ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) မြို့နယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ပါတီရုံးများဖွင်လှစ်ရန် အခက်အခဲရှိနေ၍ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) ၏ မြို့နယ်ပါတီရုံးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် (အရှေ့ပိုင်း) ရှိ မြို့နယ်များတွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
"အရင်တုန်းကတော့ ရှမ်းမြောက် လေးမြို့နယ်နဲ့ ရှမ်းတောင်က တောင်ကြီးတစ်မြို့နယ်ဆိုပြီး ရုံးဖွင့်ဖို့ စီစဉ်ခဲ့တာပေါ့။အခုတော့ ရှမ်းမြောက်က အခြေအနေတွေကြောင့် ဖွင့်ဖို့ မသေချာသေးတော့ ရှမ်းတောင်မှာ လေးမြို့နယ်၊ ရှမ်းအရှေ့မှာ တစ်မြို့နယ်ဆိုပြီး ဖွင့်ဖို့ စီစဉ်နေပါတယ်။ လောလော ဆယ်ကတော့ ရှမ်းတောင်က တောင်ကြီးတစ်မြို့နယ်ပဲ ရုံးဖွင့်ထားနိုင်သေးတယ်။ နမ့်စန်၊ မိုးနဲ စသည်ဖြင့်ပေါ့ မြိုနယ်ရုံးတွေ ထပ်ဖွင့်ဖို့ ကြိုးစားနေတယ်။ ရှမ်းအရှေ့မှာကျတာ့ တာချီလိတ်ပေါ့၊ ဒါတွေအားလုံးကတော့ မြို့နယ်ရုံးတွေ ဖွင့်ဖို့ လျာထားတဲ့ မြို့နယ်တွေပါ"ဟု ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP)တာဝန်ရှိတစ်ဦးက ပြောသည်။
KKDUP သည် ယခင်က ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ ကွမ်းလုံ၊ သိန္နီ၊ သီပေါ စသည့် မြို့နယ်များတွင် ပါတီရုံးများဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း နယ်မြေအခြေအနေအရ ယခုကဲ့သို့ ရှမ်းတောင်နှင့် ရှမ်းအရှေ့တို့တွင် ရုံးများ ဖွင့်လှစ်ရန် ပြောင်းလဲစီစဉ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရှမ်း မြောက်ရှိ မြို့နယ်များတွင် ရုံးများဖွင့်လှစ်ရန် အစီအစဉ်ရှိနေသော်လည်း ရုံးများ ဖွင့်နိုင်ခြင်း ရှိ၊ မရှိ ရွေးကောက်ပွဲမတိုင်မီ ခြောက်လခန့် အလိုအထိ နိုင်ငံရေးအခြေအနေများကို စောင့်ကြည့်ရဦးမည်ဟုလည်း ယင်းပါတီတာဝန်ရှိသူက ဆက်ပြောသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တစ်ရပ် ကျင်းပ ပေးနိုင်ရေးသည် မိမိတို့၏ အန္တိမရည်မှန်းချက်ဖြစ်ပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတာ ဝန်ရှိသူများနှင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ အနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်သွားရမည်ဟူ၍ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထားသည်။ မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်နိုင် ရေးအတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်အပိုင်းမှ ရွေးကောက်ပွဲအောင်မြင်မှုရှိစေရေး ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များကို စနစ်တကျ တွက်ချက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားထားသည်။
"မြေပြင်အခြေအနေ တည်ငြိမ်နေတဲ့ ဒေသတွေမှာကတော့ သက်ဆိုင်ရာပါတီတွေ လုပ်သင့်တာတွေ ပြင်ဆင်နေကြတာ တွေ့ရပါတယ်။ တိုင်းနဲ့ ပြည်နယ်အဆင့်ဆိုရင် မြို့နယ်ဘယ်နှခုမှာ ရုံးဖွင့်ရမယ်၊ ပြည်ထောင်စုအဆင့်ဆိုရင် မြို့နယ်ဘယ်နှခုမှာ ရုံးဖွင့်ရမယ်ဆိုပြီး သူ့သတ်မှတ်ချက် တွေ ရှိတယ်။ ဒါကိုပါတီအသီးသီးကလည်း ကိုယ်စီ ကိုယ်စီ ဆောင်ရွက်နေပါတယ်။ အခက်အခဲတွေ ရှိပေမယ့်လည်း အခက်အခဲတွေကြားကပဲ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နေကြ ပါတယ်"ဟု KKDUP ပါတီတာဝန်ရှိသူက မှတ်ချက်ပြုသည်။
ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) ကို ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင် ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကြေညာချက်အမှတ်(၂၁/၂၀၂၃) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းပါတီ (KKDUP) ၏ မှတ်ပုံတင်အမှတ်မှာ (၁၆)ဖြစ်သည်။ ညီသစ်