အားကစား၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် ဘရာဇီးလ်ဆွေးနွေး

၂၀၂၄ ဖေဖော်ဝါရီ ၁၄

    မြန်မာနှင့် ဘရာဇီးလ် နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ကြမည့် အားကစား၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့်ပတ်သက်၍ ဘရာဇီးလ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး . H.E. Mr. Gustavo Rocha de Menezes တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
    ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ  ဘရာဇီးလ်သံအမတ်ကြီး H.E. Mr. Gustavo Rochade Menezes ၏ နေအိမ်၌ ဘရာဇီးလ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင် ကျော်ဇံနှင့် ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ဆုံစဉ်  သံအမတ်ကြီး ဦးအောင်ကျော်ဇံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချူပ်ထံ သံအမတ် ခန့်အပ်လွှာပေးအပ်နိုင်ခဲ့ပြီးဖြစ်သော ဘရာဇီးလ်သံ အမတ်ကြီးအား ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ဦးစွာပြောကြားခဲ့ကြောင်း သိရသည်။
    မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရေးကိစ္စ၊ နှစ်နိုင်ငံလက်မှတ်ရေးထိုးထားသည့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့် ၂၀၂၄-၂၈ ဘရာဇီးလ် - အာဆီယံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ (PCA) အောက်မှတစ်ဆင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင်တွေ့ဆုံရာတွင် နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အားကစားနှင့် ယဉ်ကျေးမှု၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေနိုင်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။  
    ဆက်လက်၍ သံရုံးနှစ်ရုံးအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံရေးကိစ္စနှင့် နှစ်နိုင်ငံအစိုးရချင်းသာမက ပြည်သူနှစ်ရပ် အကြား အပြန်အလှန် နားလည်မှု တိုးမြှင့် နိုင်ရေးနည်းလမ်းများ ရှာဖွေရေး ကိစ္စရပ် များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

Total Views ~ 482

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43017

© 2022 - 2025 News. All Rights Reserved.