အမျိုးသားလွှတ်တော်ကို မြို့နယ်အခြေပြု ဖွဲ့စည်းမည်ဆိုလျှင် အမတ်ဦးရေ တိုးလာ၍ပြည်ထောင်စု လွှတ်တော်အတွက်လည်း ပံ့ပိုးမှု ဖြစ်စေနိုင်ဟုဆို

နေပြည်တော်၊ ဒီဇင်ဘာ ၁၁
    အမျိုးသားလွှတ်တော်အား မြို့နယ်ကို အခြေပြုဖွဲ့စည်းမည်ဆိုပါက လွှတ်တော်အမတ်ဦးရေ တိုးလာ၍ ပြည်ထောင်စု လွှတ်တော်အတွက်လည်း ပံ့ပိုးမှုဖြစ်စေနိုင်ကြောင်း နာဂအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးရှုမောင်က ပြောသည်။  
    "ပြည်သူ့လွှတ်တော်ကိစ္စကို သိပ်ပြီးတော့ ပြောစရာမရှိပါဘူး။ ပြည်သူ့လွှတ်တော်သည် မြို့နယ်ကို အခြေပြုပြီး ရွေးကောက်ပွဲကျင်းပရမှာ ဖြစ်တယ်။ ပြည်သူ့လွှတ်တော်က နိုင်သူအကုန်စားဆိုတဲ့ ပုံစံမျိုးနဲ့သွားမယ်။ အမျိုးသားလွှတ်တော်က PR စနစ်နဲ့သွားမယ်ဆိုသော်ငြားလည်း အချိုးကျက စိတ်ပူစရာသိပ်မရှိဘူးလို့ ထင်ရပေမယ့် တကယ်တမ်းကျရင်တော့ စိုးရိမ်စရာ ရှိပါတယ်။ ဥပမာ အမျိုးသားလွှတ်တော်က မြို့နယ်ကို အခြေပြုတာမဟုတ်ဘဲနဲ့ မြို့နယ်သုံးခုလောက်ကို ပေါင်းပြီးတော့ အမျိုးသားလွှတ်တော်တစ်ခုပေးတာမျိုး၊ နောက်တစ်ခုက မြို့နယ်နှစ်ခုကို အရွယ်အစားမညီဘဲနဲ့ လူနည်းစုနဲ့ လူအများစု။ တစ်စုက အရမ်းများနေချိန်မှာ မတူတဲ့ လူအချိုးအစားနှစ်ခုကို ပေါင်းလိုက်ပြီးတော့ အမျိုးသားလွှတ်တော်တစ်ရပ်လုပ်ပါဆိုရင် လူနည်းစုရှိတဲ့ ပါတီဘက်က ဘယ်လိုပြိုင်ပြိုင်၊ ဘယ်လောက် ဒီမိုကရေစီကျကျ မနိုင်နိုင်ဘူး။ လွှတ်တော်မှာ ကိုယ်စားပြုခွင့် ဆုံးရှုံးရတဲ့ အခြေအနေမှာ ပြန်လည်စဉ်းစားသင့်တယ်။ အမျိုးသားလွှတ်တော်ရဲ့ သတ်မှတ်ချက်ကိုလည်း မြို့နယ်ကို အခြေပြုပြီး စဉ်းစားမယ်ဆိုရင်တော့ ပိုပြီးတော့ မျှတပါမယ်။ တရားလည်း တရားမယ်။ မျှလည်းမျှတမယ်ဆိုရင် ဒီရွေးကောက်ပွဲက ပိုပြီးတော့ အဓိပ္ပာယ်ရှိမယ်"ဟု ၎င်းကပြော သည်။ 
    ဆက်လက်၍ "ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းပြီး မြန်မာနိုင်ငံအစိုးရကို ဖွဲ့တဲ့အချိန်မှာ တကယ်လို့များ အမျိုးသားလွှတ်တော်ကို မြို့နယ်ကို အခြေပြုပြီးတော့ ဖွဲ့စည်းခဲ့မယ်ဆိုရင် လွှတ်တော်အမတ်ဦးရေလည်း တိုးလာပြီးတော့ ပြည်နယ်အဆင့်မှာ အစိုးရဖွဲ့မယ်ဆိုရင်လည်း ထိုနည်းလည်းကောင်းပဲ ဖြစ်မယ်။ ပြည်ထောင်စုလွှတ်တော်အတွက်လည်း အများကြီးပံ့ပိုးမှု ဖြစ်နိုင်မယ်"ဟု ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် နာဂအမျိုးသားပါတီဥက္ကဋ္ဌ ဦးရှုမောင်က အထက်ပါအတိုင်း တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ကွန်းဈာန်

Total Views ~ 117

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43044

© 2022 - 2025 News. All Rights Reserved.