အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းအတွင်း နိုင်ငံတည်ငြိမ်အောင်ဆောင်ရွက်ပြီး နိုဝင်ဘာတွင် ရွေးကောက်ပွဲဖြစ်လိမ့်မည်ဟု နိုင်ငံရေးပါတီများခန့်မှန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၅
    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာထားသည့် ခြောက်လသက်တမ်းကာလအတွင်း ဦးစားပေး ဆောင်ရွက်သွားဖွယ်ရှိနေပြီး နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပလိမ့်မည်ဟု နိုင်ငံရေးပါတီများက ခန့်မှန်း တွက်ဆနေကြသည်။
    "ခြောက်လ သက်တမ်းတိုးတဲ့အထဲမှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တစ်ချက်ပါတယ်။ ပါတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ပုံမှန်အားဖြင့် ရွေးကောက်ပွဲရာသီ ရွေးကောက်ပွဲ လုပ်လေ့လုပ်ထရှိတာက နိုဝင်ဘာမှာ ရွေးကောက်ပွဲ လုပ်လေ့လုပ်ထရှိတယ်။ နိုဝင်ဘာမှ ရွေးကောက်ပွဲလုပ်ဖို့အတွက်ဆိုလို့ရှိရင် မေလမှာ ရွေးကောက်ပွဲ ကျင်းပတယ်ဆိုတာကို ကြေညာရတော့မှာ ဖြစ်တယ်။ မေလသည် အခုသက်တမ်းတိုးတဲ့ သက်တမ်းတိုးကာလရဲ့ သုံးလတာကာလကို ရောက်သွားတယ်။ ကျွန်တော်တို့တွက်တာက ခြောက်လ သက်တမ်းတိုးသော်ငြားလည်းပဲ သူသုံးလအတွင်းမှာ လုံခြုံရေး တည်ငြိမ်အောင်လုပ်မယ်။ လုံခြုံရေး တည်ငြိမ်အောင် လုပ်ပြီးတော့ သုံးလပြည့်တဲ့ကာလမှာ ကာ/လုံကို ပြန်အပ်လိုက်လို့ရှိရင် ကာ/လုံက ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပတဲ့အခါမှာ နိုဝင်ဘာလမှာ ရွေးကောက်ပွဲကို ကျင်းပသွားနိုင်တဲ့ အခြေအနေကို ရောက်မှာ။ နောက်တစ်ခုက နိုဝင်ဘာမှာ ရွေးကောက်ပွဲကျင်းပမှသာလျှင် ရက်ပေါင်း ၉၀ အတွင်းမှာ လွှတ်တော်ပေါ်ပေါက်လာမယ်။ လွှတ်တော်ခေါ်လာမယ်။ လွှတ်တော် ပေါ်ပေါက်လာရင် နောက်နှစ်ရဲ့ ဘတ်ဂျက်ကို လွှတ်တော်က ဆွဲရမှာ။ အဲဒီတော့ လွှတ်တော်သည် ဖေဖော်ဝါရီလဆန်းလောက်မှာ လွှတ်တော်ခေါ်ရမယ်။ ဖေဖော်ဝါရီလဆန်းလောက်မှာ လွှတ်တော်ခေါ်ရင် ဖေဖော်ဝါရီ နဲ့မတ်လ နှစ်လမှာတက်လာတဲ့ လွှတ်တော်အသစ်ကနေပြီးတော့ ဘတ်ဂျက်ရေးဆွဲပြီးရင် ဧပြီ ၁ ရက်မှာ ဘတ်ဂျက်အသစ်နဲ့ အစိုးရက လည်ပတ်လုပ်ကိုင်နိုင်တဲ့ အခြေအနေရှိတယ်။ ဒါကတော့ ပုံမှန်သွားနေတဲ့ လမ်းကြောင်းပဲ"ဟူ၍ ပြည်သူ့ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက သုံးသပ် ထားသည်။
    ၂၀၂၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပေးနိုင်ရေးပြင်ဆင်နေကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသလို ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု UEC ဥက္ကဋ္ဌ ကလည်း ပြောကြားထားသည်။ ယင်းအခြေနေကြောင့် နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ဖြစ်လိမ့်မည်ဟု နိုင်ငံရေးပါတီများက တွက်ဆခန့်မှန်းနေကြခြင်းဖြစ်သည်။ "ပုံမှန်အတိုင်း ခြောက်လက ဇူလိုင်မှာပြည့်ပြီး သြဂုတ်မှာ ကာ/လုံကို ပြန်အပ်မယ်ဆိုရင် ရွေးကောက်ပွဲက ၂၀၂၅ ထဲမှာ မဖြစ်တော့ဘူး။ ၂၀၂၆ ကို ရောက်သွားမယ့် အနေအထားဖြစ်သွားပြီ။ ဒါကြောင့် နိုဝင်ဘာမှာ ရွေးကောက် ပွဲကျင်းပလေ့ရှိတာနဲ့ အဲဒီလမ်းကြောင်းမျိုးကို ပြန်ပြီးစဉ်းစားရင် ကျွန်တော်တို့ တွက်တာက ခြောက်လ လုံး အပြည့်မယူလောက်ဘူး။ သုံးလကို လုံခြုံရေးတွေဘာတွေ လုပ်မယ်။ လုပ်ပြီးတော့ သုံးလပြည့်တဲ့ အချိန်မှာ ကာ/လုံကို ပြန်အပ်ပြီးတော့ ရွေးကောက်ပွဲလုပ်လိမ့်မယ်လို့ တွက်ဆထားပါတယ်"ဟု ဦးလှ ဌေးက ရှင်းပြသည်။
    နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ခြောက်လ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်က နိုင်ငံတော်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၅)မှ ဆုံးဖြတ်ခဲ့သည်။ အစည်းအဝေးတွင် ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခင် ခြောက်လအတွင်း ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီးနောက် မိမိတို့အားလုံး ရည်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်းနှင့် ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်ပြီး တရားမျှတမှု အပြည့်ရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    နစကအစိုးရသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားပြီးသားဖြစ်၍ခြောက်လအတွင်း တရားဥပ‌ဒေစိုးမိုးရေး တည်ငြိမ်ရေးကို ကြိုးစားဆောင် ရွက်လိမ့်မည်ဟူ၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ၎င်း၏အမြင်ကို ပြောပြသည်။ (ညီသစ်)

Total Views ~ 87

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.