သွေးချင်းစုံလင် သနပ်ခါးသဘင် ပွဲတော်ပြိုင်ပွဲဝင်များအား ဂုဏ်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
    မြန်မာတိုင်းရင်းသား အသီးသီး၏ သနပ်ခါးကို လိမ်းခြယ်သည့် ရိုးရာဓလေ့ကို ထိန်းသိမ်း မြှင့်တင်နိုင်ရန်နှင့် UNESCO ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် အထောက်အကူဖြစ် စေရန်အတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပသည့် 'သွေးချင်းစုံလင် သနပ်ခါးသဘင်'ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ My Garden တွင် ပြုလုပ်ခဲ့သည်။
    မြန်မာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဌေးလင်းက "ကျွန်တော်တို့ လက်ရှိမှာ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို UNESCO ရဲ့ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (The Representative List of The Intangible Cultural Heritage of Humanity) မှာ စာရင်းဝင်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ သနပ်ခါးကို ကျောက်ပျဉ်နဲ့ သွေးပြီးလိမ်းရတဲ့ဓလေ့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မတ်လကုန် မတိုင်ခင် ၁၀ မိနစ်စာ Documentary နဲ့အတူ တင်သွင်းဖို့ဆောင်ရွက် လျက်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
    အဆိုပါ အခမ်းအနားတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှု ဗီဒီယိုမှတ်တမ်းများကို ပြသခဲ့သည်။ သွေးချင်းစုံလင် သနပ်ခါးသဘင်ပွဲတော်တွင် "မှုံနံ့သာခြယ်လို့ ကမ်းပါမယ်" ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင် များအသင်းမှ ပြိုင်ပွဲဝင်များကို ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး "နန်းထိုက်တဲ့ သဘာ၀ ကမ္ဘာအမွေအနှစ် အလှ" ခေါင်းစဉ် နှင့် THE Best Performance Award ဆုရရှိခဲ့သည့် ဗမာတိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့မှ ပြိုင်ပွဲဝင်များကိုလည်း ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
    အဆိုပါ သွေးချင်းစုံလင်သနပ်ခါး သဘင်သရုပ်ဖော်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဥယျာဉ်တွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ကြီးမှူး ၍ ကျင်းပခြင်းဖြစ်ကြောင်း၊ သွေးချင်းစုံလင် သနပ်ခါးသဘင် သရုပ်ဖော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၃၆ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။  သက်မှူး

Total Views ~ 160

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43018

© 2022 - 2025 News. All Rights Reserved.