မြန်မာ့စီးပွားရေးလုပ်ငန်းများကို ရုရှားဈေးကွက်က ကြိုဆိုကြောင်း ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
    မြန်မာ့စီးပွားရေးလုပ်ငန်းများကို  ရုရှားဈေးကွက်က ကြိုဆိုလျက်ရှိကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီး မစ္စတာမက်ဆင်းရယ်ရှဲသငြိကော့ဗ်က ပြောကြားလိုက်သည်။
    နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်သည့် ပဉ္စမအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးကို ကော်မရှင်၏ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် မစ္စတာမက်ဆင်း ရယ်ရှဲသငြိကော့ဗ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
    စတုတ္ထအကြိမ် ကော်မရှင်အစည်း အဝေးကျင်းပပြီး နောက်ပိုင်း ရုရှား-မြန်မာ နှစ်နိုင်ငံအကြား သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ရာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသာမက အခြေခံအဆောက် အအုံစီမံကိန်းများ၊ ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
    ထို့အပြင် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကိုလည်း ဆက်လက်ကျင်းပကာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း ဆက်သွယ်မှုကွန်ရက်များကို တိုးချဲ့နိုင်မည်ဖြစ်ကြောင်း မစ္စတာမက်ဆင်း ရယ်ရှဲသငြိကော့ဗ်က ပြောကြားခဲ့သည်။
    မြန်မာဘက်မှ ပူးတွဲကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံ ဇော်ကလည်း မြန်မာနိုင်ငံအနေဖြင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ Eurasian Econo-mic Union (EAEU) နှင့်ပူးပေါင်းကာ ဥရောပဈေးကွက်သို့ ဝင်ရောက်နိုင်ပြီး ရုရှားနိုင်ငံအနေဖြင့်လည်း အာရှဈေးကွက်သို့ ပိုမို ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများရှိကြောင်း ယင်းအစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့ပြီး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးနှင့် ခေတ်မီ စက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ရုရှားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ် ခဲ့သည်။
    ထို့အပြင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမို တိုးတက်လာစေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲလျက်ရှိပြီး ကော်မရှင် အစည်းအဝေး၏ ဆွေးနွေးမှုရလဒ်များနှင့် သဘောတူညီချက်များမှတစ်ဆင့် နှစ်နိုင်ငံအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု  ပိုမိုခိုင်မာ အားကောင်းလာစေမည့်အပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်ကာ နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ထည့်သွင်း ပြောကြားခဲ့သည်။ နဒီ

Total Views ~ 78

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.