လာမည့်ရွေးကောက်ပွဲက တစ်ပါတီတည်း အားသာချက်ရမည့် ပွဲမဟုတ်၊ အားလုံးပါဝင်သည့် လွှတ်တော်တစ်ရပ် ဖြစ်ပေါ်မည်

နေပြည်တော်၊ မတ်လ ၂၆
    မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲသည် တစ်ပါတီတည်းက အားသာ ချက်ရရှိမည့် ပုံစံမဟုတ်ဘဲ ရွေးကောက်ပွဲမှ တစ်ဆင့် အားလုံးပါဝင်နိုင်သည့် လွှတ်တော်တစ်ရပ် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ပြည် သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှ ဌေးက ပြောသည်။ 
    "ဒီရွေးကောက်ပွဲက စိတ်ဝင်စားစရာ ကောင်းတယ်ဗျ။ ဘာဖြစ်လို့ စိတ်ဝင် စားဖို့ကောင်းလဲဆိုရင် တစ်နည်းအားဖြင့် PR စနစ်ဆိုတာ ပါလာတယ်။ PR စနစ်ဆို တာပါလာပြီးတော့ အပြင်မှာ ပကတိလုပ်နေကြတဲ့ ပါတီတွေရော၊ အဖွဲ့အစည်းအသီးသီးကရော ဆွေးနွေးနေကြတာတွေ၊ ပြောဆို နေကြတာတွေရှိတယ်။ ပါတီအားလုံးလည်း စုပေါင်းပြောဆိုတယ်။ တစ်ဖက်မှာရှိတဲ့ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ စုပေါင်း ပြောဆိုနေကြပြီ။ အဲဒီလို ပြောဆိုနေရင်းနဲ့လည်း တစ်ယောက်နဲ့ တစ်ယောက်က အကြိမ်ကြိမ်အဖန်ဖန် ထိတွေ့လာတဲ့ အခါ ကျတော့ ပိုမိုရင်းနှီးမှုတွေ ရရှိလာတယ်။ ပိုပြီးတော့ နားလည်မှုတွေ ရရှိလာတယ်။ ဆွေးနွေးပွဲတွေ လုပ်ရင်းနဲ့ ဆွေးနွေးပွဲမှာ ရလာတဲ့အချက်အ လက်ကောင်းတွေ၊ လူပုဂ္ဂိုလ်ချင်း ရင်းနှီးမှုကနေပြီးတော့ ထိတွေ့လာတဲ့ နားလည်မှုတွေက PR ကို ဖော်ဆောင် သွားတဲ့ အခြေအနေကို ရနေတယ်လို့ ကျွန်တော်ကမြင်တယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကို မကျင်းပခင်မှာ အကြိုညှိနှိုင်းဆွေးနွေးမှု တွေဆိုတာက ရှိလာပါလိမ့်မယ်။ အဲဒီမှာမှ တရားဝင် ညှိနှိုင်း ဆွေးနွေးတာတွေလည်း ရှိတယ်။ အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုတွေလည်း ရှိလာနိုင်လိမ့်မယ်လို့ မြင်တယ်။ အရင်ရွေးကောက်ပွဲကြီးလို တစ်ဖက်တည်း အပြတ်အသတ်သွားတဲ့ FPTP စနစ်ရဲ့ ယှဉ် ပြိုင်မှု ရလဒ်မျိုး မဟုတ်ဘဲနဲ့ ဒီဘက်မှာ PR စနစ်လည်း ပါလာတယ်။ နောက်ပြီးတော့ ပုံသဏ္ဌာန်တွေ ပြောင်း နေတယ်။ ပုံသဏ္ဌာန်တွေ ပြောင်းနေတယ်ဆိုတာက ပါတီတစ်ခုတည်းက ကြီးစိုးပြီး အလုပ်လုပ်နေတဲ့ ပုံသဏ္ဌာန် မဟုတ်ဘဲနဲ့ UPDJC မှာလို အဖွဲ့အစည်းတွေ ပေါင်းစုံပါဝင်ပြီးတော့ ပါတီတွေအားလုံး စုပေါင်းပြီးတော့ ဆွေးနွေးညှိနှိုင်းနေတဲ့ အခြေအနေတွေ သွားရှိနေတယ်။ အဲဒီအခြေအနေတွေက ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ရလဒ်ကောင်းတွေ ရလိမ့်မယ်။ နောက်ပြီး ခေါင်းဆောင်ပိုင်းတွေက မျှော်မှန်းနေကြသလို တစ်ပါတီတည်းက အားသာချက်ရသွားတာ မဟုတ်ဘဲနဲ့ အားလုံးပါဝင်ပြီး ဆောင်ရွက်နိုင်တဲ့၊ အားလုံးပါဝင်နိုင်တဲ့ လွှတ်တော်ကြီး ပေါ်လာလိမ့်မယ်လိုတော့ ကျွန်တော်က မျှော်လင့်ပါတယ်"ဟု ၎င်းက ပြောသည်။
    ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြရာတွင် ဒေသအကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်သည့် ပါတီများကိုသာ အနိုင်ရစေချင်ကြောင်း ဦးလှဌေးက ပြောသည်။
    "ရွေးကောက်ပွဲ ရက်ကိုလည်း အတိအကျ သိရပြီ။ ဥပဒေ၊ နည်းဥပဒေ ရလာပြီဆိုရင် UPDJC လို နေရာမှာရှိနေတဲ့ ပါတီတွေအားလုံး ပါဝင်နေတဲ့သူတွေက ဆွေးနွေးညှိနှိုင်း တိုင်ပင်တာလေးတွေတော့ လုပ်လာကြလိမ့်မယ်လို့ ထင်တယ်။ လုပ်လည်း လုပ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲဆန္ဒနယ်တစ်နယ်မှာ ကိုယ်အနိုင်ရဖို့ကို အဓိက မထားစေချင်ဘူး။ ဥပမာအားဖြင့် တိုင်းရင်းသား မဲဆန္ဒနယ်တွေဝေးလံတဲ့ မဲဆန္ဒနယ်တွေမှာ ကျွန်တော်တို့တွေက ကိုယ်စားလှယ်အဖြစ် သွားအရွေးခံပြီး နိုင်ရင်ရော ကျွန်တော်တို့ ဘာလုပ်နိုင်မှာလဲ။ အဲဒီဒေသအကျိုးကို လုပ်ပေးနိုင်တဲ့၊ ဒေသရဲ့ အခြေအနေကို နားလည်တဲ့ တိုင်းရင်းသားပါတီတွေကို နိုင်စေချင်တယ်။ ဒါမှသာလျှင် သူ့ဒေသအကျိုးကို လုပ်နိုင်မယ်။ အားလုံးက ကိုယ်ကျွမ်းကျင်တဲ့ ကိုယ့်ဒေသအကျိုးကို ဟန်ချက်ညီအောင် လုပ်သွားနိုင်မှ တစ်တိုင်းပြည်လုံး တိုးတက်မှုဆိုတာကိုရမယ်။ ပါတီတွေအနေနဲ့ ကိုယ်နေရာရရှိဖို့၊ ကိုယ်နေရာရဖို့ကို ဦးမတည်ဘဲနဲ့ တကယ် ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားတွေလည်း သူတို့ရဲ့ဧရိယာအလျောက် လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေပါဝင်ပြီးတော့ သူတို့ဒေသတွေ ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို ဦးတည်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ကြ မယ်ဆိုရင်တော့ တကယ်ကောင်းတဲ့ အခြေ အနေတွေကို ရမှာပေါ့ဗျာ"ဟု ၎င်းက ဆိုသည်။ 
    တပ်မတော်အနေဖြင့် ပါတီစုံဒီမို ကရေစီစနစ်ကို လက်ခံပြီးသားဖြစ်၍ တိုင်းပြည် တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေချင်ကြောင်း မတ် ၂၁ ရက် နေပြည်တော် MICC-1 တွင် ကျင်းပသည့် ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့ လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် က ထည့်သွင်း ပြောကြားထားသည်။
    "တပ်မတော်က နဂိုကတည်းက ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်ခံတယ်လို့ ပြောပြီးသားဖြစ်ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေး ကောက်ပွဲ၊ ၂၀၂၀ ရွေးကောက် ပွဲတွေမှာလည်း အားလုံး ပါဝင်ပေးပါတယ်။ ရိုးရိုးသားသားပါ။ တကယ်လည်း ကျွန်တော်တို့ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်တဲ့တိုင်းပြည် ဖြစ်ချင်ပါတယ်။ နိုင်ငံရေးမှာ အကောင်းဆုံးကတော့ ပါတီစုံဒီမိုကရေစီ စနစ်က အကောင်းဆုံးပဲ"ဟု နိုင်ငံတော် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။
    လက်ရှိပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့်ပြုပြီး ဖြစ်သည့် တည်ဆဲနိုင်ငံရေးပါတီ ၅၀ ကျော် ရှိလာပြီဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လူထုကို စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။                     ကွန်းဈာန်

Total Views ~ 131

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.