ရန်ကုန်၊ ဇန်နဝါရီ ၂၉
ပြည်တွင်း အိမ်ခြံမြေဈေးကွက်တွင် အငှားဈေးကွက်မြင့်တက်ရခြင်းမှာ ငွေကြေးဖောင်းပွမှုကြောင့် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဒေါ်မြတ်မိုမိုက မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ၂၀၂၅ ခုနှစ် နှစ်သစ်ကူးညစာစားပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
"လက်ရှိ အိမ်ခြံမြေဈေးကွက် အခြေအနေက အရင်တုန်းကတော့ ဝယ်လိုအားများတယ်။ အခု နောက်ပိုင်း ဝယ်လိုအားကတော့ နည်းနည်းအေးသွားတယ်။ အငှားဈေးကွက်ကတော့ အခုထက်ထိ ဆက်လက်မြင့်တက်လျက်ရှိပါတယ်။ အငှားဈေးကွက်က အရမ်းကောင်းပါတယ်။ ရန်ကုန်မြို့မှာ Down Town ခြောက်မြို့နယ်ရှိတယ်။ အခြားသော မြို့နယ်တွေမှာလည်း ဒီဘက်ကိုရောက်လာတဲ့သူတွေက အချိန်တန်ရင် သူတို့နေရပ်ဒေသကို ပြန်မှာဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့က မဝယ်ဘဲနဲ့ ငှားကြတာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးပစ္စည်း ကုန်ကျတဲ့ပစ္စည်း စရိတ်တွေက များတဲ့အတွက်ကြောင့်မို့ ဆောက်လုပ်ပြီးစီးတဲ့ တိုက်ခန်းတွေက ဝင်ရောက်လာတဲ့သူတွေကြောင့် အငှားဈေးကွက်က မလုံလောက်တော့ဘူး။ မလုံလောက်တဲ့ အတွက်ကြောင့်မို့ ငှားရမ်းလိုသူ များပြားတဲ့အတွက် ငှားရမ်းခနှုန်းထားတွေ ဈေးမြင့်တက်လာရခြင်း ဖြစ်ပါတယ်။ အရင်တုန်းက ငါးသိန်းနဲ့ငှားလို့ရတဲ့အခန်းက အခု ချိန်ဆိုရင်တော့ ရှစ်သိန်း၊ ၁၀ သိန်းဖြစ်သွား မယ်ဆိုပေမယ့်လည်း ငွေကြေးဖောင်းပွမှုအရ မြင့် တက်တယ်လို့လည်း မဆိုလိုနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။
ထို့အပြင် အိမ်ခြံမြေဈေးကွက်တွင် ရောင်းသူ၊ ဝယ်သူများအနေဖြင့် ရောင်းမှား၊ ဝယ်မှားမဖြစ်ရန် သတ်မှတ်ထားသည့် စည်းမျဉ်းများအတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရောင်းသူ၊ ဝယ်သူများ အနေဖြင့်လည်း ဈေးကွက်တန်ဖိုး (Market Price)ကို နားလည်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
"ရောင်းသူဝယ်သူက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကျင့်ဝတ်တွေရှိပါတယ်။ ဒါက ဘာလဲဆိုတော့ အကျိုးဆောင်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်မို့ ရောင်းတဲ့သူကလည်း ဈေး ကွက်တန်ဖိုး (Market Price) ကို သေသေချာချာ သိရမယ်။ ရောင်းချင်တဲ့ဈေးက တစ်ဈေး၊ လိုချင်တဲ့ဈေးက တစ်ဈေး ဖြစ်နေလို့ မရဘူး။ ဝယ်သူဘက်ကလည်း အခြေအနေအရ ဈေးလျှော့ပြီးတော့ ဝယ်လိုက်မယ်။ ဈေးကွက်ပေါက်ဈေးရှိတာကို စိတ်မဝင်စားဘဲနဲ့ ဈေးကိုနှိမ်ပြီး ဝယ်လို့တော့ မဖြစ်ပါဘူး။ ဒါကြောင့်မို့ အဝယ်ရော၊ အရောင်းရော မျှမျှတတ ရှိစေချင်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းက အာဆီယံအဖွဲ့ထဲမှာ Arena အဖွဲ့ဝင်လည်း ဖြစ်သွားပြီ။ နောက်ထပ်လည်း ဒီ့ထက်ပိုမြင့်တဲ့ အဖွဲ့အစည်းတွေနဲ့လက်တွဲနိုင်အောင် ကြိုးစားလျက် ရှိပါတယ်။ ဆက်လက်ပြီး ကျွန်မတို့ရဲ့ အကျိုးဆောင်ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ် ဆောင်သွားဖို့ ဖြစ်ပါတယ်"ဟု ၎င်းက ဆက် လက်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်း ချီးမြှင့်သည့် President Award ဆု ကိုးဆုကို ချီးမြှင့်ခဲ့ပြီး ၂၀၂၄ ခုနှစ် မြို့နယ်များအလိုက် လုပ်ငန်းစွမ်းဆောင်ရည်ဆုချီးမြှင့်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်က ပထမ ရရှိသွားကြောင်း သိရသည်။ သက်မှူး