အခြေခံဥပဒေအရ ပေးထားချက်ကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်စိတ်ချကြောင်း ALP ပါတီဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၅
    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ၂၀၂၀ ရွေး ကောက်ပွဲ၏ မဲမသမာမှုဖြစ်စဉ်များကြောင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအရ အခြေခံ ဥပဒေအရ ပေးထားချက်ကြောင့် ကျင်းပပေးမည်ဟု ပြောဆိုထားသော ရွေးကောက်ပွဲအပေါ် ယုံ ကြည်စိတ်ချကြောင်း ရခိုင့်ဦးဆောင်ပါတီ (ALP) ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ 
    ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် နိုင်ငံတော်အကျပ်အတည်းနှင့် အစိုးရ၊ နိုင်ငံသားများ၊ နိုင်ငံရေးပါတီ၏ အခန်းကဏ္ဍဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီများဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ရခိုင့် ဦးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) နှင့်အတူ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
    "အခုလက်ရှိမှာ သာမန်အခြေ အနေမဟုတ်တဲ့ကာလနဲ့ တည်ငြိမ်အေးချမ်းအောင် သူ့ဘက်ကနေ ကြိုးစားနေရတဲ့ကာလ ဖြစ်တယ်။ အခု တစ်ဦးတည်း လက်ထဲမှာ အာဏာသုံးရပ်ရှိတယ်။ အဲဒီ အာဏာသုံးရပ် ကိုပြန်ပြီးတော့ အပ်နှင်းရမယ့်တာဝန် ဖွဲ့စည်းပုံအခြေခံဥပဒေအရရှိတယ်။ ဒါကြောင့် သူရဲ့ရှေ့လုပ်ငန်းစဉ်မှာ နှစ်ခုသတ်မှတ်တယ်။ တစ်ခုသည် ရွေးကောက်ပွဲကျင်းပပေးမယ်။ နောက် တစ်ခုသည် ရွေးကောက်ပွဲကြောင့် ဖြစ်လာတဲ့အစိုးရကို အာဏာအပ်နှင်းပေးမယ်။ တာဝန်ကြီးကြီးမားမားနှစ်ခုဟာ အစိုးရရဲ့တာဝန်ပဲဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်စိတ်ချရခြင်းသည် အခြေခံဥပဒေအရ ပေးထားချက် ဖြစ်ပါတယ်။  ဒါတွေကို ကာကွယ်ရေးဦးစီးချုပ်သည် မလွဲမသွေ ထိထိရောက်ရောက်လုပ်ရမယ့်တာဝန်သည် ပေးထားချက်ဖြစ်ပါတယ်။ ရွေးကောက်ပွဲကြောင့် ဖြစ်လာမယ့်အစိုးရကို  တာဝန်ပေးမယ်ဆိုတာ ကမ္ဘာသိပြောထားတဲ့အတွက် ရွေးကောက်ပွဲသည် အစိုးရတစ်ရပ် ပေါ်ထွန်းလာမယ့် ရောင်ခြည်ဦးဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါကို လုပ်ပေးမယ်ဆိုတာ ပြောထားတယ်။ ကာလလေးပဲလိုတော့တယ်။ ပြီးခဲ့တဲ့ ၃၁ ရက်မှာ ကာ/လုံအစည်း အဝေးကျင်းပတယ်။ နောက်ခြောက်လတာဝန် ဆက်ယူတယ်။ ဒါကလည်း ဆောင်ရွက်ဆဲလုပ်ငန်းတွေကို ဆောက်ရွက်ပေးအတွက် လို့ထင်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေတွေလည်း ကျွန်တော်တို့ ခန့်မှန်းသလို မကြာခင်ထွက်မှာပါ။ ရွေးကောက်ပွဲကြီးကို ဥပဒေသုံးရပ်နဲ့ ကျင်းပသွားနိုင်တယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ပေါ့။ မြို့နယ် ၃၃၀ မှာ ၁၈၀ လောက်က ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းနေလို့ အခြေခံဥပဒေအရ လုပ်ကိုလုပ်မယ်။ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ့် အဖွဲ့အစည်းဖြစ်လို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရွေး ကောက်ပွဲဟာ ဖြစ်မယ်။ ရအောင် ကျင်းပမယ်ဆိုတဲ့ ယုံကြည်မှုရှိတယ်။ နိုင်ငံတကာဘက်ကလည်း ရွေးကောက်ပွဲနဲ့ပဲ ဒီအခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်မယ်ဆိုတာ လက်ခံလာပြီ။ အစက လက်မခံတဲ့ အနောက်နိုင်ငံတွေတောင် လက်ခံစပြုလာပြီ။ အာဆီယံပင် သည်လျှင် အားလုံးက လက်ခံလာတယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေလည်း လက်ခံတယ်။ အဲ့ဒါကြောင့် ရွေးကောက်ပွဲသည် လုပ်ကို လုပ်မယ်။ ဖြစ်အောင်ကို လုပ်မယ်။ ပူးပေါင်း ပါဝင်မယ့်သူတွေက တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်တယ်။ ဒါကို မှမဖြစ်အောင်၊ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်ကြရင်တော့ ရွေးကောက်ပွဲလုပ် မရအောင်၊ အစိုးရသစ်ကို အာဏာအပ်မရအောင် လုပ်ရင်တော့ အနာဂတ်ကို ဘယ်သူမှ ကြိုတွေးလို့မရပါဘူး။ အဲဒီလိုမဖြစ်အောင် ပြည်သူတွေ သဘောပေါက်ဖို့ လိုပါတယ်။ အစိုးရအနေနဲ့က နိုင်ငံသားတွေမဲပေးခွင့် မဆုံးရှုံးအောင် သူ့ဘက်ကလုပ်နေပါတယ်"ဟု ရခိုင့်ဦးဆောင် ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကပြောသည်။ 
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေဖြင့် ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅)တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စု တည်ဆောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် ရွေး ကောက်ပွဲတစ်ရပ်ကို မဖြစ်မနေ ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် အဘက်ဘက်မှ ပြင်ဆင်မှုများကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ် ကြောင်း၊ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် စစ်မှန်သည့်ပြည်သူ့ဆန္ဒကို ဖော်ပြနိုင်ရန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ဆန္ဒမဲမည်မျှပေးမှသာ ရွေးကောက်ပွဲ ဖြစ် မြောက်မည်ဟု ပြဋ္ဌာန်းထားခြင်း မရှိသည်ကိုလည်း တွေ့ရပါကြောင်း၊ ပြည်သူလူထု၏ စစ်မှန်သည့် လိုလားချက်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုကသာ စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ စည်းစနစ်ကျနမှုရှိပြီး လွတ်လပ်ပြီး တရားမျှတမှု အပြည့်ရှိသည့် ရွေးကောက်ပွဲဖြစ်ရန်၊ သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများ မကျန်ရအောင် အဖြစ်နိုင်ဆုံး ဆောင်ရွက်ပေးရန်လည်း လိုကြောင်း၊ လာမည့် မတ်လကုန်နောက်ပိုင်းမှသာ အစီရင်ခံစာ ထုတ်ပြန်နိုင်ပါမယ်။ စာရင်းအချက်များ ဖြစ်ပေါ်ရန် နယ်မြေဒေသအလိုက် တည်ငြိမ်အေးချမ်းပြီး လုံခြုံမှုရှိရန် အရေးကြီးခြင်းကြောင့် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ ရည်မှန်းထားသည့် ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မာမာဖြင့် လျှောက်လှမ်းနိုင်ရန် ရပ်ရွာဒေသများ အေးချမ်းသာယာရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးရေးကို ပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားထားပြီးဖြစ်သည်။  (ထူးမြတ်)

Total Views ~ 110

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43019

© 2022 - 2025 News. All Rights Reserved.