KSPP ပါတီ ကချင်ပြည်နယ်အတွင်း မြို့နယ် ရှစ်ခုအထိ ပါတီရုံးများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ 
    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) က ပြည်နယ်အတွင်းရှိ မြို့နယ်ရှစ်ခုအထိ ပါတီရုံးများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။
    လတ်ရှိ အခြေအနေအရ ဗန်းမော်၊ မိုးမောက်၊ မံစီတို့တွင် နယ်မြေအနေအထားအရ ပါတီဝင်များ မရှိတော့၍ ပါတီမြို့နယ် ရုံးဖွင့်ရန် မသေချာသေးကြောင်း၊ သို့သော်လည်း ပါတီရုံးများ သတ်မှတ်လျာထားချက်အတိုင်း ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေး ကြိုးစားနေကြောင်း ကချင်ပြည်နယ်ပြည်သူ့ ပါတီ(KSPP) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    "ကချင်ပြည်နယ်အခြေစိုက်ပါတီ ဖြစ်တော့ ဖွင့်ရမှာက ငါးမြို့နယ်ပေါ့။ သို့သော် အတတ်နိုင်ဆုံး ရုံးတွေပိုဖွင့်နိုင်အောင် ကြိုးစားသွားမှာပါ။ လျာထားတာကတော့ ရှစ်မြို့နယ်လောက်အထိ ဖွင့်နိုင်မလား ဆိုပြီး ကြိုးစားနေတယ်။ ဖားကန့်က ဖွင့်ဖို့မသေချာသေးဘူး။ တနိုင်းတို့၊ မိုးကောင်းတို့တော့ ဖွင့်ဖို့လျာထားတယ်။ အခုလောလောဆယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ပူတာအို၊ မိုးညှင်းမြို့၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူး မြို့နယ်တွေမှာ ရုံးဖွင့်ထားတာပေါ့။ ဒါပေမဲ့ ခေါင်လန်ဖူးစာရင်းကတော့  တက်မလာသေးဘူး။ အဲဒီမှာက သွားရလာရခက်တယ်။ အဲဒီက ပြီးစီးတော့မှပဲ မြို့နယ်ရုံး စာရင်းအတိအကျ တက်လာလိမ့်မယ်။ အားလုံးပြီးစီးမှပဲ ပါတီဝင်စာရင်းတွေရော အကုန်လုံး UEC ကို တင်နိုင်မှာပါ"ဟူ၍ KSPP မှ တာဝန်ရှိက ပြောသည်။
    ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ကို ၂၀၂၄ ခုနှစ် သြဂုတ် ၁၉ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပ ဒေပုဒ်မ(၉)နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၄/၂၀၂၄ )ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းပါတီ၏  မှတ်ပုံတင်အမှတ်မှာ (၅၁) ဖြစ်သည်။ ညီသစ်

Total Views ~ 150

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43043

© 2022 - 2025 News. All Rights Reserved.