NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှု ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောတူညီချက် ၄၀ ကျော် ရရှိထား

ရန်ကုန်၊ ဇန်နဝါရီ ၂၉
    အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ တွေ့ဆုံဆွေးနွေးမှုများအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သဘောတူညီချက် ၄၀ ကျော် ရရှိထားကြောင်း သိရသည်။
    "အခုအချိန်အထိ ဟိုဘက်နဲ့ ဒီဘက်ကြားမှာ ၄၃ ချက် ပြင်ဆင်ဖို့အတွက် သဘောတူလိုက်ပြီ။ အဲဒီအချက်တွေက ဘယ်အစိုးရတက်တက်၊ ဘယ်လွှတ်တော်တက်တက် ပြင်ဆင်ဖို့အတွက် သဘောတူညီမှုရပြီးပြီ"ဟု ဖက်ဒရယ် ဒီမိုကရက်တစ် ပါတီဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ပြောသည်။
    NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃၊ ၂၄ ရက်တို့တွင် နေပြည်တော်ရှိ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံခဲ့သည်။ အဆိုပါနှစ်ရက်တာ တွေ့ဆုံဆွေးနွေးပွဲရလဒ်များ၊ အတွေ့အကြုံများနှင့်ပတ်သက်၍ ပြည်သူ့ပါတီမှ သတင်းထုတ်ပြန်ရာတွင်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ ဆွေးနွေးသဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
    ယင်းအချက်များအနက် "ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ဆောက်သည်"ဟူ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းရန် သဘောတူဆုံးဖြတ်နိုင်ခဲ့ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အာဏာခွဲဝေခြင်း၊ ဘဏ္ဍာရေး ဆိုင်ရာခွဲဝေခြင်းသည် အရေးပါကြောင်း ယင်းပါတီမှ ထုတ်ပြန်ခဲ့သည်။
    ထို့အပြင် အဆိုပါ သဘောတူညီချက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သက်ဆိုင်ရာ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်များမှ ရွေးကောက်တင်မြှောက်ခွင့် ရရှိလာမည်ဖြစ်ပြီး ပြည်နယ်မရရှိသော လူနည်းစုတိုင်းရင်းသားများအတွက်လည်း မိမိနေထိုင်ရာ ဒေသဆိုင်ရာအဆင့် ခရိုင်အုပ်ချုပ်ရေးမှူးများကို ဒေသခံပြည်သူများ၏ ရွေးကောက်တင်မြှောက်မှုဖြင့် ခန့်အပ်နိုင်မည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပင် ဖြစ်ကြောင်း၊ ဒီမိုကရေစီတွင် အပြန်အလှန် ထိန်းကျောင်းမှုသည် အရေးကြီးခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးတို့ကို သမာသမတ်ကျကျ လွတ်လပ်စွာ ဖွဲ့စည်းရပ်တည်နိုင်ရေးတို့ကိုလည်း ဆွေးနွေးသဘောတူညီမှုများ ရရှိခဲ့ကြောင်း ပြည်သူ့ပါတီမှ ထုတ်ပြန်ခဲ့သည်။    ညီသစ်

Total Views ~ 97

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.