အကြမ်းဖက်များ ဖျက်ဆီးခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းများ အမြန်ဆုံး ပြန်လည်ပြင်ဆင်နေ၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ရန် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများ အကောင်အထည်ဖော်ရန် စီစဉ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၈
    ဖျက်ဆီးခံရသည့် လျှပ်စစ်ဓာတ် အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံး ပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို လက်ရှိ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
    လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် တပ်ဆင်အင်အားအနေဖြင့် ရေအားလျှပ်စစ်စက်ရုံ ၃၀ ၏ တပ်ဆင်စက် အင်အား ၃၂၃၂ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့ သုံးစက်ရုံ ၂၆ ရုံ၏ တပ်ဆင်စက် အင်အား ၃၂၆၈ မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံး စက်ရုံနှစ်ရုံ၏ တပ်ဆင်စက်အင်အား ၁၃၈ မဂ္ဂါဝပ်နှင့် နေရောင် ခြည်သုံး စွမ်းအင်စက်ရုံ ရှစ်ရုံ၏ တပ်ဆင်စက်အင်အား မဂ္ဂါဝပ် ၂၄၀ တို့ရှိပြီး စုစုပေါင်းဓာတ်အား စနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်သည့် စက်များ၏ တပ်ဆင်စက်အင်အားမှာ ၆၈၇၈ မဂ္ဂါဝပ် အထိရှိရာ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက မဂ္ဂါဝပ် ၄၀၀၀ ခန့်အထိ ထုတ်လုပ်ဖြန့် ဖြူးနိုင်မည်ဖြစ်ကြောင်း သိရသည်။
    သို့ရာတွင် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ကေဗွီ ၂၃၀ ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းကြီး ၁၄ လိုင်းမှာ ဖျက်ဆီးခံထားရခြင်းကြောင့် ဓာတ်အား ၁၀၀၉ မဂ္ဂါဝပ် အသားတင် လျော့နည်းထုတ်လုပ်ရလျက်ရှိသလို လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူ စွမ်းအင်သုံး စက်ရုံများရှိ သဘာဝဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အချိုးမှာ ရာခိုင်နှုန်း ၅၀ ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိမှုမှာ လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုမှာ ယခုကာလအတွင်း ၂၉၁ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိကြောင်း သိရသည်။
    ထို့အပြင် မကြာသေးမီက ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်သဖြင့် အထက်ပေါင်းလောင်းရေအား လျှပ်စစ်ဓာတ် အားပေးစက်ရုံကို ဓာတ်အားပိတ် ထိန်းသိမ်းပြုပြင်ခြင်းများကိုလည်း ဆောင်ရွက်နေရပြီး  မဂ္ဂါဝပ် ၁၄၀ ခန့် လျော့နည်းလျက်ရှိသဖြင့် စုစုပေါင်းဓာတ်အား ထုတ်လုပ်နိုင်မှု (၁၀၀၉ +၂၉၁+၁၄၀)=၁၄၄၀ မဂ္ဂါဝပ်ခန့်မှာ အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိကြောင်း၊ ထိုသို့ ထုတ် လုပ်မှု လျော့နည်းရရှိနေသဖြင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ မဂ္ဂါဝပ် ၂၀၀ ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှု၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်း သိရသည်။
    အဆိုပါ လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီအ တွင်း ရန်ကုန်တိုင်းဒေသကြီးသို့ ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ သို့ ၃၅ ရာခိုင်နှုန်း အချိုးချ၍ ဓာတ်အားခွဲဝေကာ ရန်ကုန်တိုင်းဒေသကြီးတွင် အုပ်စုသုံးစု ခွဲ၍ တစ်အုပ်စုလျှင် လေးနာရီပေး ရှစ်နာရီပိတ်၊ လေးနာရီပေး လေးနာရီပိတ်၊ လေးနာရီပေး ရှစ်နာ ရီပိတ်၊ လေးနာရီပေး ရှစ်နာရီ ပိတ်၊ လေးနာရီပေး လေးနာရီပိတ်၊ လေးနာ ရီပေး ရှစ်နာရီပိတ် အလှည့် ကျအစီအစဉ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် အုပ်စု လေးစုခွဲ၍ သုံးနာရီပေး၊ ကိုးနာရီ ပိတ် အလှည့်ကျနှင့် အုပ်စုလေးစုခွဲ၍ လေးနာရီပေး ၁၂ နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့် လည်း ကောင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တွင် အများပြည်သူများအား တစ်ရက်ပျမ်းမျှ ၁၆ နာရီပေး ရှစ်နာရီပိတ်၊ ဝန်ထမ်းအိမ်ရာများအား ၁၈ နာရီပေး ခြောက်နာရီပိတ် အစီအစဉ်ဖြင့်လည်းကောင်း၊ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း အုပ်စုများခွဲ၍ တစ်အုပ်စုလျှင် ခြောက်နာရီအ လှည့်ကျအစီအစဉ်ဖြင့် လည်းကောင်း ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက် သောင်းကျန်သူများမှ စုစုပေါင်း ၁၆၂ ကြိမ် ဖျက်ဆီးခံခဲ့ရသည့် ကေဗွီ ၂၃၀ ဓာတ်အားလိုင်း ၇၇ တိုင်၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း ၃၈ တိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၅၆ တိုင်၊ စုစုပေါင်း ဓာတ်အားပို့လွှတ်လျက်ရှိသည့် တိုင်ပေါင်း ၁၇၁ တိုင်၊ ဓာတ်အားလိုင်းကြိုးနေရာ ၁၃၁ နေရာအား အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရသဖြင့် အကြိမ်ကြိမ်သွားရောက်၍ ပြုပြင်ခြင်းလုပ် ငန်းများဆောင်ရွက်ခဲ့ရပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေစဉ်အတွင်းတွင်လည်း အကြမ်းဖက် သောင်းကျန်းသူများမှ Drop Bomb များနှင့် အကြိမ်ကြိမ်အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် မိုင်းထိမှန်ခြင်း ၄၉ ဦး၊ ဒဏ်ရာရ ၇၅ ဦး၊ သေဆုံး ၃၀ ဦးတို့ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး တာဝါတိုင်နှင့် ကွန်ကရစ်တိုင်ပေါင်း ၁၇၁ တိုင် ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
    သို့သော်လည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ခြင်း လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရေရှည်တိုး တက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံ၏ အရင်းအမြစ်များဖြစ်သော ရေ၊ နေ၊ လေတို့မှ ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဓာတ်အားလျော့နည်း ဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပန်ကြားထားသည်။ နဒီ

Total Views ~ 97

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.