MAPCO မှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် အစုရှယ်ယာရှင်များအား အမြတ်ဝေစု ခွဲဝေပေးမည် 

ရန်ကုန်၊ နိုဝင်ဘာ ၂၀
    မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO)မှ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် အစုရှယ်ယာရှင်များအား အမြတ်ဝေစုခွဲဝေပေးမည်ဖြစ်ကြောင်း  နိုဝင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် MAPCO ကုမ္ပဏီလီမိတက် နှစ်ပတ်လည် အစည်းအဝေးမှ ကုမ္ပဏီ၏အုပ်ချုပ်မူ ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။ 
    ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုခွဲဝေထုတ်ပေးမည့် အစီအစဉ်ကို  နိုဝင်ဘာ ၆ ရက်တွင် ပြုလုပ်ခဲ့ရာ ဒါရိုက်တာအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ အစုရှယ်ယာတစ်စုအပေါ်တွင် အမြတ်ဝေစု ၇ ရာခိုင်နှုန်း ပေးချေမည်ဖြစ်ပြီး အမြတ်ဝေစု ထုတ်ပေးခြင်းကို မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ရုံးချုပ်၌ ဒီဇင်ဘာ ၁၆ ရက်မှစတင်၍ ငွေသားဖြင့်သော်လည်းကောင်း၊ ဘဏ်အကောင့်ဖြင့်သော်လည်းကောင်း အမြတ်ဝေစုပေးချေမည့် အစီအစဉ်အတိုင်း ပေးချေမည်ဖြစ်ပြီး အင်္ဂါ၊ ဗုဒ္ဒဟူး၊ ကြာသပတေးနေ့များတွင် ထုတ်ပေးသွားမည်ဖြစ်ပြီး ၎င်းရက်များတွင် လာရောက်ထုတ်ယူ နိုင်ခြင်းမရှိသည့် အစုရှယ်ယာရှင်များအား သောကြာနေ့တွင် ပြန်လည် စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
    မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်က"ပြီးခဲ့တဲ့နှစ်အတွက် အစုရှယ်ယာတစ်စုကို ၇ ရာခိုင်နှုန်း အမြတ်ဝေစု ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ရဲ့ အမြတ်ဝေစုထုတ်ပေးတဲ့ အနေအထားက အစုရှယ်ယာ ထည့်ဝင်ထားတဲ့ သူတွေအနေနဲ့ကတော့ ရှယ်ယာတန်ဖိုးလည်းတက်တယ်။ အမြတ်ဝေစုကတော့ အခွန်ဆောင်ပြီးသား ဖြစ်တဲ့ အမြတ်ဝေစုပေးတဲ့ အနေအထားဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 
    မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ၏ စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်း ရင်းနှီးမြှုပ်နှံမှုများအဖြစ် ပို့ကုန်သွင်းကုန်လုပ်ငန်းများတွင် ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန် တင်ပို့ ရောင်းချခြင်း၊ ပဲမျိုးစုံနှင့် စားပြောင်းတင်ပို့ ရောင်းချခြင်း၊ ဓာတ်မြေသြဇာ တင်သွင်းမှု (ကွန်ပေါင်း /ယူရီးယား)၊ လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများ တင်သွင်းမှု၊ လယ်ယာကဏ္ဍ ဝန်ဆောင်မှုလုပ်ငန်း များတွင် ကန်ထရိုက်လယ်ယာလုပ်ငန်း (စပါး/ဆီထွက်သီး နှံ)၊ သဘာဝဓာတ်မြေသြဇာ ထုတ်လုပ်ခြင်း လုပ်ငန်း၊ နွားမွေးမြူရေးထိန်းကျောင်း ဝန်ဆောင်မှုလုပ်ငန်း၊ ဆန်စပါးကြိတ်ခွဲ၊ သန့်စင်ရေးလုပ်ငန်း၊ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများအဖြစ်ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ် မှုစီမံကိန်း၊ ဆန်စက်သိုလှောင်ရုံနှင့် သီးနှံအခြောက်ခံစက်များ တည်ဆောက်ရေး စီမံကိန်း၊ ပီနန်အိတ်ခွံထုတ်လုပ်ရေး စက်ရုံစီမံကိန်း၊ စပါးခွံမှ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သက်မှူး

Total Views ~ 13

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31235

© 2022 - 2024 News. All Rights Reserved.