ရွှေစက်တော် ဘုရားပွဲ လာရောက်မည့် အများပြည်သူကို ထိတ်လန့်စေရန် သတင်းလွှင့်သည့် အကြမ်းဖက်အဖွဲ့များအပေါ် ဒေသခံပြည်သူများ မကျေနပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅
    မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော်ကာလအတွင်း တိုက်ပွဲများပြင်းထန်နိုင်ကြောင်း မင်းဘူး PDF အမည်ခံအကြမ်းဖက်အဖွဲ့က တရားမဝင်သတင်းဌာနများသို့ ပြောဆိုသတင်းလွှင့်မှုကြောင့် ယင်းအဖွဲ့များအပေါ် ဒေသခံပြည်သူများက မကျေမနပ်ဖြစ်နေကြောင်း မင်းဘူးဒေသခံ သတင်းသမားတစ်ဦးက ပြောသည်။
    ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက် အထိ) ရက်ပေါင်း ၇၅ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင် လူမိဘပြည်သူများ ညအိပ်တည်းခိုနားနေနိုင်စေရန် တည်းခိုဆောင်အ ခန်းပေါင်း ၃၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၃၅၀ ခန့်ကို ဆောက်လုပ်ပေးထားပြီး ယခုအခါ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအဖြစ်  ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မန်းရွှေစက် တော်ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။
    "ဘုရားပွဲကို ဘုရားဖူးပြည်သူတွေ မလာအောင် ဒါသက်သက်ယုတ်မာတဲ့ သတင်းလွှင့်တာပဲဗျ။ ရွှေစက်တော်အနီးတစ်ဝိုက်က ရွာတွေက ဒီဘုရားပွဲကိုမီပြီးတော့ အရောင်းအဝယ်ပြုကြ၊ ဒီဘုရားပွဲက ရတဲ့ငွေတွေနဲ့ပဲ တစ်နှစ်ပတ်လုံး စားဝတ်နေရေးဖြေရှင်းကြတာကို ရွာခံ PDF ဆိုတဲ့လူငယ်တွေသိပါတယ်။ အဲဒီနားကရွာတွေအကုန်လုံးက ဘုရားပွဲတော်မှီပြီး စားရတာလေ။ ဘုရားပွဲတော်တစ်ကြိမ်ဖြစ် တာနဲ့ ဈေးရောင်းချပြီး တစ်နှစ်ပတ်လည် ထိုင်စားကြတာပဲလေ။ ဒီဘုရားပွဲကိုမှ ပျက်ပြားအောင် လုပ်မယ်ဆိုရင် ရွာတွေက သူတို့ကိုကျေနပ်မှာ မဟုတ်သလို ကျွန်တော်တို့ မင်းဘူးဒေသခံတွေလည်း မကျေနပ်ဘူး။ တိုက်ပွဲတွေကတော့ ပုသိမ်-မုံရွာလမ်းပေါ်က မဲဇလီဘက်မှာပဲရှိတယ်။ ရွှေစက်တော်နဲ့ အဝေးကြီးပဲ။ ခုလည်း ခရီးသွားကားတွေလာနေကြတယ်။ ဖွင့်ပွဲနေ့ကလည်း သွားကြတာပဲလေ"ဟု မင်းဘူးဒေသခံတစ်ဦးက ပြောသည်။
    "သူတို့ သတင်းလွှင့်နေကြတာပါဗျာ။ ဖွင့်ပွဲနေ့ကဆိုရင် ရန်ကုန်က ဘုရားဖူးကားတွေ အပြည့်ပဲ။ ဘုရားဖူးတွေမလာရဲအောင် သတင်းလွှင့်ပေမယ့် ကျွန်တော် ဒီနယ်မှာ တည်းခိုဆောင်လုပ်လာတာ နှစ် ၂၀ ရှိပြီ ဘုရားဖူးတွေ စိတ်မပူဖို့ပြောချင်ပါတယ်။ ဘုရားပွဲကို မှီပြီး လုပ်ကိုင်စားနေတဲ့ ဒေသခံ တွေအကြောင်း အကုန်သိပါတယ်။ နောက် တစ်ပတ်အထိ ကျွန်တော်တည်းခိုဆောင်မှာ လူအပြည့်ပဲ အားလုံး ရန်ကုန်က ဆင်းလာမယ့် ဘုရားဖူးကားတွေကြီးပဲ"ဟု ရေစပ်လုံးချင်း တည်းခိုဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးထူးထူးက ပြောသည်။
    မန်းရွှေစက်တော်ရာ ပါဒစေတီ တော်ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးဖွင့်ပွဲကို နိုင်ငံတော် သံဃမ ဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ နေပြည်တော် ပျဉ်းမနားမြို့ အောင်စည် သာကျောင်းဆရာတော် ဘဒ္ဒန္တဝိစက္ခဏနှင့် နေပြည်တော်လယ်ဝေးမြို့ နဂါးရုံတစ်ထောင် စမတောင် ကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝံသသီရိ အမှူးပြုသော ဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အောက်စက်တော်ရာ (ခြေတော်ရာ) အလင်းပေါက် ဖန်အုပ်စောင်းတော်အား စက်ခလုတ် နှိပ် ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေ တီတော်မြတ် သံတံခါးအား ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ (ထူးမြတ်)

Total Views ~ 111

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43022

© 2022 - 2025 News. All Rights Reserved.