၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ထိုင်းခရီးသွားဧည့်သည် ကိုးသိန်းကျော် ဝင်ရောက်ခဲ့

၂၀၂၄ ၊ မတ် ၇
    ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၁ ဒသမ ၃ သန်း ခန့်ရှိပြီး ၎င်းအနက်မှ ထိုင်းခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ကိုးသိန်းကျော်ဖြစ်သည့်အတွက် ယမန်နှစ် တစ်နှစ်တာကာလအတွင်း ထိုင်းခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၇၄ ရာခိုင်နှုန်းရှိခဲ့ ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
    ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ Best International Travel & Agency တို့၏ စီစဉ်ဆောင်ရွက်မှုဖြင့်လာ ရောက်သော ထိုင်းနိုင်ငံသား ရိုက်ကူးရေး အဖွဲ့ဝင်များအား တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်န ဝါရီလတွင် ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ တစ်သိန်းလေးသောင်းခန့် ဝင် ရောက်ခဲ့ပြီး ၎င်းအနက်မှ ထိုင်းခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ တစ်သိန်းတစ်သောင်း ကျော်ဖြစ်သည့်အတွက် တစ်လတာကာလအတွင်း ထိုင်းခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၈၄ ရာခိုင်နှုန်းရှိကြောင်း ဖြည့် စွက်ပြောကြားခဲ့သည်။
    ထိုင်းခရီးသွား ဧည့်သည်များအနေဖြင့် ပိုမိုသိရှိ လာရောက်လည်ပတ်စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ခရီးလှည့်လည် ရေးလုပ်ငန်းလိုင်စင် ရယူထားသော Sai Swe ကုမ္ပဏီလီမိတက်နှင့် ထိုင်းနိုင်ငံရှိ Best International Travel & Agency တို့ ပူးပေါင်း စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသားရိုက်ကူးရေးအဖွဲ့ဝင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်နှင့် ပုဂံမြို့ ရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသော နေရာများကို ရိုက်ကူးရန် ခရီးစဉ် ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။
    အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ရတနာဆင်ဖြူတော်များ၊ လွှတ်တော်၊ ပုဂံဒေသရှိ  ပုဂံရှုခင်းအလှနှင့် ပုဂံဒေသ၏ နေထွက်ရှုခင်းအလှများကို ရိုက်ကူးရေးဆောင်ရွက်ပြီး ထိုင်းနိုင်ငံတွင် ထုတ်လွှင့်လျက်ရှိသော Channel-8 ရုပ်သံလိုင်းနှင့် အခြားလူမှု ကွန်ရက်များမှတစ်ဆင့် ထိုင်းခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည် ပတ်နိုင်စေရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Total Views ~ 436

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43049

© 2022 - 2025 News. All Rights Reserved.