ရန်ကုန်မြို့ တောင်ဒဂုံရှိ သုခဒဂုံ ဈေးသစ် တည်ဆောက်ရေးစီမံကိန်း ရာနှုန်းပြည့်နီးပါး ပြီးစီးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
    ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)အမှတ်(၂)လမ်းနှင့် ရန်ကုန်မြို့ပတ်လမ်းအနီးတွင် တည်ဆောက်နေသော သုခဒဂုံ ဈေးသစ်စီမံကိန်းမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သုခဒဂုံ ပြည်သူ့အငှားအိမ်ရာကော်မတီမှ သိရသည်။
    အဆိုပါ ဈေးသစ်ကြီးစီမံကိန်းကို သုခဒဂုံပြည်သူ့အငှားအိမ်ရာနေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ စားဝတ်နေရေး၊ ဈေးရောင်းချဝယ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက်  ၂၀၂၄ ခုနှစ် မေလက စတင်ကာ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
    ယခုအခါ စီမံကိန်းလုပ်ငန်းတစ်ခု လုံးပြီးစီးနေပြီဖြစ်၍ မကြာမီဖွင့်လှစ်နိုင်ရန် အချောသပ် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    "မတ်လ ၃၁ ရက်လောက်မှာတော့ ကန်ထရိုက်က ဈေးကို အပ်မယ်လို့ သိရတယ်။ အဲဒီလိုအပ်ပြီး သင်္ကြန်အပြီးလောက်မှာ ဈေးဖွင့်မယ်လို့ သိရတယ်။ ဖွင့်မယ့်ကာလကို သက်ဆိုင်ရာကတော့ တရားဝင်ပြောထားတာတော့ မရှိသေးပါဘူး။ ဈေးဆောက်နေတာကတော့ ရာနှုန်းပြည့်နီးပါး ပြီးသလောက်ရှိနေပါပြီ"ဟု သုခဒဂုံ ပြည်သူ့ အငှားအိမ်ရာ ကော်မတီဝင်တစ်ဦးက ပြောသည်။
    သုခဒဂုံဈေးရုံများ စီမံကိန်းတွင် အကျယ်သည် ၃ ဒသမ ၅၆ ဧကမြေပေါ်တွင် အရှည် ၁၀၉ ပေနှင့် အကျယ် ၄၈ ပေရှိ ဈေးရုံ ခုနစ်ရုံတွင် ခြောက်ပေပတ်လည် အကျယ်ရှိ ဈေးဆိုင်ခန်း စုစုပေါင်း ၃၉၂ ဆိုင် ပါဝင်ကြောင်း သိရသည်။
    "အငှားချထားမယ့် ဆိုင်ခန်း လျှောက်လွှာတွေကိုလည်း မြို့တော်စည်ပင်က ရောင်းချပေးမယ်လို့ သိရတယ်။ ဒီလျှောက်လွှာတွေကို မတ်လလောက်မှာ ရောင်းပေးမယ်လို့လည်း ကြားပါတယ်"ဟု အိမ်ရာကော်မတီဝင်တစ်ဦးက ပြောသည်။
    ထို့ပြင် ဈေးရုံခုနစ်ရုံ၏ မျက်နှာစာအနီးတွင် ခေါင်းရွက်ဗျပ်ထိုးနှင့် ကုန်စိမ်းသီးနှံအမျိုးမျိုး၊ ခြံထွက်ပန်း အမျိုးမျိုးနှင့် ကုန်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ဖောက်ကား ပြုလုပ်နိုင်သော အရှည်ပေ ၂၀၀ နှင့် အကျယ် ၉၄ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်ခင်း လဟာပြင်ဈေးကိုလည်း တည်ဆောက် ပေးထားကြောင်း သိရပြီး အဆိုပါ စီမံကိန်းအတွင်း လျှပ်စစ်မီးကို 11 KV ဓာတ်အားလိုင်းမှ ရယူအသုံးပြု လျက်ရှိကြောင်း သိရသည်။ နဒီ

Total Views ~ 100

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.