ရန်ကုန်၊ ဒီဇင်ဘာ ၂၅
သီးထပ်စွမ်းအား မြှင့်တင်နိုင်မှုသည် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏ တိုးတက်လာစေမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက်က အဆိုပါတက္ကသိုလ်၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကား ပြောကြားခဲ့သည်။
နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧက စုစုပေါင်း ၃၃ သန်းမှ အရေးကြီး သီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံမှုရှိစေရေး၊ ပြည်ပကို တိုးချဲ့တင်ပို့ရောင်းချနိုင်ရေးနှင့်သွင်းကုန်အစားထိုးပမာဏ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးကြိုးစား လုပ် ဆောင် လျက်ရှိကြောင်း၊ ပန်းတိုင်ရည်မှန်းချက်သည် အကြိမ်ကြိမ် သုတေသနပြုပြီးမှ ဖော်ထုတ်ထားခြင်းဖြစ်သဖြင့် ဒေသအလိုက် ပန်းတိုင်ပြည့်မီရေးစနစ်တကျ သုံးသပ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထိုသို့ လုပ်ဆောင်ကြသည့်နေရာတွင် စိုက်ပျိုးရေးပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်စပ်နေသည့် အခြားဆက်စပ်ကဏ္ဍများမှ ပညာရှင်များဖြင့် ချိတ်ဆက် လုပ်ဆောင်မှုသည်လည်း အရေးကြီးကြောင်း၊ ထိုသို့ ချိတ်ဆက် ဆောင်ရွက်သည့် လုပ်ငန်းများ အဆင်ပြေအောင်မြင်စေရေး တက္ကသိုလ် စတင်တည်ထောင်စဉ်ကာလတွင် 'သင်ကြားရေးနှင့် သုတေသန'ဟူသည့် လုပ်ငန်းနယ်ပယ်နှစ်ရပ်ကို ဦးစားပေးခဲ့ကြောင်း၊ ယခုအချိန်တွင် 'သင်ကြားရေး၊ သုတေသနနှင့် နည်းပညာပြန့်ပွားရေး'ဟူသည့် လုပ်ငန်းစဉ်ကြီး သုံးရပ်အဖြစ် တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်ကြရာတွင်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အများဆုံးအသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ကျေးလက်နေပြည်သူများ၏ အကျိုးစီးပွားကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေး ဦးစားပေးရမည်ဖြစ်သကဲ့သို့ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းစေမည့် သိပ္ပံနည်းကျ စိုက်ပျိုးရေး ပညာများကို ကျေးလက်နေ စိုက်ပျိုးရေးပြည် သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး အသုံးချနိုင်စေရေး စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ပညာရှင်များသာမက အလယ်အလတ်တန်း စိုက်ပျိုးရေးပညာရှင်များနှင့် အခြေခံအဆင့် စိုက်ပျိုးရေးကျွမ်းကျင်လုပ်သားများ များစွာမွေးထုတ်ပေးရန်လည်း လိုအပ်ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ နဒီ