AA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များအား အရပ်ဘက်အဖွဲ့ ၁၉ ဖွဲ့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂
    ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ်များ၌ ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကိုငဲ့ညှာ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့် တပ်မတော်သားများအား AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်းသဘောထားများ အသီးသီးထုတ်ပြန်ထားသည်။
    AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime)မြောက်သည့်  အကြမ်းဖက်လုပ်ရပ်များအပေါ် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိသည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း- YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်နှင့် ပိန္နဲကုန်း ရခိုင်ဂျာမေဗလီတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
    ထုတ်ပြန်ချက်များအရ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် ၂၀၂၃ ခုနှစ်မှစတင်၍ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာများနှင့် လုံခြုံရေးစခန်းများ၊ တပ်မတော်စခန်းများကို ရှော့ခ်တိုက်ဒုံးများ၊ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone Bomb များဖြင့် ယနေ့ထက်တိုင် တိုက်ခိုက်ဖျက်ဆီး လျက်ရှိကြောင်း၊ တိုက်ခိုက်ရာတွင် စစ်ကိုမလိုလားသော ဒေသခံရခိုင်တိုင်းရင်းသား ပြည်သူများအနေဖြင့် နေရင်းနေရပ်များကို စွန့်ခွာသွားကြရပြီး အဆိုပါ ရခိုင်တိုင်းရင်းသားများရောက်ရှိရာ မြို့ရွာဒေသများတွင် ဒေသခံမြန်မာပြည်သူများက ကူညီဖေးမပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
    ထို့အပြင် AA အကြမ်းဖက်သောင်း ကျန်းသူများ၏ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များထိခိုက် ဒဏ်ရာရသေဆုံးမှုများရှိခဲ့ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အချို့ဖြစ်စဉ်များတွင် ဒေသခံပြည်သူများအား ငဲ့ညှာသောအားဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုအား ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အနေဖြင့် AA အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်မှုခံခဲ့ရပြီး လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ယုတ်မာစွာ ကျူးလွန်နေသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။
    ထို့အပြင် AA အကြမ်းဖက်သောင်း ကျန်းသူများသည် တိုက်ပွဲအတွင်း ဖမ်းဆီးထားသော စစ်သုံ့ပန်းများကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ခြင်း၊ ကျောက်တော်နယ်မြေ၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ မိသားစုဝင်များ စီးနင်းလိုက်ပါလာသော သင်္ဘောကိုဖောက်ခွဲ တိုက်ခိုက်ဖျက်ဆီးပြီး ရေထဲတွင် မျောပါနေသည့် အမျိုးသမီးနှင့် ကလေးငယ်များပါမကျန် ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ခြင်း သည် ဂျနီဗာကွန်ဗင်း ရှင်းကို ဖောက်ဖျက်သည့် စစ်ရာဇဝတ်မှု (War Crime) မြောက်သော လူမဆန်သည့် လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း ရှုတ်ချကန့်ကွက် ရေးသားထားသည်။
    ဆက်လက်၍ ရခိုင်ပြည်နယ်ကြီးကို ပျက်စီးအောင်ပြုလုပ်နေသည့်၊ ဂျနီဗာကွန်ဗင်းရှင်းကို ဖောက်ဖျက်ပြီး စစ်ရာဇဝတ်မှုများကို ရက်ရက် စက်စက် ကျူးလွန်နေသည့် AA အကြမ်းဖက် သောင်းကျန်းသူများ အမြန်ဆုံးချုပ်ငြိမ်းအောင် တိုက်ဖျက်ကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှုမရှိဘဲ စစ်ရာဇဝတ်မှုများကို ရက်စက်စွာကျူးလွန်နေသည့် AA အကြမ်းဖက်သောင်းကျန်းသူများကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ချက် အသီးသီးကို ထုတ်ပြန်ထားသည်။ ထူးမြတ်

Total Views ~ 115

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43037

© 2022 - 2025 News. All Rights Reserved.