UID အတုလုပ်သူများကို အရေးယူမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၀
    ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူ၍ ငွေကြေးရယူ အမြတ်ထုတ်သူများအား ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
    လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သည့် လဝကရုံး(ဟစ်တိုင်)ဟု အမည်ပေးထားသော Facebook Group တွင် ပွဲစားများနှင့် ချိတ်ဆက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား(အတု)၊ Unique ID (UID) အတု များဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားဆောင်ရွက်လျက်ရှိပြီး ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို များစွာထိခိုက်စေသဖြင့် ဝန်ကြီးဌာနမှ ယင်းဖြစ်စဉ်အား စစ်ဆေးဖော်ထုတ်ခဲ့ကြောင်းသိရသည်။
    စစ်ဆေး ဖော်ထုတ်ချက်အရ Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ သုံးဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် လည်းကောင်း၊ Aent Hmue အကောင့်ပိုင်ရှင် အံ့မှူးပါ ၁၁ ဦးအား မင်္ဂလာဒုံမြို့ မရဲစခန်းတွင်လည်းကောင်း၊ ရဲထက်စိုးပါ ငါးဦးအား မြဝတီမြို့မရဲစခန်းတွင် လည်းကောင်း၊ သန့်ဇင်ထွန်းအား အင်းစိန်မြို့မရဲစခန်း၊ အောင်သူထက်အား စမ်းချောင်းမြို့မရဲစခန်း၊ ခင်မောင်ကျော်အား မော်လမြိုင်မြို့မရဲစခန်းနှင့် ထက်မြတ်အောင်အား ဒလမြို့မရဲစခန်းတွင် လည်းကောင်း တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆို အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 
    ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူ၍ ငွေကြေးရယူ အမြတ်ထုတ်သူများအား ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် e-ID စနစ်ဖြင့် UID နံပါတ်ရယူလိုသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ လဝကမြို့နယ် ရုံးများတွင် မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်အတူ လူကိုယ်တိုင်သွားရောက်၍ အခကြေးငွေကုန်ကျမှုမရှိဘဲ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
    လုပ်ငန်းဆိုင်ရာ အခက်အခဲများရှိပါက အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာန၏ Facebookစာမျက်နှာဖြစ်သည့် www.facebook.com /eIDDept မှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေး ကြေညာထားသည်။
ထူးမြတ်

Total Views ~ 25

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

31235

© 2022 - 2024 News. All Rights Reserved.