MNDAA မှ ဖမ်းဆီးထားသည့် အသက်(၁၅) နှစ်အရွယ်  နန်းယိင်းဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးရန် ကျားဖြူပါတီ တောင်းဆို 

ရန်ကုန်၊ မတ် ၅
    MNDAA မှဖမ်းဆီးထားသည့် အသက်(၁၅)နှစ်အရွယ်ရှိ နန်းယိင်းဟွမ်အား အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ  မတ်လ ၄ ရက်တွင်  သဘောထား‌ထုတ်ပြန် တောင်းဆိုလိုက်သည်။
    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် နားပင်းကျေးရွာ ရှင်ပြုပွဲသို့ အကြိုသွားရောက်နေသည့် အသက်(၁၅)နှစ်အရွယ်ရှိ နန်းယိင်းဟွမ်အား သူမ၏ ဖခင်ဖြစ်သူနှင့် သူငယ်ချင်း၏ ရှေ့မှောက်တွင် MNDAA မြန်မာအမျိုးသားဒီမိုကရက် တစ် မဟာမိတ်တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ထက်ထိတိုင် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ထုတ်ပြန်ထားသည်။
    ထိုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် အပြုအမူသည် တရားမဲ့ပြုကျင့်သည့် အပြုအမူဟု ယူဆသည်။ ထို့အပြင် အတူနေ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက် ပျက်ပြားစေနိုင်ကြောင်း ကျားဖြူပါတီမှ ထုတ်ပြန်ထားသည်။
    ထို့ကြောင့် အပြစ်မဲ့ပြီး မိဘအုပ်ထိန်းမှုအောက်တွင် ရှိနေရမည့် အသက်မပြည့်သေးသည့် နန်းယိင်းဟွမ်၏ ကျန်းမာရေးနှင့် စိတ်ဒဏ်ရာအတွက် စိုးရိမ်ရပါသဖြင့် ဖမ်းဆီးခံထားရသည့် နန်းယိင်းဟွမ်အား အမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန် MNDAA မှ တာဝန်ရှိ ပုဂ္ဂိုလ်များအား ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။  ညီသစ်

Total Views ~ 96

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.