ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကျင်းပမည်

ရန်ကုန်၊ မတ် ၂၆
    ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ သတင်းများအရ သိရသည်။
    "ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ ဒီနှစ်သင်္ကြန်ပွဲတော် ကျင်းပသွားမှာပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ သင်္ကြန်ပွဲတော် ဓလေ့ဖြစ်တဲ့  နံ့သာသွေးပွဲနဲ့ သက်ကြီးပူဇော် ပွဲတွေလည်း ပါဝင်ပါ့မယ်။ ပြည်နယ်အစိုးရ အဖွဲ့က မတ်လ ၁၈ ရက်ကစပြီး လုပ်ငန်းညှိနှိုင်းမှုများ စတင်ဆောင်ရွက်နေပါပြီ"ဟု ရခိုင်ပြည် နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
    မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်နှင့်အတူ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ရခိုင်ပြည် နယ်မှာသာမက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောက်ရှိနေထိုင်ကြသော ရခိုင်တိုင်း ရင်းသားလူမျိုးများ စုပေါင်းကျင်းပကြပြီး ယခုနှစ်တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ပြန်လည်ကျင်းပရန် ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ကို ရခိုင်လူမျိုးများက တိုက်တွန်းထားကြောင်း သိရသည်။
    "ကိုဗစ်ရောဂါတွေဖြစ်တဲ့ နှစ်ကနေစပြီး ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်က မကျင်းပဖြစ်ဘူး။ ဒီနှစ်တော့ စာပေနဲ့ယဉ်ကျေးမှုအသင်းက ဦးဆောင် ကျင်းပပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာရှိတဲ့ ရခိုင်လူငယ်တွေက ဆန္ဒရှိနေတယ်။ နောက်ပြီး ယာယီတိုက်ပွဲရှောင်လာတဲ့သူတွေ များလာ တာကြောင့်အားလုံးအတွက် ရခိုင်သင်္ကြန်ပွဲတော် ကျင်းပပေးစေချင်ပါတယ်။ နံ့သာသွေးပွဲက စပြီး ထည့်သွင်းကျင်းပပေးဖို့ လူငယ်တွေက တင်ပြ ထားပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သော ရခိုင်လူငယ်တစ်ဦးက ပြောသည်။
    မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုး နွယ်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် အဆိုပြုစာတွဲကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီသို့ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်တွင် ပေးပို့တင်သွင်းခဲ့သည်။ မြန်မာနိုင်ငံမှ တင်သွင်းထားသည့် "မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်" အဆိုပြုစာတွဲကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်စာရင်းတွင် ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ ပါရာဂွေး နိုင်ငံအာဆွန်စီယွန်မြို့၌ ၂၀၂၄ ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပသည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံတွင် တရား ဝင် ဆုံးဖြတ်ခဲ့ရာ ဒီဇင်ဘာ ၅ ရက်တွင် မြန်မာ့သင်္ကြန်မှာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပထမဆုံးတရားဝင် ပါဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထူးမြတ်

Total Views ~ 85

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.