နေပြည်တော်၊ မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်မိသားစုမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များ ဆောက်လုပ်ခွင့် လျှောက်ထားမှုများကို စနစ်တကျ ခွင့်ပြုနေရာချထားပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးကြေညာထားသည်။
၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိုးရာယဉ်ကျေးမှုများနှင့်အညီ ကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်း၍ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေကစားမဏ္ဍပ်လျှောက်ထားလို သူများသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မိသားစု မဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကို ရေရရှိနိုင်ရေး အခြေအနေပေါ် မူတည်၍လည်းကောင်း၊ ယာဉ်ကြောကျပ်တည်းမှု အခြေအနေပေါ် မူတည်၍ လည်းကောင်း၊ မဏ္ဍပ်အကြီးနှင့် အလတ်များကို စနစ်တကျ ခွင့်ပြုနေရာ ချထားပေးမည်ဟုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိ ပေးကြေညာထားခြင်း ဖြစ်သည်။
ရေကစားမဏ္ဍပ် အမျိုးအစားအလိုက်ခွဲခြား၍ သတ်မှတ်လျှောက်လွှာပုံစံများဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့၏ စိစစ်ထောက်ခံချက်များနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)သို့ လျှောက်ထား၍ မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှုစစ် ဆေးရေးကော်မတီ၏ စိစစ်ချက်ဖြင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၏ အတည်ပြု ခွင့်ပြုချက် ရရှိမှသာ စတင်ဆောက်လုပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့်အတွက် သတ်မှတ်စည်းကမ်းချက်များနှင့် လျှောက်လွှာများကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)တွင် ရယူနိုင်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေးအတွက် မတ်လ ၂၅ ရက်မှ စတင်ကာ ဧပြီ ၇ ရက် အထိ လျှောက်ထားဆောင်ရွက်ရန် အသိပေးထားသည်။ ထို့အပြင် သတ်မှတ် ရက်ထက် နောက်ကျလျှောက်ထားသော လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေး ကြေညာထားသည်။ နဒီ