ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်သွားရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။
ဖေဖော်ဝါရီ၃ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
"ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတစ်ရပ် ကျင်းပပေးနိုင်ရေးသည် မိမိတို့၏ အန္တိမရည်မှန်းချက်ပင်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်ပေါက်လာသည့် လွှတ်တော်များအတွင်းတွင်လည်း တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင်လာရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အပိုင်းမှ ရွေးကောက်ပွဲအောင်မြင်မှုရှိစေရေး ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များ ကို စနစ်တကျ တွက်ချက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း" နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
ဆက်လက်၍ "တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် ရွေး ကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေများကို စေ့စပ်ကျယ်ပြန့်စွာ လေ့လာထားရန်လိုကြောင်း၊ နိုင်ငံရေးပါတီများမှလည်း လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် လွှတ်တော်သုံးရပ်အတွက် ရွေးကောက်တင်မြှောက်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲမသမာမှုများ မဖြစ်စေရေး၊ မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ် မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှု မပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် မြန်မာ အီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine) ကို အသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း"ပြောကြားခဲ့သည်။ (ထူးမြတ်)