၃၂ ရက်အတွင်း အွန်လိုင်းလိမ်လည်မှုမှ ပြည်ပနိုင်ငံသား ၃၇၀၀ ကျော် ထိန်းသိမ်းခဲ့ပြီး ၇၅၀ ကျော် ပြန်လည်လွှဲပြောင်းထား

ရန်ကုန်၊ မတ် ၅
    ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မတ်လ ၂ ရက်အထိ ရက်ပေါင်း ၃၂ ရက်အတွင်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၃၄၇၄ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇၅၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၇၁၇ ဦးကို သက် ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ 
    ဖေဖော်ဝါရီလအတွင်း တရားမဝင် ဝင်ရောက်နေမှုကို စိစစ်ဖော်ထုတ်ခဲ့မှုနှင့် ပြန်လည်လွှဲပြောင်းမှု သတင်းမှတ်တမ်းများအရ ဖေဖော်ဝါရီ ၆ ရက်တွင် ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုနှင့် KK Park  နယ်မြေအတွင်း Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်စေရန် ငွေကြေးမက်လုံးပေး စည်းရုံးမှုများဖြင့် အဓမ္မလူကုန်ကူးခြင်း ခံထားရသည့် တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန် နိုင်ငံသားတစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ငါးဦး၊ အီသီယိုးပီးယားနိုင်ငံသား တစ်ဦး၊ ပါကစ္စတန်နိုင်ငံသားတစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၆၁ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည် ရေးတံတားမှ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့အပြင် ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်အထိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများကို လုံခြုံရေးဆောင်ရွက်ပေးနေသူ ငါးဦး၊  တရုတ်နိုင်ငံသား အမျိုးသား ၄၈ ဦး၊ အမျိုး သမီးနှစ်ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသားငါးဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၁၀၂ ဦးတို့အား တရားမဝင် အွန်လိုင်းလောင်း ကစားနှင့် ငွေကြေးလိမ်လည်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၂၆၀ ၊ Laptop ၂၅ လုံး၊ Destop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wifi စက်နှစ်လုံး၊ Starlink ခုနစ်လုံး၊ လက်နက်မျိုးစုံ ခုနစ်လက်၊ ကွန်ပျူတာ ၇၂ လုံး၊ ငါးဂိမ်းစက်ငါးလုံး၊ မော်တော်ယာဉ်မျိုးစုံ သုံးစီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    ဖေဖော်ဝါရီ ၁၄ ရက်တွင် ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ လုပ်ဆောင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံး ပေးစည်းရုံးမှုများဖြင့် အဓမ္မလူကုန်ကူးခြင်း ခံရသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၉၄ ဦး၊ အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၂၀၀ တို့အား ဖော်ထုတ်ဖမ်း ဆီးရမိခဲ့သည်။ ဖေဖော်ဝါရီ ၁၉ ရက်တွင် မြဝတီမြို့-ရွှေကုက္ကိုနှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၅၀ ကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။ ထပ်မံ၍ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုနှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ် ဆေးဖော်ထုတ်ရာ ပြည်ပနိုင်ငံသား ၂၁၀  ကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။ ယင်းနေ့၌ ပင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများနှင့် ဒုစရိုက်မှုများ လုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၀၀ ကို လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကြောင့် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင် ရာ နိုင်ငံသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။ 
    ထို့အပြင် ဖေဖော်ဝါရီ ၂၁ ရက်တွင် ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုနှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများနှင့် ဒုစရိုက်မှုများ လုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၀၀ ကို လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကြောင့် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။ ယင်းနေ့တွင်လည်း ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုနှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးခဲ့ကြသူများကို  စစ်ဆေးဖော်ထုတ်ရာ ပြည်ပနိုင်ငံသား ၂၂၂ ဦးကို ထပ်မံ ထိန်းသိမ်းနိုင်ခဲ့သည်။
    ဖေဖော်ဝါရီ ၂၂ ရက်တွင် တရုတ်နိုင်ငံသား ၁၁၁ ဦးကို မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည် ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသို့လည်းကောင်း၊ ထိုင်း နိုင်ငံသားတစ်ဦးကို မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။ 
    ဆက်လက်၍ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုနှင့် KK Park နယ် မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ ကြသူ ပြည်ပနိုင်ငံသား ၁၀၉ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီ ၂၄ ရက်တွင် တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံ သား  ၁၅၀ ကို ထပ်မံ စစ်ဆေးဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် Online လောင်း ကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။ 
    ဖေဖော်ဝါရီ ၂၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးကို မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ် ကြည်ရင်းနှီးမှုအရ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။ ယင်းနေ့တွင်ပင် ထိုင်းနိုင်ငံ အပါအ ဝင် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကို၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၈၇ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်း တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၀၀ ကို ထပ်မံစစ်ဆေး ဖော်ထုတ် ထိန်းသိမ်းခဲ့သည်။ 
    မတ် ၁ ရက်တွင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကို၊ မယ်ထော်သလေးနှင့် KK Park နယ်မြေ များတွင် တရားမဝင် Online လောင်း ကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်ခဲ့ရာ ပြည်ပနိုင်ငံသား ၂၀၈ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သလို မတ်လ ၂ ရက် တွင်လည်း ပြည်ပနိုင်ငံသား ၁၄၁ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့သည်။ထိန်းသိမ်းနိုင်ခဲ့သော ပြည်ပနိုင်ငံသားများမှာ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဂါနာနှင့် တရုတ် (တိုင်ပေ)တို့မှ နိုင်ငံသားများ ဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 83

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.