NLD အစိုးရလက်ထက်က နိုင်ငံရေးသမားစစ်စစ်ထက် တက်ကြွလှုပ်ရှားသူများ ပိုမိုများခဲ့ခြင်းကြောင့် ယနေ့အခြေအနေ ကြုံတွေ့ခဲ့ရဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅
    NLD အစိုးရလက်ထက်က နိုင်ငံရေးကို နားလည်တတ်ကျွမ်းသော နိုင်ငံရေးသမားစစ်စစ်ထက် တက်ကြွလှုပ်ရှားသူများ ပိုမိုများပြားခဲ့ခြင်းကြောင့် ယခုအခြေအနေများကို ရင်ဆိုင်ခဲ့ရပြီး အနောက်နိုင်ငံကြီးများမှပေးသော သင်တန်းများကြောင့် လူငယ်ထု၏ နိုင်ငံရေးအတွေးအခေါ်များ မှားယွင်းခဲ့ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။ 
    ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် နိုင်ငံတော်အကျပ်အတည်းနှင့် အစိုးရ၊ နိုင်ငံသားများ၊ နိုင်ငံရေးပါတီ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲကို နိုင်ငံရေးပါတီများဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ရခိုင့်ဦးဆောင်ပါတီ၊ အမျိုးသား ဒီမိုကရေစီအင် အားစုပါတီ(NDF)နှင့်အတူ သနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
    "ကျွန်တော်တို့ငယ်ငယ် ဒီမိုကရေစီ လှုပ်ရှားမှုတွေလုပ်တဲ့ အချိန်မှာ ဒီမိုကရေစီ သွားမေးရင် လုပ်ချင်ရာလုပ် ကြက်ဝိုင်း ထောင်ထောင်၊ ဖဲဝိုင်းထောင်ထောင် ကိုယ်ကြိုက်ရာကိုယ်လုပ်တာ ဒီမိုကရေစီပဲဆိုတာ ကြားဖူးတယ်။ ဆိုလိုတာက လူတွေက ကိုယ့်စိတ်ထဲမှာ ကိုယ်ထင်ရာ ကိုယ်လုပ်တာ ဒီမိုကရေစီလို့ မြင်ကြတယ်။ ဒီအချိန်မှာ ဒီမိုကရေစီဆိုတာပြောနေကြတော့ ၈၈ ထက်တော့ နိုင်ငံရေး အသိပညာတွေ ပိုရလာပြီထင်တာ ပိုဆိုးသွားတယ်။ အထူးသဖြင့် အမေရိကန် စင်တာတို့၊ ဗြိတိသျှ ကောင်စီတို့မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေပေးတယ်။ ပေးပြီးတဲ့အချိန်မှာ လစ်ဘရယ်အတွက်ကောင်းတဲ့ အထောက်အပံ့တွေ မဖြစ်ဘူး။ အားနာပါးနာပြောရရင် လစ်ဘရယ်ကြောင့်၊ ပြီးတော့ တောခိုသွားတဲ့လူငယ် ၇၅ ရာခိုင်နှုန်းက အဲ့ဒီသင်တန်းတွေက ထွက်တဲ့ လူငယ်တွေ ဖြစ်နေတယ်။ စိတ်ခံစားချက်တွေ ဦးစားပေးတဲ့အတွက်ကြောင့် ဒီအခြေအနေတွေဟာ ဆိုးရွားသွားခဲ့ကြတယ်။ အညာဒေသမှာ PDF တွေ များတယ်။ သူတို့ဘယ်က အိုင်ဒီယာ ရသွားလဲဆိုရင် အရင် အစိုးရလက်ထက်မှာ မန္တလေးတိုင်းရယ်၊ စစ်ကိုင်းတိုင်းရယ်၊ မကွေးတိုင်းရယ် အဲဒီက ဝန်ကြီးချုပ်တွေက ပွင့်ပွင့်လင်းလင်း ပြောရရင် ဗကပပေါ့၊ အိုင်ဒီယာရှိတော့ အဲဒီဘက်ပိုင်းက လူငယ်တွေက တော်လှန်ရေးဆိုတာ အားသက်ရောက်သွားတယ်။ ကျွန်တော်တို့ဟာ NLD ခေတ်ကို ပြန်ကြည့်ရင် နိုင်ငံရေးသမားစစ်စစ်ကို မကြုံခဲ့ရဘဲ တက်ကြွလှုပ်ရှားသူတွေကိုပဲ တွေ့ရတယ်။ တက်ကြွလှုပ်ရှားသူတွေများခဲ့လို့ ခုလိုပြဿနာကြီးတွေနဲ့ရင်ဆိုင် နေရတာပါ"ဟု ဦးသိန်းထွန်းဦးကပြောသည်။ 
    အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေမှုသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုကြောင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုအပေါ်တွင် မဲမသမာမှု ပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အချို့က လူထု၏ စိတ်ခံစားချက်ကို အသုံးချပြီး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းက အစပြုခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း EAO များ အနေဖြင့်လည်း နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းပေါ်တွင် အခွင့်ကောင်းယူပြီး တိုင်းရင်းသားရေး၊ နိုင်ငံရေးအကြောင်းပြချက်များနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အစွန်းရောက် ယူဆချက်များနှင့် ၎င်းတို့လှုပ်ရှားသည့် နယ်မြေ များတွင် လှုံ့ဆော်အားပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ပြည်တွင်းပြည်ပမှ နိုင်ငံတော်အကျိုးကို မလိုလားသည့် ပြည်ဖျက်မီဒီယာများနှင့်ပူးပေါင်းပြီး မဟုတ်မမှန် သတင်းများကိုလည်း ဝါဒဖြန့်ခဲ့ကြကြောင်း၊ နိုင်ငံတစ်ဝန်းလုံး အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင် အချိန်ကိုက် ဟန်ချက်ညီညီဖြင့် လှုံ့ဆော်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ပြင် ဆင်ခြင်တုံတရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ ကိုလည်း ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းနှင့် ဖိအားပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါ ဖြစ်ရပ်များ၏အကျိုး မည်သူများ ရရှိခံစားရပါလဲ၊ မည်သူမှ မရပါကြောင်း၊ နိုင်ငံ၏ ဆုံးရှုံးမှုများသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လိုလားပါသည်ဟုဆိုပြီး လှုံ့ဆော်အားပေးနေသည့် နိုင်ငံများ၊ လူပုဂ္ဂိုလ်များ စဉ်းစားကြရန်လို ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားထားသည်။ 
(ထူးမြတ်)

Total Views ~ 95

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.