ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံအနေဖြင့် Online လိမ်လည်မှု (Telecom Fraud)၊ Online လောင်းကစားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ ပြတ်ပြတ်သားသား ဖော်ထုတ်အရေးယူဆောင် ရွက်လျက်ရှိသည့် အခြေအနေများကို နိုင်ငံတော်အကြီးအကဲက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ ရက်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H. E.Mr. Maris Sangiampongsa ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက် ဂါရဝပြုတွေ့ဆုံစဉ်နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးရာတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ Online လိမ်လည်မှု(Telecom Fraud)၊ Online လောင်းကစားမှုများ လုပ်ဆောင်နေသူများနှင့် ပါဝင်ပတ် သက်နေသူများကို အိမ်နီးချင်း နိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်း ဖော်ထုတ် အရေးယူမှုများကို ပြတ်ပြတ်သားသားဆောင် ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင်ကုန်စည် စီးဆင်း မှုများနှင့် အကြမ်းဖက်မှုများ တိုက်ဖျက်ရေး၊ သတင်းအချက်အလက်များဖလှယ်ရေးတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးနိုင် ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Songwit Noonpackdee၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ထူးမြတ်