ရုပ်ရှင်မြို့တော်စီမံကိန်းအား စိတ်ဝင်စားသည့် ရုပ်ရှင်လောကသားများအားဖိတ်ခေါ်၍ လုပ်ဆောင်သွားမည်

ရန်ကုန်၊ မေ ၂၈
    လှည်ကူးမြို့နယ်အတွင်းရှိ ဧက ၂၀၀ ကျော် ကျယ်ဝန်းသည့် ရုပ်ရှင်မြို့တော် စီမံကိန်းအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဆောင်ရွက်မည်ဖြစ်သည့်အတွက် စိတ်ဝင်စားသည့် ရုပ်ရှင်လောက သားများအား ဖိတ်ခေါ်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်က ပြောကြားခဲ့သည်။
    "ကျွန်တော်တို့ ၂၀၁၄ ခုနှစ်ကနေ ကြိုးစားလာတဲ့ လှည်းကူးက မြေဧက ၂၀၀ ကို ကျွန်တော်တို့ ပြန်ရရှိဖို့ လျှောက်ထားတယ်။ အဲဒီတုန်းက ဥက္ကဋ္ဌကိုလူမင်းဖြစ်တယ်။ ကိုလူမင်းကလည်း ဦးဆောင်ပြီးတော့ ရုပ်ရှင်မြို့တော်လိုအရာမျိုး အရင်ရှေ့ခေတ်တုန်းကလိုမျိုး လုပ်လို့ရအောင် နေရာလေး တစ်ခုပေးပါလို့ ပြောတယ်။ အတိုချုပ်ကတော့ သိပ်မကြာပါဘူး။ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးကြည်အောင် သူ့လက်ထက်မှာပဲ လှည်းကူးအပိုင်း၊ အမြန်လမ်းကနေသွားရင် မိုင် ၂၀နဲ့ ၄ ဖာလုံတိတိမှာ ခြံဧက ၂၀၀ ခွင့်ပြုခဲ့တယ်။ အဲ့ဒါနဲ့ အမျိုးမျိုးအပြောင်းအလဲတွေကြောင့် ၁၀ နှစ် ကြာသွားတယ်။ ၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးမယ်ဆိုပြီးတော့ နေပြည်တော်သွားကြတော့ ဖေဖော်ဝါရီ ၂ ရက်မှာ ဧက ၂၀၀ နဲ့ ပတ်သက်ပြီး အနှစ် ၃၀  လုပ်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီမြေဧက ၂၀၀ အနုပညာမြို့တော် ဆိုပြီးတော့ ရုပ်ရှင်လောကသား အားလုံးတည်းခိုဖို့၊ ရုပ်ရှင်ရိုက်ဖို့ကိစ္စတွေနဲ့ ချက်ပြုတ်စား သောက်တာကအစလုပ်နိုင်အောင် စီစဉ်ဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လှည်းကူးကို ဒီကသွား၊ ပြန်ဖို့ကမလွယ်ဘူး။ မင်းသား၊ မင်းသမီးတွေလည်း နေဖို့စီစဉ်နေတာ ကြာပါပြီ။ အားလုံးက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအောက်ကနေ ရုပ်ရှင်မြို့တော် စီမံကိန်းကို ဦးတည်ပြီးတော့ စလုပ်တာဖြစ်ပါတယ်။ ဒါကို အောက်ခြေကစပြီးတော့ ရုပ်ရှင်အစည်းအရုံးကနေပြီးတော့ ကိုယ်ထူ ကိုယ်ထ စလုပ်သွားမယ်။ ဒါ့အပြင် ရုပ်ရှင်လောကထဲကပဲ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ စိတ်ပါတဲ့ ထုတ်လုပ်သူတွေနဲ့  စိတ်ပါတဲ့ ရုံပိုင်ရှင်တွေကို လည်း ဖိတ်ခေါ်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
    ထို့အပြင် ယခင်က ရုပ်ရှင်ခြံ ပေါင်း ၃၀ နီးပါးရှိကာ နာမည်ကြီးအနုပညာ ခြံများအနေဖြင့် အေဝမ်းခြံ၊ သုခုမခြံ၊ ရွှေမန်းခြံ၊ မန္တလေးခြံများ စသည်တို့ရှိကာ ရုပ်ရှင်ရိုက်ကူးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ရုပ်ရှင် မြို့တော်ခြံတွင်လည်း အဆောက်အအုံပေါင်း ၃၀ ကျော်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
    "ကျွန်တော်တို့အနေနဲ့က ငယ်ငယ်က ရုပ်ရှင်ခြံအနေနဲ့ နေလာတာပေါ့နော်။ ပြောမယ်ဆိုရင် အေဝမ်းခြံ၊ သုခုမခြံ စတာတွေရှိတာပေါ့နော်။ ခြံတွေ အကြီးအသေး သာကွာတာ ရန်ကုန်မှာ ရုပ်ရှင်ခြံပေါင်း ၃၀ ကျော်ရှိခဲ့တယ်။ အဲဒီတုန်းက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရိုက်ခဲ့ကြတယ်။ ဒါအပြင် 'ဘ၀ သံသရာ'ဆိုပြီး ရိုက်ခဲ့လို့ နာမည်ကြီးလာတဲ့ မန္တလေးခြံဆိုတာရှိတယ်။ သူကတော့ ၅၆ ခုနှစ်ပေါ့။ ၆၁ခုကြတော့ 'အတွေ့'နဲ့ နာမည် ကြီးလာတဲ့ ရွှေမန်းခြံဆိုတာရှိတယ်။ အဲ့တော့ ခြံ ၃၀ ကျော်ရှိခဲ့တယ်။ အဲဒီတော့ ရုပ်ရှင်ကို ရုပ်ရှင်ခြံနဲ့ လွတ်လွတ်လပ်လပ်ရိုက် ချင်တဲ့ဆန္ဒကြောင့် အခုလို့ လုပ်ဆောင်ရ တာဖြစ်ပါတယ်။ ဘာလို့ဆို ရုပ်ရှင်ခြံနဲ့ ရိုက်ရင် ပတ်ဝန်းကျင်စိတ်ငြိမ်ခြင်းရတယ်။  ကားအသံ၊ လူအသံလည်း ပါစရာမလိုဘူး။ မင်းသား၊ မင်းသမီးကို ဒါရိုက်တာလုပ်တဲ့သူက လိုချင်သလို သင်ကြားလို့ရ တယ်။ ခိုင်းလို့ရတယ်။ အပြင်လူအိမ်မှာ ရိုက်ပြီးတော့ ပြောတာချင်း၊ သင်ကြားတာချင်းတော့ မတူဘူးပေါ့။ နောက် ရုပ်ရှင်ရိုက်ကူးမယ်ဆိုရင် သူများ အိမ်တွေငှားရင် သုံးသိန်း၊ လေးသိန်းပေး ရိုက်မယ့်အစား ကိုယ့်ခြံမှာ ရိုက်ရင်မကောင်း ဘူးလားဆိုပြီးတော့ စက်အဖွဲ့ရောမင်းသား၊ မင်းသမီးတွေအတွက်ရော ကောင်းအောင် လုပ်ခဲ့တာဖြစ်တဲ့အတွက် ဧက ၂၀၀ ထဲမှာ အဆောက်အအုံတွေ ၂၀ ကျော် ၃၀ နီးပါး ဆောက်ဖို့ မျှော်မှန်းထားတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
    လက်ရှိ ရုပ်ရှင်မြို့တော်ခြံသည် ၁၀ နှစ်ကြာသွားသည့်အတွက် ချုံများထူ ထပ်နေကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် မီးနှင့်လမ်းကို အဓိက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိတ်ပါဝင်စားသည့် ရုပ်ရှင်လောကသားများအနေဖြင့် ပါဝင်လုပ် ကိုင်စေချင်ကြောင်း သိရသည်။

Total Views ~ 564

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.