ရွေးကောက်ပွဲပြီးလျှင် တိုင်းပြည် တည်ငြိမ်အေးချမ်း၍ စီးပွားရေး ကောင်းလာနိုင်ကြောင်း နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူများပြော

နေပြည်တော်၊ ဒီဇင်ဘာ ၁၈
    ရွေးကောက်ပွဲပြီးလျှင် တိုင်းပြည်တည်ငြိမ်အေးချမ်း၍ စီးပွားရေးပြန်လည် ဦးမော့လာနိုင်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။ 
    "ကျွန်တော်တို့ကတော့ အပြောင်းအလဲတစ်ခုဖြစ်မယ်လို့တော့ မျှော်လင့်ထားတယ်။ ၂၀၂၅ မှာ ရွေးကောက်ပွဲက သေချာပေါက်ဖြစ်မှာဗျ။ သူတို့ဘက်ကလည်း ပြောထားပြီးပြီ။ ရွေးကောက်ပွဲက သေချာတယ်။ သို့သော် အချိန်ကာလတော့ တိတိကျကျ မပြောနိုင်သေးဘူး။ ရွေးကောက်ပွဲ ပြီးမှပဲ တိုင်းပြည်က အတိုင်းအတာတစ်ခု ငြိမ်သွားလိမ့်မယ်။ အခု တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အပေါ်မှာလည်း ရလဒ်ဘယ်လောက်ရမလဲ။ ရလာတဲ့ ရလဒ်အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အတိုင်းအတာတစ်ခု အဆင်ပြေမယ်။ ဖြတ်သန်းသွားလာခွင့်တွေ ရမယ်။ နယ်စပ်ကုန်သွယ်ရေးတွေ ကောင်းလာမယ်ဆိုရင်လည်း နယ်စပ်ကုန်သွယ်ရေးကိစ္စတွေကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်နိုင်မယ်။ ရွေးကောက်ပွဲတစ်ခု ပြီးသွားပြီ၊ အတိုင်းအတာတစ်ခု တည်ငြိမ်သွားပြီဆိုရင်လည်း စီးပွားရေးလုပ်ကိုင်ခွင့်တွေက အခြေအနေတစ်ခုတော့ ရောက်သွားမှာပါ။ တစ်နည်းအားဖြင့် နိုင်ငံတော်ရဲ့စီမံမှု တစ်ခုတော့ ရလာမယ်။ ဘယ်လောက်အထိ တည်ငြိမ်မလဲတော့ မသိဘူး။ အဲဒီတည်ငြိမ်မှုအပေါ် မူတည်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေ၊ အခွင့်အလမ်းတွေ ပွင့်လာမယ်။ အနေအထား တစ်ခုကိုရမယ်"ဟု ၎င်းကပြောသည်။ 
    အလားတူ ရွေးကောက်ပွဲပြီးပါက လွှတ်တော်အရပ်ရပ်ပေါ်ပေါက်လာမည်ဖြစ်ရာ လွှတ်တော်အားနှင့် ကောင်းမွန်သည့် အရွေ့တစ်ခုကို ရောက်ရှိမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကပြောသည်။ 
    "ရွေးကောက်ပွဲ ပြီးသွားရင် လွှတ်တော်တွေဆိုတာ ပေါ်လာမယ်။ လွှတ်တော်တွေ ပေါ်လာတဲ့အတွက်ကြောင့် လွှတ်တော်တွေကနေ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး အစရှိသဖြင့် လုပ်ရမယ့်ကိစ္စတွေကို ဥပဒေတွေ ပြဋ္ဌာန်းပြီးတော့ လွှတ်တော်ရဲ့အားနဲ့ လုပ်မယ်ဆိုရင်လည်း ဒီအရွေ့တွေကို ရွေ့နေမှာပဲ။ ဒါကြောင့် ခြုံပြောရမယ် ဆိုရင်တော့ ရွေးကောက်ပွဲသည် ၂၀၂၅ ဖြစ်မယ်ဆိုတာ နစကကလည်း ပြောတယ်။ ကျွန်တော်တို့လည်း ယုံကြည်ထားတယ်။ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါကျရင်တော့ ဘာပဲဖြစ်ဖြစ် တိုင်းပြည်က အနေအထားတစ်ခုတော့ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းလို့ရမယ့် အခြေအနေတစ်ခုရမှာပါ။ နိုင်ငံရေးပါတီအနေနဲ့က ရွေးကောက်ပွဲကို မျှော်လင့်တယ်။ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာ လုပ်နိုင်ကိုင်နိုင်တဲ့ အပြောင်းအလဲတွေရှိလာလို့ရှိရင် ပြည်သူလူထုအတွက် ပထမဆုံးကတော့ စီးပွားရေး၊ စားဝတ်နေရေးတွေက အခုလို အ ကျပ်အတည်း ဒုက္ခတွေကြားထဲကနေ နည်းနည်းလေးတော့ ခေါင်းထောင်လာမယ်"ဟု ၎င်းကပြော သည်။ 
    စီးပွားရေးလေ့လာသုံးသပ်သူ၊ စီးပွားရေးလုပ်ငန်းရှင် ဦးရန်လင်းကျော်က  "နိုင်ငံရေးကောင်းရင်တော့ ကျန်တဲ့ကိစ္စ အကုန်ကောင်းတာပေါ့ဗျာ။ ဒီဟာတွေ အကုန်လုံးက လုံခြုံရေးအပေါ် မူတည်နေတာ။ လုံခြုံရေးကောင်းရင်တော့ သူ့ဟာနဲ့သူ အဆင်ပြေလာမယ်။ တရားဥပဒေစိုးမိုးမှုရှိနေရင် လုပ်ရကိုင်ရတာ ကောင်းနေမယ်။ ဟိုဘက်က ရှမ်းမြောက်ဘက်က စိတ်မလုံအောင် ဖြစ်နေတာ။ စိတ်ကလုံဖို့ အရေးကြီးတယ်။ ငြိမ်းချမ်းနေဖို့လိုတယ်။ ကျွန်တော်တို့ဖြစ်စေချင်တာက တရားဥပဒေစိုးမိုးမှု နယ်မြေများများ ပေါ်ပေါက်လာလေလေ တိုင်းပြည်က ကောင်းလာလေပါ။ နယ်မြေဒေသ အေးချမ်းမှုမရှိရင် အဲဒီဒေသရဲ့ စီးပွားရေးလည်း ဘာမှကောင်းလာနိုင်မှာ မဟုတ်ဘူး။ စီးပွားရေးအရ ရှမ်းမြောက်ဘက်တစ်ခုတည်းတော့ ဗဟိုပြုတာမဟုတ်ဘူး။ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်တယ်။ မြောက်ပိုင်းအဖွဲ့ အေးအေးဆေးဆေး ဖြစ်နေတယ်ဆိုတာကိုသိလို့ ဒီဘက်အခြမ်းက လှုပ်နေတာ။ တစ်ဖက်အေးပြီး တစ်ဖက်ပူနေရင်လည်း ဘာမှလုပ်လို့မရဘူး။ မြန်မြန်ဆန်ဆန် အေးချမ်းချင်ပါတယ်။ ကုန်စည်စီးဆင်းမှု မြန်ဆန်မှန် ကန်ရေးက လုံခြုံရေးကောင်းမှ ဖြစ်မှာပါ"ဟု ပြောသည်။ 
    လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအရ လာမည့် ၂၀၂၅ ခုနှစ်က စီး ပွားရေးလုပ်ငန်းများ ကောင်းမွန်၍ တိုးတက်မည့် နှစ်တစ်နှစ် ဖြစ်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ၏ သုံးသပ်မှုများ အရသိရသည်။ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးစားနေပြီဖြစ်ပြီး လက်ရှိအချိန်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းမြောက်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များကလည်း အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဦးတည်လာခြင်းကြောင့် နယ်မြေတည်ငြိမ်လာမည့် အလားအလာရှိကြောင်း သုံးသပ်ထားသည်။
    မြန်မာနိုင်ငံသည် လက်နက်ကိုင် ပဋိပက္ခများ လျော့နည်းလာမည်ဖြစ်၍ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် တိုးတက်လာမည် ဖြစ် ကြောင်း သုံးသပ်ထားသည်။    ကွန်းဈာန်

Total Views ~ 116

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43032

© 2022 - 2025 News. All Rights Reserved.