ရန်ကုန်၊ မတ် ၂၆
ပြည်တွင်း ဒီဂျစ်တယ်ငွေကြေး အက်ပလီကေးရှင်းတစ်ခုဖြစ်သော K pay သုံးစွဲမှုအပေါ် ပြည်သူများ ယုံကြည်မှုကျဆင်းလာပြီး အခြားသော ဒီဂျစ်တယ်ငွေကြေးပလက်ဖောင်းများ သုံးစွဲရေးကို ပြည်သူများအကြား တိုက်တွန်း လှုံ့ဆော်မှုများရှိလာနေကြောင်း သိရသည်။ ငွေကြေးလိမ်လည်လို သူများ၏ ပစ်မှတ်ထားခံရခြင်း၊ ငွေကြေးလိမ်လည်ခံရမှုများကို တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်းများကြောင့် သုံးစွဲမှုအပေါ် ယုံကြည်မှု ကျဆင်းလားခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း ဒီဂျစ်တယ်ငွေကြေး လှည့်လည်သုံးစွဲရာတွင် ဒီဂျစ်တယ်ငွေကြေး ပလက်ဖောင်းအဖြစ် Wave Money နှင့် K pay ကို အသုံးပြုမှုများပြားပြီး ယခုအခါတွင် K pay အက်ပလီကေးရှင်းကို အသုံးချကာ ငွေကြေးလိမ်လည်မှုများ၊ တရားမဝင်ငွေကြေး လွှဲပြောင်းမှုများ ပြုလုပ်နေကြသဖြင့် ယင်းအကြောင်းအရာများနှင့်ပတ်သက်၍ ဒီဂျစ်တယ် ငွေကြေးသုံးစွဲသူများအကြား ယုံကြည်မှုကျဆင်း လာရခြင်းဖြစ်ကြောင်း သိရသည်။
"ခုလတ်တလော လူမှုကွန်ရက်မှာပဲ ကြည့်ကြည့်၊ ဘယ်မှာပဲ ကြည့်ကြည့်ဗျာ K pay နဲ့ပတ်သက်ပြီး သုံးစွဲသူတွေကိုပစ်မှတ် ထားလိမ်လည်နေကြတာ တွေ့ရတာပဲဗျာ။ လူမှုကွန်ရက်သုံးစွဲ သူတွေထဲမှာ နာမည်ကြီးသူတွေကို သွားလိမ်လို့ အလိမ်ခံရသူက ဘယ်လိုတုံ့ပြန်လည်းဆိုတာ အများ သူငှာသိအောင် ဟာသသဘောတွေ ရိုက်ပြီးဝေငှတယ်။ ဒါတွေက ဒီဂျစ်တယ်ငွေကြေးကို နားလည်တဲ့ လူတွေဖြစ်လို့ အလိမ်မခံရတာလေ။ နောက်ကွယ်မှာ နားမလည်ဘဲ အလိမ်ခံလိုက်ရတဲ့ပြည်သူတွေ ဘယ်လောက်ရှိနေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ နောက်ပြီး ငွေကြေးတွေ လွှဲပြောင်းတာနဲ့ ပတ်သက်ပြီးဝေဖန်မှုတွေလည်း ဆက်တိုက်ပဲလေ။ ဒီလို ဖြစ်ရင် K pay အနေနဲ့က တာဝန်ယူမှု၊ တာ ဝန်ခံမှု လိုအပ်တယ်ဗျ။ အခုအလိမ်ခံရတဲ့ ပြည်သူတွေက တော်တော်များများ သိနေကြ ပြီ။ ုစပေ ဘက် က ကုဒ်ခြောက်လုံး ဘယ်သူ့ကိုမှ မပြောပါနဲ့ လျှို့ဝှက်ထားပါလောက်နဲ့ပဲ တန့်နေတယ်။ ဒီ့ထက်ထိရောက်တဲ့ သုံးစွဲသူအပေါ် ကာကွယ်ပေးမှုတွေ လိုအပ်တယ်။ တစ်နေ့တစ်ခါ အရည်မရအဖတ်အရတွေ K pay က စာတွေ့ပို့နေမယ့်အစား ပြည်သူတွေ ယုံကြည်မှုပိုလာအောင် လုပ်စေချင်ပါတယ်"ဟု K pay အသုံးပြုသူတစ်ဦးက ပြောသည်။
K pay အကောင့်မှတစ်ဆင့် ငွေကြေးများကို မသမာသူများက ထုတ်ယူခံရ ခြင်းမှာ မိုဘိုင်း ငွေကြေးစနစ်ဝန်ဆောင်မှု ပေးသူများ၏စနစ်အား နည်းပညာဖြင့် ဖောက်ထွင်းဝင်ရောက်ပြီး လိမ်လည်ရယူခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒီဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အများပြည်သူများအနေဖြင့် မိုဘိုင်းဖုန်းသုံးစွဲမှုနှင့် မိုဘိုင်းငွေပေးချေမှုနည်းလမ်းများ သုံးစွဲမှုများပြားလာခဲ့ကြောင်း၊ ထိုသို့ သုံးစွဲလျက်ရှိသည့်အတွက် မသမာသူများကလည်း မသိနားမလည် သူများအား ဆွဲဆောင်စည်းရုံးခြင်း၊ ခြိမ်း ခြောက်ခြင်း စသည့် လိမ်လည်လှည့်ဖြားမှု နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူစုဆောင်းခြင်း၊ OTP နံပါတ်များ၊ လုံခြုံရေးနံပါတ် (Password)များအား နည်းလမ်း အမျိုးမျိုးဖြင့်ရယူခြင်း၊ ဒီဂျစ်တယ်နည်းပညာကိုအသုံးပြု၍ ဘဏ်နှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ၎င်းတို့နှင့် ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက် ဝန်ဆောင်မှု ပေးသူများမှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံဝန်ဆောင်မှု ပေးသူများ၏ စနစ်အား ဖောက်ထွင်း၍ နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများ ဆောင်ရွက်ပြီး သုံးစွဲသူများ၏ မိုဘိုင်း ငွေကြေးများအား ဖောက်ထွင်းရယူ၍ လိမ်လည်ခြင်းများ ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငွေကြေးများ လိမ်လည်ရယူခံရသည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် KBZ Pay က ထုတ်ပြန်ခဲ့ရာတွင် လတ်တလော၌ အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူ ပြီး PIN နံပါတ်ကို ခန့်မှန်းကာဝင်ရောက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သိရှိသတိပြုမိ ကြောင်း၊ အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံ မှုအပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ယခုဖြစ်စဉ်များကိုလည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ စုံစမ်းထုတ်ဖော်သွား မည်ဖြစ်ကြောင်း KBZ Pay မှ ထုတ်ပြန်ထားသည်။ ထူးမြတ်