လက်နက်ကိုင်များ တရားဝင် ပြောရေးဆိုခွင့် ရရှိအောင် ရွေးကောက်ပွဲလမ်းကြောင်း ဝင်သင့်၊ လိုလားချက်ကို လက်နက်ကိုင် တောင်းဆို၍မရ

နေပြည်တော်၊ မတ်လ ၅
    တိုက်ပွဲများဖော်ဆောင်နေသည့် လက်နက်ကိုင်များ တရားဝင် ပြောခွင့်၊ ဆိုခွင့်၊ တောင်းဆိုခွင့် ရရှိအောင် ရွေးကောက်ပွဲဝင်၍ လွှတ်တော်ထဲရောက်ရှိအောင် ကြိုးစားသင့်ကြောင်း နိုင်ငံရေးအသိုင်း အဝိုင်းမှ သုံးသပ်ပြောဆိုကြသည်။ 
    မငြိမ်းချမ်းသည့် ဒေသများမှ တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်လာမည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ရွေးကောက်ပွဲကို တစ်ပြိုင်နက်တည်း ကျင်းပနိုင်သည့် အခြေအနေရရှိနိုင်ကြောင်း ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ နမ့်ခင်အေးဦးကပြော သည်။ 
    "သက်ဆိုင်ရာတိုင်းရင်းသား နယ်မြေတွေထဲမှာ လက်နက်ကိုင်ထားတဲ့သူတွေ သူတို့ပါချင် တယ်ဆိုရင် လွှတ်တော်ထဲရောက် နိုင်ဖို့ သူတို့ဝင် အရွေးခံပေါ့။ လုပ်ခွင့်ပေးရင်ရော လုပ်မလား စဉ်းစားကြတာပါ။ အဲဒီလို လုပ်ရင်လည်း သူတို့လည်းရလာမယ်။ ပြော ခွင့်ဆိုခွင့်လေးတွေ ရမယ်။ အဲဒီလိုလုပ်ရင်တော့ တစ်ပြိုင်နက်တည်း ကျင်းပနိုင်တဲ့ အခြေအနေ ဖြစ်နိုင်တယ်။ တရားဝင်ပြောခွင့် ဆိုခွင့်ရလာနိုင်အောင် လွှတ်တော်ထဲ ဝင်ကြမလား။ အခုက တောင်းဆိုမှုကို တိုက်ယူမယ် ဆိုတာတွေက သူတို့နိုင်မယ်ထင်လို့ ဖြစ်ေတာ။ မနိုင်တော့ဘူးဆိုတဲ့ အခြေအနေရယ်။ အချိန်တွေ ကြာလာလို့ ခြေကုန်လက်ပန်းတွေ ကျလာတော့မှ ဖြစ်လာမလား။ စစ်တစ်ခု တိုက်မယ်ဆိုရင် ငွေကုန်ကြေးကျ ရှိမယ်။ သူတို့ကို ထောက်ပံ့နိုင်တဲ့ သူတွေရှိနေရင်တော့ ဆက်လုပ်မှာပေါ့။ ထောက်ပံ့တာတွေ ရပ်သွား ရင်တော့ ငွေရှာတဲ့လမ်းတွေကလည်း မျိုးစုံပဲ။ သယံဇာတထွက်တဲ့ နေရာကလူတွေ ကတော့ ချမ်းသာတာပေါ့။ ဒါပေမဲ့ လူထုကို ထိတာပဲ။ တိုက်ပွဲတစ်ပွဲဖော်ဖို့ဆိုတာ သိန်း ၅၀ ဆိုတာ အနည်းဆုံးပဲ" ဟု ၎င်းကပြောသည်။ 
    ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းချင်ပါက ရွေးကောက်ပွဲသည် အသက်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်စေချင်ကြောင်း ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင် ခွန်ထွန်းရွှေက ပြောသည်။ 
    "ဒီမိုကရေစီလမ်းကြောင်း သွားချင်တယ်ဆိုရင်တော့ ရွေးကောက်ပွဲ လုပ်မှရမယ်။ လွှတ်တော် တွေပေါ်လာမှ အဆင်ပြေမယ်။ အပြုတ်တိုက်ရေးဆိုတာက တိုင်းပြည်ပဲ နာမယ်။ နယ်မြေ တောင်းဆိုတာတို့၊ ဘာတို့ကလည်း အစိုးရအနေနဲ့ ပေးချင်တိုင်း ပေးလို့မရဘူး"ဟု ၎င်းကပြော သည်။ 
    ရွေးကောက်ပွဲအပြီး လွှတ်တော်ပေါ်ပေါက်လာပါက လက်နက်ကိုင်ပဋိပက္ခများကို ကိုင်တွယ် ဖြေရှင်းရန် လွယ်ကူလျင် မြန်နိုင်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်း ဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။ 
    "ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ လက်နက်ကိုင် ပဋိပက္ခကတော့ ရွေးကောက်ပွဲ မပြီးသေးလည်း ဒီပြဿနာက ရှိနေမှာပဲ။ ရွေးကောက်ပွဲ ပြီးသွားလည်း ဒီပြဿနာက ရှိနေမှာပဲ။ တစ်ခုရှိတာက ရွေးကောက်ပွဲပြီး သွားရင်တော့ လွှတ်တော်တွေ ပေါ်ပေါက်လာလိမ့်မယ်။ လွှတ်တော်တွေ ပေါ်ပေါက် လာတဲ့အခါမှာ အဲဒီ လွှတ်တော်တွေကနေပြီးတော့ အခုဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင်တော့ ပိုပြီးတော့ အားကောင်းလိမ့်မယ်။ ပိုပြီးတော့လည်း လွယ်ကူ လျင်မြန်လိမ့်မယ်လို့ ကျွန်တော်တို့က ယူဆတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်က နေပြီးတော့ Third Party အနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ငြိမ်းချမ်းအောင် လုပ်သွားမယ်ဆိုရင်တော့ အခြေအနေကောင်း တစ်ခုက တဖြည်းဖြည်း ရသွားလိမ့်မယ်"ဟု ၎င်းကပြော သည်။ 
    လက်နက်ကိုင်အကြမ်းဖက်သည့်နည်းဖြင့် လိုလားချက်များကို တောင်းဆို၍ မရကြောင်း နိုင်ငံရေးစားပွဲဝိုင်းပေါ် ရောက်ရှိလာကာ ငြိမ်းချမ်းစွာ ဖြေရှင်းသည့် နည်းဖြင့်သာ ပဋိပက္ခများ ပြေလည် စေနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထားသည်။ 
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက်လမ်း စဉ်တို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော် အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက် သောင်းကျန်သူ အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအား လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်း ဖြင့်သော် လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ ကွန်းဈာန်

Total Views ~ 81

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.