှံသည့်ချည်များကို ပြင်ပဈေးကွက်ကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်း ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ နဒီ