၂၀၂၄ အောက်တိုဘာ ၁၈
နိုင်ငံလည်း မပျက်စီးဘူး၊ တိုင်းပြည်လည်း စည်ပင်တိုး တက်လာစေရမယ်၊ တိုင်းရင်းသားဒေသတွေမှာလည်း ကိုယ့်ဒေသ၊ ကိုယ့်အုပ်ချုပ်ရေးနဲ့ကို ရှိနေရမယ်ဆိုတဲ့ ပုံဖော်မှုကို အမြန်ဆုံးလုပ်သင့်တယ် . . . .
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၉)နှစ် ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ နစကအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF အဖွဲ့များကို လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းများမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ ကမ်းလှမ်းဖိတ်ခေါ်ချက်တို့နှင့်ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာ လင်း၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ NCA စာချုပ်လက်မှတ်ရေးထိုးခြင်း (၉)နှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် သုံးသပ်ပေးပါဦး။
DSMYZL ။ ။ NCA က လက်မှတ်ထိုးခဲ့တာ အခုဆိုရင် ကိုးနှစ်ရောက်လာပြီပေါ့။ ကိုးနှစ်ကို ရောက်လာပြီဆိုတော့ NCA ကို ရေးထိုးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေက မျှော်လင့်ချက်တွေ ရှိခဲ့ကြတယ်။ မျှော်လင့်ချက်တွေရှိခဲ့ ကြတယ်ဆိုတာက ဒီတိုင်းပြည်ကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက တညီတညွတ်တည်းနဲ့ ဒီတိုင်းပြည်ကို ဖက်ဒရယ်နိုင်ငံ တည်ဆောက်ကြမယ်ပေါ့။ အဲဒီလိုပုံ စံမျိုးတွေ စဉ်းစားခဲ့ကြတယ်။ ဒါပေမဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ကိုယ့်ဘက်သူ့ဘက် တအားငြင်းကြတာတွေရှိတယ်။ ကိုယ့်ဘက်က မလျှော့၊ သူ့ဘက်က မလျှော့နဲ့ အဲဒီလိုအမြင်တွေလည်း အများကြီးရှိခဲ့ကြတယ်။ မလျှော့ကြဘူးပေါ့၊ ကိုယ့်ဘက်ကမြင်တာ ကိုယ်ကိုင်ထားတယ်။ သူ့ ဘက်က ပိုင်နိုင်တာ သူကိုင်ထားတယ်။ အထူးသဖြင့်ဆိုရင် တစ်ခုတည်းသော တပ်မတော်ကိစ္စတွေမှာ မြင်မိတာကတော့ ကိုယ့်ဘက်ကမြင်တာ ကိုယ်ကိုင်ထားတယ်၊ သူ့ဘက်က မြင်တာ သူကိုင်ထား မယ်ဆိုရင် အဲဒါက ခရီးမရောက်နိုင်ဘူး။ အဓိကကတော့ ကိုယ့်ဘက်ကလည်း ဘယ်လောက် အထိ လျှော့ပေးနိုင်လဲဆိုတာမျိုးကို စဉ်းစားရမယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေဘက်ကလည်း ဒီတိုင်း ပြည်ကနေ ခွဲထွက်သွားတော့မှာလား။ အမှန်တကယ်ခွဲထွက်ဖို့ပဲ စဉ်းစားသွားပြီလား။ ဒါမှမဟုတ်လည်း ဖက်ဒရယ်တည် ဆောက်ရေးကို စိတ်ဝင်စားသေးလားဆိုတဲ့ လေ့လာမှုကိုလည်း သေသေချာချာ လုပ်ဖို့တော့လိုတယ်။ သူတို့မှာ ဆုံးဖြတ်ချက်တွေ သီးခြားဖြစ်သွားပြီဆိုရင်လည်း ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးကို လာပါဆိုပြီး ပြောတာကလည်း ဆေးမတိုးဘဲဖြစ်မှာပေါ့။ အဲဒါကလည်း သူတို့တစ်တွေရဲ့ ခံယူချက်၊ လောလော ဆယ်ခံယူချက်နဲ့ အရင်ခံယူချက်က တူသေးလား။ အဲဒါ တွေကို ပြန်ပြီးတော့ သေချာလေ့လာဖို့လိုမယ်။ အရင်က ဖက်ဒရယ်ကို ပြောခဲ့ကြတယ်။ အခုဆို လို့ရှိ ရင် Confederation ဆန်ဆန် ဖြစ်လာကြတယ်ဆိုတော့ သူတို့တစ်တွေရဲ့ ခံယူချက်ကို အရင်ကရှိခဲ့တာက ပြောင်းသွား ပြီလား။ အဲဒီထက် လေးနက်တာတွေ ဖြစ်သွားပြီလားဆို တာကတော့ မသိနိုင်တဲ့ကိစ္စ။ မသိတော့ အဲဒီကိစ္စတွေကိုလည်းသိအောင် ကြိုးပမ်းဖို့တော့ မြင်တယ်။ ကြိုးပမ်းတယ်ဆိုတဲ့နေရာမှာ အခုက အားလုံးဝေးနေကြတာပေါ့။ ဝေးနေကြတယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် လမ်းပန်း ဆက်သွယ်ရေးတွေ အရမ်းကို ပြတ်တောက်သွား ပြီဖြစ်တယ်။ တိုက်ပွဲတွေကလည်း နေရာတိုင်းမှာ ရှိနေတယ်။ မြန်မာနိုင်ငံမှာ မကြုံဖူးသော တိုက်ပွဲမျိုး။ အရင်က ဘယ်သောအခါမှ ဒီလောက်အထိ မကျယ်ပြန့်ခဲ့ဘူး။ အဲဒီလိုမကြုံဖူးသော တိုက်ပွဲတွေက ဖြစ်နေတော့ ဒီအခြေအနေအပေါ် တစ်ဦးတည်း နဲ့ ယတိပြတ်သုံးသပ်ပြောဖို့က အင်မတန်မှ ခက်တဲ့အနေအထားဖြစ်နေတယ်။
TREND ။ ။ NCA ရေးထိုးခဲ့တာ ကိုးနှစ်ပြည့် မြောက်ခဲ့ပြီမို့ NCA လမ်းကြောင်း ငြိမ်းချမ်းရေးလုပ်ငန်း နဲ့ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ပေးပါဦး။
DSMYZL ။ ။ အဓိက ဖြစ်သွားတာကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ်မှာ အမြင်မတူမှုပေါ့။ အမြင်မတူညီမှုတွေကြောင့် ဖြစ်သွားတယ်။ ဖြစ်သွားတာဆိုလို့ရှိရင် ၂၀၂၀ ကနေ ၂၀၂၄ ကြည့် လိုက်မယ်ဆိုလို့ရှိရင် လေးနှစ်ထဲကိုဝင်နေပြီ။ အဲဒီလိုဝင်နေတဲ့ အခြေအနေက တိုင်းပြည်ရဲ့ ထိခိုက်နစ်နာမှုတွေကို ဘယ်လောက်အထိ ဖြစ်နေပြီလဲ။ တစ်တိုင်းပြည်လုံး တိုက်ပွဲဖြစ်လာတယ်။ မသေသင့်ဘဲနဲ့ သေနေရတယ်။ လူသားအရင်းအမြစ်တွေ အများကြီးဆုံးရှုံးခဲ့ပြီ။ တိုက်ပွဲတွေမှာ မပြောကောင်းလို့ မပြောသေးတာပဲရှိမယ်။ မပြောသင့်လို့ မပြောသေးတာဘဲ ရှိလိမ့်မယ်။ တိုက်ပွဲဖြစ်နေကြတဲ့နေရာ ဒေသအသီးသီးမှာ လူသားတွေ ဆုံးရှုံးမှုတွေ အရမ်းများနေတယ်။ တိုင်းပြည်ရဲ့ဘဏ္ဍာတွေလည်း အများကြီး ဆုံးရှုံးသွားပြီ။ ဒါတွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတကယ်ရှာရတော့မယ်။ မရှာဘူးဆိုလို့ရှိရင် အားလုံးက ဒီသံသရာထဲက ထွက်လို့မရဘူးဖြစ်နေလိမ့်မယ်။
TREND ။ ။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေ အနေတွေနဲ့ ဒေသခံတွေရဲ့ အခြေအနေနဲ့ ပတ်သက် ပြီး ပြောပြပေးပါဦး။
DSMYZL ။ ။ ပထမတော့ ရခိုင်တွေက ၂၀၂၀ အိပ်မက်တို့၊ ၂၀၂၅ အိပ်မက်တို့မှာ အများကြီးမျောပါ သွားခဲ့ကြတာတွေရှိတယ်။ ဒါပေမဲ့ တိုက်ပွဲအများကြီး ဖြစ်လာတဲ့အခါ စစ်ရဲ့အနိဋ္ဌာရုံကို မခံနိုင်ကြတော့ ဘူး။ လွတ်မြောက်နယ်မြေလို့ ပြောတဲ့နေရာမှာလည်း အခက်အခဲမျိုးစုံကို ကြုံတွေ့နေကြရသလို တိုက်ပွဲဖော်ဆောင်တဲ့ နေရာတွေမှာလည်း ပြည်သူတွေ အခက်အခဲမျိုးစုံ ကြုံ တွေ့နေရတယ်။ ပြည်သူ တွေက စစ်ကိုငြီးငွေ့လာကြတယ်၊ မုန်းတီးလာကြတယ်။ အကြောက်တရားက လွှမ်းမိုးနေလို့သာ ဘယ်သူမှ ထုတ်ဖော်မပြောရဲကြဘူး။ တစ်သက်လုံး ကြိုးစားစုဆောင်း တည်ဆောက်ခဲ့ရတဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတွေ ကြုံခဲ့ရပြီ။ အဲဒီလို ပျက်စီးဆုံးရှုံး သွားပြီဆိုရင် ဒါအနေအထားမျိုးကို ပြန်လည်တည် ဆောက်ဖို့အတွက်က နှစ်ပေါင်း ၂၀၊ ၃၀ ကြိုးပမ်းလို့ရ တယ်ဆိုဦးတော့ ဘယ်နေရာမှာ ဘာစီးပွားရေးတွေလုပ်ပြီး ကြိုးစားကြမလဲ။ အခုက ဘာမှလုပ်လို့မရဘူး။ ရခိုင်ပြည်နယ်ရဲ့အခြေအနေ က တော်တော်ကိုဆိုးတဲ့ အနေအထားကို ရောက်သွားပြီ။ အခု မောင်တောဆိုရင် ညက်ညက်ကြေသွားပြီ။ လူတွေလည်း မရှိကြတော့ဘူး။မောင် တောမှာ ရှိတဲ့သူတွေက တချို့လည်း လွတ်မြောက်နေရာလို့ ပြောတဲ့နေရာတွေမှာ ပိတ်မိနေတယ်။ တချို့လည်း ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြရတာ တွေရှိတယ်။ ဝမ်းနည်းစရာတွေလည်း အများကြီးကြားရတယ်။ သံတွဲဘက်မှာဆိုရင်လည်း အများကြီး စိတ်မကောင်းစရာတွေ ကြားရတယ်။ ပြောရရင် ရခိုင်ပြည်နယ်ရဲ့ အနေအထားက တော်တော်ကို ကြောက်စရာကောင်းတယ်။ မြောက်ဦးခေတ်မှာထက် ပိုပြီးတော့မှ ဆိုးသွားပြီ။ မြောက်ဦးခေတ်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့အချိန်တုန်းက အများကြီးဆုံးရှုံး တယ်ဆိုတာက မြောက်ဦးတစ်ဝိုက်လောက်ပဲ ဆုံးရှုံးတာ။ အခုက တစ်ပြည်လုံးဆုံးရှုံးတယ်။ အခုက နည်းနည်းကျန်နေတာက မာန်အောင်ပေါ့။ တောင်ကုတ်မှာ နည်းနည်းကျန်တယ်။ ဂွတို့၊ စစ်တွေတို့မှာ နည်းနည်းကျန်နေတယ်။ တခြားနေရာ တွေမှာဆိုလို့ရှိရင် အမ်းတို့မှာဆိုရင် ပြည်သူတွေက ငတ်မွတ်ခေါင်းပါးမှုတွေဖြစ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်လအကျော် သုံးလကတည်းကပေါ့။ ရခိုင်တစ်ပြည်လုံးဆိုပြီးတော့ ယေဘုယျပြောလိုက်ရင်ရတယ်။ အားလုံး အငတ်ဘေးနဲ့ကြုံတွေ့ရတယ်၊ အခက်အခဲတွေ အများကြီးကြုံနေကြရတယ်။
TREND ။ ။လက်ရှိမှာက တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေ၊ PDF အဖွဲ့တွေကို လက်နက် ကိုင်လမ်းစဉ်ကိုစွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေ ကနေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ဖို့ နစက အစိုးရက ကမ်းလှမ်းဖိတ်ထားတာ ရှိပါတယ်။ ဒီအပေါ် အမြင်လေးသိပါရစေ။
DSMYZL ။ ။ ဖိတ်ခေါ်တာ ကောင်းပါတယ်။ ဒီနိုင်ငံက ငြိမ်းချမ်းရေးနဲ့ပဲသွားရမှာပါ။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်မှာ သမ္မတကြီးဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေး ခေါ်ခဲ့တယ်။ ငြိမ်းချမ်းရေးအတွက်ကို သွားပြီးတော့ စကားပြောကြတဲ့အခါမှာ ကာလမှာဆိုရင် မူလမှာရှိနေတဲ့တိုက်ပွဲတွေ တော်တော်ရပ်တန့်သွားခဲ့တယ်။ အဲဒီသာဓကတွေ ရှိခဲ့တယ်။ အခုလည်းပဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ခေါ်လိုက်တယ်ဆိုတာက ကောင်းတဲ့သဘောဖြစ်ပါတယ်။ အကောင်းဘက်က ရှုမြင်မိပါတယ်။ အခုကတော့ အရင်နဲ့တော့ မတူဘူး။ အရင်က သမားရိုးကျ ဖြစ်စဉ်တွေအတိုင်း တိုက်ပွဲတွေက ရှိနေခဲ့တာ။ အခုကတော့ ၂၀၂၀ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာတော့ တိုက်ပွဲတွေရဲ့ပုံစံက အရမ်းကို ကွာ ခြားသွားတာပေါ့။ သမားရိုးကျတိုက်ပွဲဆိုတာထက် ဗျူဟာအသစ်တွေနဲ့ ခင်းကျင်းပြီးတော့မှ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဘက်က တိုက်လာကြတဲ့ သဘောတွေရှိ တယ်။ အဲဒီလို အနေအထားမျိုးမှာတော့ လတ်တလောမှာ ရပ်တန့်သွားဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ အတိုင်းအတာတစ်ခုအထိ စားပွဲဝိုင်းကို ရောက်ပြီးတော့မှ နည်းလမ်းတစ်မျိုးမျိုးနဲ့ပေါ့၊ စာချုပ်အတိုလေး တွေကို ဖန်တီးရဦးမယ်။ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးတွေစရမယ်။ အဲဒီလို အပစ်ရပ်ဖို့အတွက် ယာယီသဘောတူညီချက်လေးတွေ ဖြစ်ရမယ်။ ဒါမှပဲ တိုက်ပွဲတွေက ရပ်နိုင်မှာ၊ အရင်နဲ့တော့ မတူဘူး။ အဲဒါကို သတိထားဖို့လိုပါမယ်။ NCA စတင်စဉ် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလက အပစ်ရပ်တယ်။ အပစ်ရပ်တာကို လူတိုင်းကြိုက်ကြတယ်။ လက်မှတ်ထိုးပြီး တော့ ၂၄ နာရီအတွင်းမှာ တပ်စခန်းအသီးသီးကို အကြောင်းကြားရမယ်ဆိုတော့ ၂၄ နာရီအတွင်း အပစ်ရပ်ကြရတာပေါ့။ အဲဒီလိုမျိုးတွေ ရှိခဲ့တယ်။ NCA လက်မှတ်ရေးထိုးပြီးတဲ့အခါ ၂၄ နာရီအတွင်းမှာ တကယ်လည်း ရပ်ခဲ့ကြတယ်။ အဲဒီတုန်းက တပ်မတော်ဘက်ရော၊ လက်နက်ကိုင်အဖွဲ့အစည်း ပုဂ္ဂိုလ်များဘက်ကရော ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးလိုက်ကြပြီလို့ ပြောလိုက်တဲ့အချိန်အခါတုန်းက တစ်တိုင်းပြည်လုံး ဝမ်းသာခဲ့ကြတယ်၊ အဲဒါသမိုင်းပဲ။ တစ်တိုင်းပြည်လုံး ဝမ်းသာခဲ့ကြတယ်။ NCA စာချုပ် ချုပ်ဆိုပြီးတဲ့အခါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပရမယ်။မူဘောင်တွေ ရေးဆွဲရမယ်ဆိုပြီးတော့မှ အစီအစဉ်တွေ ရှိခဲ့ကြတယ်။ အဲဒီအတိုင်းပဲ လုပ်ခဲ့ကြတယ်။ အဲဒီမှာ ခက်သွားတာက ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်အပေါ်မှာ မူတည်ပြီးတော့ အမြင်မတူမှုတွေ ဖြစ်သွားခဲ့ကြတယ်။ အထူး သဖြင့်ဆိုရင် အစိုးရနဲ့တပ်မတော်ကြားမှာ ပဋိပက္ခဖြစ်သွားကြတဲ့ အနေအထားက စပြီးတော့မှ ဃြဗ ချုပ်ဆိုစဉ်မှာ ပါခဲ့ကြတဲ့အဖွဲ့အစည်းတွေ အနေနဲ့လည်း NCA ကို ချုပ်ဆိုခဲ့တဲ့ လက်ရှိ မြန်မာနိုင်ငံထဲမှာ အာဏာလက်ထဲမှာရှိနေတဲ့ တပ်မတော်နဲ့ သဘောထား ကွဲလွဲလာခဲ့ကြတယ်လို့ ပြောရမှာပဲဖြစ်တယ်။ NCA စာချုပ်မှာဆိုရင် တန်းတူဆွေးနွေးရမယ်ဆိုတာ ပါခဲ့တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီး တော့မှ လက်နက် ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းအောင် ကြိုးပမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့ကြတယ်။ တိုင်းပြည်ကိုလည်း တည်ဆောက်လို့ရပြီ၊ အားလုံးကလည်း သာတူညီမျှလည်း ရပြီဆိုလို့ရှိရင် အဲဒီ လက်နက်တွေကို ဘယ်သူက ကိုင်ထားချင်မှာလဲ။ မကိုင်ချင်ပါဘူး။ တစ်ယောက်နဲ့တစ် ယောက် သတ်ဖို့ဖြတ်ဖို့ မရှိတော့ဘူးဆိုရင် အဲဒီလက်နက်တွေ ဘာလုပ်ဖို့လဲ။ လက်နက်ဆိုတာ နိုင်ငံကာ ကွယ်ဖို့ပဲ ဖြစ်ရမှာပေါ့။ အဲဒါကို ရအောင်ရှာဖို့က နှစ်ဖက်လုံးက လိုအပ်တယ်။ နှစ်ဖက်လုံးလို့ ပြောတာ ထက် လက်နက်ကိုင်ထားကြတဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးနဲ့ တပ်မတော်နဲ့ အစိုးရနဲ့ စကားပြောရမယ်။
TREND ။ ။ လက်နက်ကိုင်လမ်းစဉ်ကနေ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်မှုကို အရင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွေ့အကြုံတွေနဲ့ ဆက်စပ်ပြီးသုံးသပ်ပေးပါဦး။
DSMYZL ။ ။ နိုင်ငံရေးလမ်းကြောင်းပေါ်ကို ချက်ချင်းဝင်ပါဆိုတာ မဝင်ခဲ့ကြဘူး။ မဝင်ခဲ့ကြတာကိုလည်း သက်သေပြခဲ့ကြပြီးပြီ။ ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့တယ်။ တိုင်းရင်းသားတွေက လက်နက်မစွန့်ကြ ဘူး။ လက်နက်မစွန့်ကြဘဲနဲ့ အချိန်တော်တော်ကြာခဲ့တယ်။ ပြောရရင် လက်နက်ကိုင်ပဋိပက္ခ ထပ်မဖြစ်ဖို့ကို နိုင်ငံတကာက ပညာရှင်တွေနဲ့လည်း Work Shop တွေ အများကြီးလုပ်ခဲ့ကြတယ်။ လက်နက်စွန့်ပါ၊ ပါတီထောင်ပါ၊ ရွေးကောက်ပွဲဝင်ပါ၊ စီးပွားရေးလုပ်ချင်တယ်ဆိုရင် စီးပွားရေးလုပ်ပါ စသည်အားဖြင့် ပြောခြင်းဟာ အပေါ်ပိုင်း မှာကတော့ အဆင်ပြေကောင်းပြေနေလိမ့်မယ်၊ ဒေသအသီးသီးမှာက အောက်ခြေပိုင်းမှာ အဆင်မပြေမှုတွေ အများကြီးရှိတယ်။ အဆင်မပြေကြဘူး။ အဲဒီစကားကိုကြားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ပုဂ္ဂိုလ်တွေက လက်ခံဖို့က အရမ်းကို အလှမ်းဝေးသေးတယ်လို့ မြင်တယ်။ ဖြစ်သင့်တာက စကားကို ပြတ်ပြတ်သားသား ပြောကြမယ်။ ဒီနိုင်ငံကွဲချင်လား၊ မကွဲစေချင် ဘူးလားဆိုတာကို သေချာသုံးသပ်ဖို့လိုတယ်။ မကွဲချင်ဘူးဆိုရင် ကွဲလည်းမကွဲဘူး။ ကိုယ့်ရဲ့ရည်မှန်းချက်တွေ လည်းရတယ်၊ ဒီနိုင်ငံတော်ကြီးလည်း မပျက်စီးဘူး။ မပျက်စီးတဲ့အနေအထားကို ဘယ်လိုလုပ်မလဲ၊ မပျက်စီးအောင် ဘယ်လိုလုပ်ကြမလဲ၊ နိုင်ငံလည်း မပျက်စီးဘူး၊ တိုင်းပြည်လည်း စည်ပင်တိုးတက် လာစေရမယ်။ တိုင်းရင်းသားဒေသတွေမှာလည်း ကိုယ့်ဒေသ ကိုယ့်အုပ်ချုပ် ရေးနဲ့ကိုယ် ရှိနေရမယ်ဆိုတဲ့ ပုံဖော်မှုကို အမြန်ဆုံး လုပ်သင့်တယ်လို့ မြင်တယ်။ အဲဒီလိုပုံစံမျိုးကို ကြိုးပမ်းသင့်တယ်လို့ မြင်ပါတယ်။ ကျွန်မတို့ကတော့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာပဲ ကောင်းကောင်းမွန်မွန်ပဲ ရပ်နေမယ်။ အားလုံးက ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်ကို ရောက် လာကြဖို့ ကျွန်မတို့အနေနဲ့ စကားပြောမယ်။ ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စကို အကောင်းဘက်က ရှုမြင်ပြီးတော့ သုံးသပ်လိုပါတယ်။ တိုက်ပွဲက ၁၉၄၈ ခုနှစ်ကနေ NCA ရေးထိုးဖို့ ကြိုးပမ်းခဲ့ကြတဲ့ ၂၀၁၁ ခုနှစ်အထိကို တိုက်ပွဲတွေက သမားရိုးကျ တိုက်ပွဲတွေပဲရှိခဲ့တယ်။ အခုဆိုလို့ရှိရင် ဗျူဟာက တော် တော့်ကို ပြောင်းလဲပြီးတော့မှ ထိုးစစ်ဆိုတာမျိုး ဖြစ်လာကျတော့ သမားရိုးကျ စဉ်းစားချက်နဲ့တော့ မရဘူးလို့ မြင်ပါတယ်။
TREND ။ ။ လက်နက်စွန့်ပြီး ပါတီထောင်၊ ရွေးကောက်ပွဲဝင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းချက်က အောက်ခြေဒေသအသီးသီးမှာ၊ အောက်ခြေပိုင်းမှာ အဆင်မပြေမှုတွေ ရှိနေတယ်ဆိုတာက ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။
DSMYZL ။ ။ အောက်ခြေမှာဆိုတာက ပြည် နယ်အသီးသီးကိစ္စတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ ပြည်နယ်အသီးသီးမှာ တအားကို ခက်ခဲနေကြတာလေ။ ပြည် နယ်တိုင်း၊ ပြည်နယ်တိုင်းမှာ ဒီတိုက်ပွဲကြောင့် အခက်အခဲတွေအများကြီးရှိနေတယ်။ တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲတွေက ပြည်နယ်တွေမှာပဲ အများအားဖြင့် ရှိနေကြတာကိုး။ ဆိုတော့ အဲဒီအခြေအနေမျိုးမှာ လက်နက်စွန့်ရမယ့်ကိစ္စအပေါ် လက်ခံနိုင်ဖို့က အခက်အခဲတွေကို စဉ်းစားလေ၊ အဲဒီနေရာကို မရောက်လေဆိုတာ မျိုးတွေးမိတာ ကြောင့် အဲဒီလိုအဆင်မပြေမှုတွေ ရှိနိုင်တယ်လို့ သုံးသပ်မိတာပါ။
TREND ။ ။ ဒီဖိတ်ခေါ်ချက်အပေါ် လက်နက်ကိုင်အဖွဲ့တွေဘက်ကဘယ်လို တုံ့ပြန်ကြတာ တွေ့ရ လဲ၊ ဒီတုံ့ပြန်မှုတွေအပေါ် သုံးသပ်ပေးပါဦး။
DSMYZL ။ ။ ပုံစံမျိုးစုံနဲ့ တုံ့ပြန်နေကြတာပါပဲ။ PDF တွေဆိုတာကလည်း ဒီဘက်ကို နေရပ်ကို ပြန်လာဖို့ဆိုတဲ့အပေါ် ရောက်လာတဲ့သူကတော့ ထင်သလောက် မတွေ့ရဘူး။ ရောက်လာသူ နည်းတယ်။ မိဘရင်ခွင်ကို ပြန်လာမယ်ဆိုတဲ့ သူကတော့ တအားနည်းတယ်လို့ သုံးသပ်တယ်။ ကြိုးပမ်းချက်မျိုးစုံနဲ့ ကြိုးပမ်းရဦးမှာပဲ။ ဒီလို စာရွက်တစ်ရွက်ထုတ်လိုက်တယ်။ ဟိုဘက်ကတော့ တပ်မတော်ဘက်က နိုင်ငံရေးကထွက်မှ၊ ထွက်လိုက်မှ ငြိမ်းချမ်းရေးစကားကို ပြောမယ်လို့ တစ်ဖက်က လေသံပစ်လာတာတို့ တွေ့ပါတယ်။ အဲဒီလိုပုံစံမျိုး တစ်ဖက်ကို တစ်ဖက်လေသံပစ်နေရုံနဲ့ မပြီးသေး။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့က ကြားကနေပြီး ဆွေးနွေးပေးဖို့ အုပ်စုတစ်စုကတော့ လိုတယ်လို့မြင်တယ်။ ကြားကနေပြီးတော့ ဝင်ရောက်ပြီးဝောာ့ ဟိုဘက်လည်း ပြောနိုင်တယ်။ ဒီဘက်လည်းပြောနိုင်တဲ့ အုပ်စု တစ်စုရှိခြင်းအားဖြင့် အကျိုးရှိနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီဘက်ကထုတ်လိုက်၊ ဟိုဘက်က တုံ့ပြန်လိုက် အဲဒီလိုပုံစံမျိုးနဲ့ အလုပ်မဖြစ်နိုင်ဘူး။ ကြားခံအုပ်စုလို့ ပြောတဲ့နေရာမှာ နိုင်ငံတွင်းက အုပ်စုလည်းဖြစ်ကောင်း ဖြစ်မယ်။ ဒါမှမဟုတ်လည်း နီးစပ်တဲ့ နိုင်ငံတကာအသိုင်း အဝိုင်းတွေလည်း ဖြစ်ကောင်း ဖြစ်သင့်တယ်ပေါ့။ နိုင်ငံတကာ အသိုင်းအဝိုင်းဆိုတာ ကလည်း နိုင်ငံတကာ ပြောတာကို အားလုံး မြန်မာနိုင်ငံက လက်ခံခဲ့တာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ နည်းလမ်းအသစ်တွေကို ဘယ်လိုစဉ်းစားရမလဲဆိုတာကိုတော့ နိုင်ငံတော်အစိုးရဘက်က အနုလုံပဋိလုံ စဉ်းစားရမယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ဝောာ်လှန်ပြီးတော့မှ NCA ထဲကို ရောက်လာတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ငြိမ်းချမ်းရေးကိစ္စကို အမြဲတမ်းစဉ်ဆက်မပြတ် ပြောနေတာပေါ့။ ပြီးလို့ရှိရင် တချို့သော ပုဂ္ဂိုလ်တွေစား ပွဲဝိုင်းကို ရောက်လာကြဖို့ တစ်ဖက်ကိုတစ်ဖက် မကင်းနိုင်ကြဖို့ဆိုတာကိုလည်း အမြဲတမ်းလိုလို ပြော နေတာတွေရှိတယ်။ ဒါပေမဲ့ တရားဝင်ပြောနေတာ မျိုးထက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြောနေကြတဲ့ ပုံစံမျိုးဖြစ်တယ်။ အခုတိုင်းရင်းသားလက်ကိုင် တော်လှန်နေ ကြတဲ့သူတွေနဲ့ NCA လက်မှတ် ရေးထိုးထားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ရင်းနှီးကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အခုဆိုလို့ ရှိရင် 7 EAO Alliance ပေါ့။ 7 Alliance ကလည်း လက် နက်ကိုင်တိုက်ခိုက်နေတဲ့ ပုဂ္ဂိုလ်တွေကို စကားပြောပေးဖို့ဆိုတာမျိုး တာဝန်ပေးချက် အနည်းငယ် တော့ရှိတယ်။ ဒါပေမဲ့ အရမ်းကြီး ထိထိရောက်ရောက်ကြီး မဖြစ်နိုင်သေးဘူးပေါ့။ ဒီ့ထက်ကြိုးပမ်းဖို့ လိုတယ်လို့ မြင်တယ်။
TREND ။ ။ 7 EAO Alliance ရဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက ပုဂ္ဂိုလ်တွေကို ချဉ်းကပ်စကားပြော ဖို့ ကြိုးပမ်းနေမှုတွေကရော ဘယ်လိုအခြေအနေရှိနေတယ်၊ ဘယ်လိုရလဒ်တွေက ရနေပြီလို့ ပြောနိုင်လဲ။
DSMYZL ။ ။ အဲဒီလိုကြိုးပမ်းတဲ့အထဲမှာ မပါ ဘူးဆိုတော့ အစီရင်ခံမှုတွေကလည်း 7 EAO Alliance ကို ရောက်မလာသေးတော့ ဘယ်လို ထူးခြားမှု ရှိ၏၊ မရှိ၏ဆိုတာ မပြောနိုင်သေးဘူး။
TREND ။ ။ တပ်မတော်ကို နိုင်ငံရေးကဆုတ်ပေးဖို့ဆိုပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ပြောဆိုချက်အပေါ် ဘယ်လိုမှတ်ချက်ပြုချင်လဲ။
DSMYZL ။ ။ လက်ရှိအနေအထားမှာက ကိုယ့်ဘက်ကအမြင်တွေကို ပြောနေတာဖြစ်တယ်။ လက်ရှိ အနေအထားမှာ တပ်မတော်က နိုင်ငံရေးကနေ ဆုတ်ခွာသွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး လို့မြင်တယ်။ ဒါကြောင့် နှစ်ဖက်ရဲ့ အပြောအဆိုတွေဟာ အရမ်းကို တောင်နဲ့မြောက်လို့ ဝေးနေတယ်။ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ နှစ်ဖက်လုံးက သူ့အမြင်၊ ကိုယ့်အမြင် ရှိနေတယ်ဆိုတာ ပေါင်းစည်းဖို့အတွက် ရှေ့ကို တစ်လှမ်းစီ၊ တစ်လှမ်းစီတက်ဖို့ ခက်ခဲတယ်လို့ ဆိုလိုတာပါ။
TREND ။ ။ နိုင်ငံရေးတွေ့ဆုံရေး လမ်းကြောင်းကို ငြင်းပယ်ကြမယ်ဆိုရင် ပေါ်ပေါက်လာနိုင်တဲ့ နိုင်ငံရေးအခြေအနေတွေ ဘယ်လိုဖြစ်လာနိုင်လဲ။
DSMYZL ။ ။ တိုက်ပွဲ သံသရာက ရှည်နေပြီး တော့ ပြည်သူလည်း ထိခိုက်နစ်နာနေမယ်။ ငတ်မွတ် ခေါင်းပါးမှုတွေ ဖြစ်မယ်။ တိုင်းပြည်မှာ ဘဏ္ဍာတွေလည်း အများကြီးဆုံးရှုံးနေမယ်။ လူသားအရင်း အမြစ်တွေလည်း အများကြီးဆုံးရှုံးနေလိမ့်မယ်။ ဒါကြောင့် ဒီလက်နက်ကိုင် သံသရာကို ဘယ်လောက်ထိ ဆက်ကိုင်နေကြမလဲပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေဆိုရင် အားလုံးနယ်စပ်ဖြတ် ကျော်ပြီးတော့မှ တခြားနိုင်ငံတွေမှာ ခိုလှုံနေကြတယ်။ ရေကြည်ရာ မြက်နုရာရှာကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ပြီးလို့ရှိရင် နီးစပ်ရာနိုင်ငံတွေမှာ နေပြီးတော့မှ အသက် ရှင်ရပ်တည်ရေးအတွက် ဝင်ပြီးအလုပ်လုပ်နေ ကြရတယ်ဆိုတဲ့အခါမှာ ခိုလှုံတဲ့နိုင်ငံရဲ့လွှမ်း မိုးမှု၊ ခိုလှုံနေတဲ့ နိုင်ငံရဲ့ယဉ်ကျေးမှု၊ လူ့ပတ်ဝန်းကျင်မှာ ရှင်သန်ဖို့အတွက် ကြိုးပမ်းမှုမျိုးစုံရှိတယ်။ ဘာသာစကားကအစ မျိုး စုံရှိနေတော့ ကိုယ့်တိုင်းပြည်က လူသားအရင်းအမြစ်တွေပဲ ဆုံးရှုံးတယ်။ အဲဒါက အစိုးရဘက်ကပဲ ဆုံးရှုံးတာမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတိုင်းမှာလည်း လူသားအရင်းအမြစ်ဆုံးရှုံးတယ်။ တိုက်ပွဲသံသရာက ရှည်နေပြီဆိုရင် နှစ်ဖက်လုံး ဆုံးရှုံးတယ်လို့ ဆိုလိုတာပါ။
TREND ။ ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့ ဘယ်လိုပုံစံတွေနဲ့ နည်းလမ်းရှာကြမလဲ၊ တိုင်းပြည်အတွက် အကောင်းဆုံးအဖြေကို ဘယ်လိုရှာကြမလဲ၊ ဖြည့်စွက်ပြောကြားပေးပါဦး။
DSMYZL ။ ။ ဒါက တစ်ထိုင်တည်းမှာ တစ်ယောက်တည်းအနေနဲ့ ပြောတာထက် Work Shop တစ် ခုခုကို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေအားလုံးက ထိုင်ပြီးတော့မှ အဖြေထုတ်သင့်တယ်။ နည်းလမ်းတွေက နှစ်ခုလည်း ထွက်လာနိုင်တယ်၊ သုံးခုလည်းထွက်လာနိုင်တယ်၊ တစ်ဦးချင်းစီ သုံးသပ်ပြောနေတာ ကတော့ တစ်ဦးတစ် ယောက်တည်းရဲ့ စဉ်းစားချက်ပဲ ဖြစ်နေပါလိမ့်မယ်။လောကကြီးမှာက ပြည့်စုံတဲ့ လူသားဆိုတာ မရှိဘူး။ အဲဒါကြောင့်မို့လို့ တွေးခေါ်နိုင်တဲ့သူ၊ ဆွေးနွေးနိုင်တဲ့သူ အဲဒီလူတွေ အားလုံး ပါဝင်ပြီးတော့ သေချာအဖြေထုတ်တဲ့ နည်းလမ်းတွေ လုပ်ဆောင်ခြင်းအားဖြင့် ကောင်းမွန်တဲ့အဖြေတွေကို ရနိုင်တယ်လို့ပဲ မြင်တယ်။ နှစ်ဖက်လုံးမှာ အဲဒီလို စဉ်းစားမှုတွေကို ကြိုးပမ်းသင့်တယ်၊ ဖော်ဆောင် သင့်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ (ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၉) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )