ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့် ဆက်သွယ်မေးမြန်းခြင်း...

၂၀၂၄ ဇွန် ၁၃

စစ်ပွဲတွေရပ်စဲပြီးတော့ အေးအေးချမ်းချမ်း ဖြေရှင်းနိုင်တဲ့ အထိ ALP အနေနဲ့ ဆက်လက်လုပ် ဆောင်သွားဖို့ရှိတယ်
    ရခိုင်ပြည်မှာ AA ကလွဲပြီး 'မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မှ မရှိစေရ' မူဝါဒချမှတ်ထားသည်ဆိုသော AA အဖွဲ့က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ကိုလည်း တွေ့ဆုံဆွေးနွေးမည်မဟုတ်ဘဲ ချေမှုန်းသွားမည်ဟု ဇွန်လ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် သတင်းဌာနတစ်ခုကို ပြောကြားခဲ့သည်။ ယင်းအခြေအနေအပါအဝင် လက်ရှိ ရခိုင်ပြည်နယ်အတွင်း အခြေအနေ၊ ALP ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

  
TREND ။        ။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခအခြေအနေအပေါ် ALP အနေနဲ့ ဘယ်လို ရှုမြင်သုံးသပ်ချင်ပါလဲ။ 
DSMYZL ။    ။
ရခိုင်ပြည်တွင်းမှာတော့ စစ်ပွဲကအရမ်းကို ပြင်းထန်နေတယ်။ ဖြစ်တာက ရသေ့တောင်ကနေစပြီးတော့ ဖြစ်တယ်။ ပြီးလို့ရှိရင် ပေါက်တော၊ ပေါက်တောမှာတော့ အများဆုံး ပြင်းထန်ခဲ့တာပေါ့။ အခုဆိုရင် ပေါက်တောမှာက မြို့ပေါ်မှာဆိုရင် လူနေလို့မရတော့ဘူး။ အဲဒီလိုမျိုး ဖြစ်သွားတယ်။ ပြီးလို့ရှိရင် ပုဏ္ဏားကျွန်းတို့၊ ကျောက်တော်တို့ အဲဒီလိုမျိုး ဆက်တိုက် ဖြစ်လာတယ်။ ဖြစ်လာတော့ ရခိုင်ပြည်နယ် စစ်ပွဲရဲ့အခြေအနေကို ကြည့်လိုက်မယ်ဆိုရင် ခြုံငုံသုံးသပ်ကြည့် ရသလောက်ဆိုရင် တိုင်းနဲ့ပြည် နယ်ထဲမှာ အပြင်းထန် ဆုံးအနေအထားမှာ ရှိတယ်ဆိုတာ သုံးသပ်ချင်ပါတယ်။ ပြည်သူတွေကလည်း အရမ်းကို အခက်အခဲရှိနေကြပြီ။ တစ်မြို့နဲ့တစ်မြို့ကို သွားလာလို့မရဘူး။ ရိက္ခာတွေလည်း အားလုံး ပြတ်တောက်နေကြတယ်။ လူ‌တွေကလည်း ဆေးဝါးတွေ ပြတ်တောက်တာနဲ့ လုပ်ကိုင်စားသောက်လို့မရတဲ့ အနေအထားပေါ့။ စစ်ရေးဒဏ်ကိုတော့ အင်မတန်မှ အလူးအလဲခံစားနေရတဲ့ အခြေအနေတစ်ခု ဖြစ်နေပြီဆိုတာ ပြောချင်တယ်။


TREND ။        ။ AA က ALP ကို ၂၀၁၇ ခုနှစ် လောက်ကတည်းက အပြုတ်တိုက်ခိုက်ရန် ၂၀၁၇ ခုနှစ် ကတည်းက ကြိုတင်ကြံစည်ထားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ နားလည်ထားတာက ALP ဆိုရင် ရပ်တည်ချက် နှစ်မျိုးကွဲနေတယ်ပေါ့။ အခုက AA က မတရားစွပ်စွဲပြီး ALP ကို တိုက်ခိုက်နေတာလို့ နားလည်ရမလား။ 
DSMYZL ။    ။
မကွဲခင်ကပေါ့။ အခုကတော့ ALP မှာ ကွဲနေတယ်။ ကွဲနေတယ်ဆိုပေမယ့် လူအင်အားများတာကတော့ ကျွန်မတို့ဘက်မှာပဲ များတယ်လေ။ ပြည်သူတွေကလည်း ကျွန်မတို့နဲ့အတူ ရှိနေတယ် ဆိုလို့ရှိရင် ရခိုင်ပြည်နယ်အတွင်းမှာပဲ အခြေစိုက်တယ်။ အခုက ကျွန်မတို့ဘက်ကို ပိုများလာတာပေါ့။ အရင်ကျွန်မကို ဦးတည်တိုက်ခိုက်တာတော့ မဟုတ်ဘူး။ ကျွန်မတို့ဘက်ကို ဦးတည်တိုက်ခိုက်တာရယ်လို့ မဟုတ်ဘူး။ ၂၀၁၇ မှာကျတော့ ပါတီကမကွဲဘူး။ မကွဲတဲ့အခါမှာ ပါတီကိုတိုက်ခိုက်တာ။ ALP ကို တိုက်ခိုက်ခဲ့တာ။ ပါတီကို တိုက်ခိုက်တယ်ဆိုတာက အဓိကကတော့ အိန္ဒိယဌာနချုပ်ပေါ့လေ။ အိန္ဒိယဌာနချုပ်ကို စပြီးတော့ တိုက်ခိုက်လာတာရှိတယ်။ ၂၀၁၈ မှာဆိုရင်လည်း ပါတီက မကွဲသေးဘူး။ အဲဒီအချိန်မှာဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာ AA က လွဲပြီးတော့ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ မရှိရဘူးဆိုတဲ့ Statement တစ်စောင်ထွက်လာတာ တွေ့လိုက်တယ်။ အဲဒီလိုမျိုး ထွက်လာတာ တွေ့လိုက်တော့ ကျွန်မတို့ကို ပြောတယ်လို့ မထင်ခဲ့ဘူး။ မထင်ခဲ့ဘူးဆိုတာက တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းပဲလေ၊ ပြီးလို့ရှိရင် လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းပဲ၊ ရခိုင်အချင်းချင်းပဲ ကျွန်မတို့ကို ပြောတယ်။ အဲဒီလို ပြောလိမ့်မယ်ဆိုတာ လုံးဝမထင်ခဲ့ဘူး။ ဒါပေမဲ့ စောင့်ကြည့်ရမှာပဲပေါ့။ လေး၊ ငါးရက်လောက် အဲဒီ Statement ကို လေ့လာကြည့်တဲ့အခါမှာ ကျွန်မတို့ကိုပါ ပြောတာဆိုတာမျိုး သိသာလာတယ်။ ကျွန်မတို့ကိုပါ ပြောထားတာဆိုတာမျိုး ပြည်သူတွေထဲကပြော လာကြတယ်။ AA နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကကို အဲဒီလိုမျိုး ပြောလာကြတယ်။ အဲ့ဒါဘာကြောင့်မို့လို့ ပြောရတာလဲဆိုပြီး ခံယူခဲ့တာပေါ့။ ဘာကြောင့် ပြောရတာလဲ၊ အဲဒီလို မဖြစ်သင့်ပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြောစရာ၊ ဆိုစရာရှိတယ်ဆိုလည်း တစ်‌ယောက်နဲ့တစ်ယောက် ပြောကြဆိုကြရမှာပေါ့။ အဲဒီလိုပဲ ကျွန်မတို့ဘက်က ရိုးရိုး ရှင်းရှင်းလေး ခံယူခဲ့တယ်။ နောက်ပိုင်းမှာတော့ သိသာထင်ရှားမှုက အရမ်းကိုများလာတယ်။ များလာသည်သာမက နောက် ဆက်တွဲ ဖြစ်လာတာကလည်း တိုင်းသိပြည်သိပါပဲ။
    စောစောကပြောတဲ့ ခံယူချက်၊ ရပ်တည်ချက် ကွဲပြားတာနဲ့ပတ်သက်ပြီး ပြောဖို့ကျန်သွားတာ လေးရှိတယ်။ အဲဒါက ခံယူချက် နှစ်မျိုးဆိုတာက ရခိုင်ပြည် လွတ်မြောက်ရေးပါတီကို စတင်တည် ထောင်လာတဲ့အခါက လွတ်လပ်ရေး။ လွတ်လပ်ရေးကို ထူထောင်ပြီး လို့ရှိရင် နယ်စပ်မှာ NDF (National Democratic Front) ကို ဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့တဲ့အချိန်မှာဆိုလို့ရှိရင် ALP က ကွန်ဖက်ထရိတ်ဆန်ဆန်ပေါ့။ ဖက်ဒရယ်ဆိုတဲ့ဘက်ကို ယိမ်းသွားပြီ။ အဲ့ဒါနဲ့လည်း ပါတီတွင်းမှာ ဥက္ကဋ္ဌကြီးက လွတ်လပ်ရေး၊ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ဖက်ဒရယ်ဆိုပြီး ပါတီထဲမှာ အရင်တည်းက နှစ်မျိုးကွဲလာတယ်။ အရင်ကဆိုရင် ALP မှာက လွတ်လပ်ရေးလို့ ကြေညာခဲ့ ကြတဲ့အဖွဲ့တွေ၊ မဟာမိတ်တွေရှိခဲ့တယ်။ အဲဒါက ကရင် နီတို့၊ CRSS တို့၊ ရှမ်းတို့၊ KIOတို့က အဲဒီအချိန်တုန်းက လွတ်လပ်ရေးကို လက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ၊ ကျွန်မတို့လည်း လွတ်လပ်ရေးမှ လွတ်လပ်ရေးဆိုပြီး အရမ်းကြီးကို ပြင်းထန်ခဲ့တယ်။ အဲဒီလို လွတ်လပ်ရေးလို့ ကြေညာထားတဲ့အဖွဲ့တွေ၊ မဟာမိတ်တွေ ရှိခဲ့တယ်။ နောက်ပိုင်းမှာကျတော့ အဲဒီမဟာမိတ် တွေကိုယ်တိုင်က ဖက်ဒရယ်ဆိုတဲ့စကားကို ပြောလာကြတယ်။ ဖက်ဒရယ်ကို ယိမ်းလာကြတယ်။ အဲဒီအခါကျတော့ ALP က စနစ်တကျ ပြန်သုံးသပ်လာတယ်။ ဖက်ဒရယ်ဆိုတာ ကိုယ့်ကြမ္မာကိုယ်လည်း ဖန်တီးခွင့်ရှိတယ်။ ပြည်မနဲ့ညှိပြီးတော့ လုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ်။ ပြည်မနဲ့ ပြည်နယ်ညှိရမယ်၊ ညှိလို့ရတယ်၊ လုပ်ပိုင်ခွင့်တွေ အများကြီးရလာမယ်ပေါ့။ ပြီးလို့ရှိရင် ဒီတိုင်းပြည်ကြီးကလည်း မကွဲမကွာ ဘဲရှိမယ်။ ဆိုလို့ရှိရင် ဖက်ဒရယ်ကလည်း ဖန်တီးလို့ရတယ်။ ဒီတိုင်းပြည်မှာ အတူတူနေလာကြပြီး အဲဒီလိုမျိုး နေလာ ကြတဲ့အခါမှာ အားလုံးကလည်း ရောကုန်ကြပြီလေ။ ကပြားတွေဖြစ်ကုန်ကြပြီ။ ဥပမာ ရခိုင်ကလူတွေ ရန်ကုန်မှာလာနေပြီးတော့မှ ရခိုင်လို့ ဘယ်လောက်ပဲ ခံယူထား၊ ခံယူထား မိဘနှစ်ပါးကတော့ ရခိုင်ဖြစ်ခဲ့တယ်။ သားသမီးကတော့ မွန်နဲ့ရခိုင်နဲ့ အိမ်ထောင်ကျနေတာတို့၊ ရှမ်းနဲ့မွန်နဲ့ အိမ်ထောင်ကျနေတာတို့၊ ရခိုင်နဲ့ နောက် လူမျိုးတစ်မျိုးနဲ့ အိမ်ထောင်ကျနေတာတို့ အဲဒီလိုမျိုးလည်း ဖြစ်လာကြတာတွေရှိတယ်။ ရှိတယ်ဆိုတော့ ဒီတိုင်းပြည်ကကွဲလို့ မကောင်းတော့ဘူးဆိုပြီးတော့မှ အမြင်တွေရလာတယ်။ ရလာတယ်ဆိုတာက ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရမှာပေါ့။ ကိုယ့်ရဲ့ နယ်မြေတွေကို အစိုးရအနေနဲ့ ဖန်တီးခွင့်ရှိရမယ်။ တစ်နည်းအားဖြင့် ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် ရှိမှာပေါ့။ အဲဒီလို ပုံစံမျိုးတွေကို စဉ်းစားလာတယ်။
    စဉ်းစားလာတော့ ဒီဖက်ဒရယ်ဆိုတာကို လက်ခံလာခဲ့တယ်။ အဲဒီအချိန်မှာ ပါတီက အမြင်နှစ်မျိုးရှိလာတယ်။ အခုလည်းပဲ ကျွန်မကတော့ ဖက်ဒရယ်စနစ်ကို လက်ခံလာရင်းနဲ့ ၂၀၁၃ မှာ သမ္မတကြီး ဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့တို့ တွေ့ဆုံစကား ပြောခဲ့ကြတယ်။ ၂၁ ဖွဲ့ စကားပြောရင်းနဲ့ ၁၆ ဖွဲ့က ပင်တိုင်ဆွေးနွေးလာခဲ့တယ်။ ၂၀၁၅ မှာဆိုရင် NCA ဆိုတဲ့ စာချုပ်တစ်ခု ဖြစ်ပေါ်လာတယ်။ အဲဒီအထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီတစ်ခုလုံးက ပါဝင်ပြီးတော့မှ NCA စာချုပ်ဖြစ်ပေါ်လာဖို့အတွက် အနစ်နာခံခဲ့တယ်။ ထိုနည်းလည်းကောင်းပဲ NCA ကို လက်မှတ်ရေးထိုးတဲ့ ပထမဆုံးသော ရှစ်ဖွဲ့မှာပါခဲ့တယ်။ ဆိုတော့ ဒီအတိုင်းပဲ ခံယူထားတယ်။ ဒီအတိုင်းပဲသွားမယ်လို့ ကျွန်မတို့က ခံယူထားတယ်။ ဘာကြောင့်လဲဆိုရင် ဒီလို စာချုပ်တစ်ခု မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာဖို့အတွက် မလွယ်ဘူး။ နောက်ပြီးလို့ရှိရင် ကိုယ်ကိုယ်တိုင်က လက်မှတ်ရေးထိုးထားတာ ဖြစ်တယ်။ ဆိုတော့ ကိုယ်ကိုယ်တိုင်လုပ်ထားတဲ့ ကိစ္စတစ်ခုအပေါ်မှာ ကိုယ်က ဖောက်လိုက်တယ်ဆိုတာ မဖြစ်ချင်ဘူး။ ဖြစ်ဖို့အတွက်လည်း မကြိုးစားဘူး။ အဲဒီတော့ ပါတီမှာ သဘောထားကွဲတယ်ဆိုတာက ကွဲလို့ရတယ်၊ ကွဲလို့လည်း ကိုယ့်လမ်းကိုယ် လျှောက်နေကြတာပဲလေ။ ရှင်းရှင်းလေးပဲလေ။ ဘာကိုမှ ဂရုမစိုက်ဘူး။ ကိုယ့်လမ်းကိုယ် ရှင်းရှင်းလေး လျှောက်နေတာ၊ ဒီအတိုင်းပဲ လျှောက်သွားမှာ။


TREND ။        ။ နောက်တစ်ချက်က စစ်တွေမြို့နယ်  ဗျိုင်းဖြူရွာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး AA က ALP ကို မတရားစွပ်စွဲပြီး တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန် ပြောကြားလိုပါလဲ။
DSMYZL ။    ။
နစကအစိုးရနဲ့ စကားပြောနေတယ်။ ပုံမှန်ပြောနေတယ်ဆိုလို့ရှိရင် အဲဒီစကားပြောနေတဲ့အထဲမှာ ALP အမြဲတမ်းပါတယ်။ အမြဲတမ်းပါနေ တယ်ဆိုတော့ ALP ကို မျက်မုန်းကျိုးနေတာ။ ALP  ဘာကြောင့် ပါနေရမှာလဲပေါ့။ မပါနဲ့လို့လည်း ဆွေး‌နွေးတာမရှိဘူး။ ဒါပေမဲ့ ကိုယ့်ပုံမှန်ဆွေးနွေးနေကျ  သွားရာလမ်းကြောင်းပဲ။ ဆွေးနွေးတယ်ဆိုတာကလည်း တစ်ဖွဲ့အတွက်၊ တစ်ယောက်အတွက်  ဆွေး‌နွေးတာမှ မဟုတ်တာ။ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့အရေးဆိုရင် ဘယ်လိုလုပ်ရမှာလဲ၊ ဘာတွေကို လျှော့ရမှာလဲ၊ ဘာတွေ ပြင်ရမှာလဲ အဲဒါတွေကို ဆွေးနွေးရမှာပေါ့။ အဲဒီလို ဆွေးနွေးတယ်ဆိုတာ ကိုယ့်အတွက် ဆွေး‌နွေးတာ မဟုတ်ဘူးဆိုတဲ့အပေါ်မှာ မျက်မုန်းကျိုးနေတာက အဓိက တစ်ချက်ပေါ့။ နောက်တစ်ချက်က  သူတို့ရဲ့ခံယူချက်က ၂၀၁၈ မှာ သူတို့ရဲ့ စာထုတ်ပြန်ခဲ့တဲ့အတိုင်းပဲ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းဆိုတာ AA တစ်ခုတည်းပဲ ရှိရမယ်ဆိုတဲ့ ခံယူချက်တွေကြောင့် ALP ကို ပျက်စီးရာပျက်စီးကြောင်း သူတို့တစ်တွေက အတိအကျပုံဖော်ပြီးတော့ တိုက်ကွက်ဆင်လာတာပဲလို့ အပွင့်အလင်းဆုံး ပြောရမှာပဲဖြစ်တယ်။ ဒီလိုစွပ်စွဲလာတာကလည်း ALP ကို အပြတ်ရှင်းဖို့ပေါ့။ ဒီ့ထက်တော့ ပြောစရာမရှိတော့တာ ALP ကို အပြတ်ရှင်းမှာပေါ့။ အဲဒီလိုမျိုး ရှင်းရှင်းမြင်တယ်။


TREND ။        ။ရခိုင်ပြည်နယ်မှာ AA ရဲ့ လက်ရှိ စစ်ရေးဖော်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုသုံး သပ်ပြောကြားလိုပါလဲ။
DSMYZL ။    ။
ရခိုင်ပြည်နယ်ကို အားလုံးပိုင်တယ်။ နိုင်ငံရေးပါတီတွေလည်း ပိုင်တယ်။ ပြောပိုင်ခွင့်ရှိတယ်။ နိုင်ငံရေးပါတီတွေမှာလည်း တိုင်းပြည်အတွက် လုပ်ပိုင်ခွင့်ရှိတယ်။ AA မှာလည်း လုပ်ပိုင့်ရှိတယ်။ ALP မှာလည်း လုပ်ပိုင်ခွင့်ရှိတယ်။ လုပ်လို့ လုပ်နည်းလုပ်ဟန် ကောင်းတယ်။ ဖော်ဆောင်မှု အင်အားကောင်းနေတယ် ဆိုလို့ရှိရင်  မှန်မှန်ကန်ကန်ပြည်သူအတွက် လုပ်တယ်ဆိုရင် လုပ်တဲ့အဖွဲ့က အောင်မြင် သွားမှာပါပဲ။ လုပ်ပိုင်ခွင့်က အားလုံးကိုယ်စီမှာ ရှိတယ်။ အဓိကကတော့ ပြည် သူ့ရဲ့ အဆုံးအဖြတ်အပေါ်မှာ မူတည်တယ်။ ပြည်သူ့အ ဆုံးအဖြတ်အပေါ်မှာပဲ ရရှိသွားကြမှာပေါ့။ အခုက ဟိုလူမလုပ်ရ၊ ဒီလူမလုပ်ရ တစ်ယောက်တည်းပဲ ရှိရမယ်ဆိုတာက ပြောစရာကိုမလိုတာ အဲ့ဒါက။ ပြောနေခြင်း အားဖြင့်က မမှန်ကန်ဘူးလို့ မြင်တယ်။ ဒါပေမဲ့ စစ်ပွဲ၊ နိုင်ငံရေးအဆုံးအဖြတ်ဆိုတာ၊ စစ်ပွဲရဲ့အဆုံးအဖြတ်ရော၊ နိုင်ငံရေးရဲ့အဆုံးအဖြတ်ရော ဆိုတာက အားလုံးမှာ လှေနံဓားထစ် အားလုံးတူနေရမယ်ဆိုတာ အားလုံးတစ်သားတည်း၊ တစ်ခွန်းတည်း ဖြစ်နေရရမယ် ပြောင်းလဲမှု မရှိရဘူးဆိုတာကတော့ မဟုတ်ဘူး။


TREND ။        ။ အခုနောက်ပိုင်း AA က ရခိုင်နဲ့ ဘင်္ဂါလီကြား ဘာသာရေးဆန်ဆန်၊ လူမျိုးရေးဆန်ဆန် လုပ်ဆောင်လာတာ တွေ့နေရတော့ ဒီအပေါ်မှာ ဘာပြောချင်ပါလဲ။
DSMYZL ။    ။ 
ဘင်္ဂါလီ အသိုင်းအဝိုင်းခမျာလည်း အရမ်းသနားဖို့ ကောင်းတယ်လို့ မြင်တယ်။ သူတို့ တစ်တွေက ဟိုကဆွဲလိုက်၊ ဒီကဆွဲလိုက် အဲဒီလိုမျိုးတွေ သူတို့အသုံးချ ကြတယ်ဆိုတာမျိုးကိုကလည်း ထင်ထင်ပေါ်ပေါ် ရှိလာပါတယ်။ ဘာသာရေးကို အခြေခံပြီးတော့ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ပဋိပက္ခကလည်း အစဉ်အလာအရလည်း ဖြစ်လာခဲ့တယ်။ အခု အခြေအနေမှာလည်းပဲ သူတို့တ‌စ်တွေကတော့ အရမ်းသနားဖို့ကောင်းတဲ့ အခြေအနေမှာ ရှိနေတယ်။ မဖြစ်သင့်ဘူးပေါ့။ ဘာသာရေးကို အခြေခံပြီးတော့မှ တော်လှန်ရေးအတွက် အသုံးချတာ မဖြစ်သင့်ဘူး။ ဘာသာရေး ကိုယ့်ရဲ့ဘာသာ၊ ကိုယ်ကြိုက်တဲ့ဘာသာကို ကိုးကွယ်လို့ရတယ်။ သူတို့ရဲ့ အသိုင်းအဝိုင်းအရ ကောင်းကောင်းမွန်မွန် နေထိုင်ခွင့်ရှိတယ်။ အဲဒီလိုပဲနားလည်တယ်၊ မဖြစ်သင့်ဘူး။ တိုင်းပြည်တစ်ပြည်မှာ ဘာသာရေး ပဋိပက္ခတွေက အရင်လည်း ဖြစ်ခဲ့ဖူးပြီးပြီ။ ဒါမျိုးတွေက ဖြစ်ကိုမဖြစ်သင့်တော့ဘူး။


TREND ။        ။ AA အဖွဲ့က သူ့ရဲ့ နိုင်ငံရေးရည် မှန်းချက်အဖြစ် ကွန်ဖက်ဒရိတ်၊ ကွန်ဖက်ဒရေးရှင်းထက် မနိမ့်တဲ့အဆင့်ထိ ရောက်အောင် လုပ်ဆောင်သွားမယ်လို့ ပြောထားတာရှိပါတယ်။ ဒီအပေါ် ဘယ်လို မှတ်ချက် ပြုလိုပါလဲ။
DSMYZL ။    ။ 
သူတို့တစ်တွေမှာတော့ အိပ်မက်တွေ တော်တော်များများ ရှိခဲ့တယ်။ ကွန်ဖက်ဒရိတ်လို့ အခုသုံးတယ်။ ခွဲထွက်ဖို့လည်း ပြောတယ်။ ခွဲမထွက်ဘူးလို့လည်း ပြောတယ်။ ညီနောင်တွေနဲ့ အတူနေမယ်လို့လည်း ပြောတယ်။ အဲဒါကတော့ သူတို့ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ နောက်ဆုံးအထိ စောင့်ကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်။


TREND ။        ။ ရခိုင်ပြည်နယ်မှာ AA ကလွဲပြီး  'မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ မရှိစေရ' မူဝါဒအရ နစကအစိုးရနဲ့ ပူးပေါင်းနေတဲ့ လက်နက်ကိုင်အဖွဲ့များကို ချေမှုန်းသွားမယ်။ ALP ကိုလည်း တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘဲ ချေမှုန်းသွားမယ်လို့ ဇွန်လ ၈ ရက်က သတင်းစာရှင်းလင်းပွဲမှာလည်း AA က သတင်းဌာနတစ်ခုကို ပြောထားပါတယ်။ ဒီလို ပြောဆိုချက်အပေါ် ဘာများတုံ့ ပြန်ပြောဆိုချင်ပါလဲ။
DSMYZL ။    ။
ALP ကို အပြုတ်တိုက်ဖို့ဆိုတာမျိုးကို ထုတ်ထားတယ်။ စစ်တွေမြို့မှာ ရှိနေတယ်ဆိုလို့ရှိရင် သူတို့ကိုလည်း တိုက်ရမှာပေါ့။ နောက်ပြီး ALP တစ်ယောက်ချင်းစီကိုလည်း အပြတ်ရှင်းမယ်ပေါ့။ အဲဒီလိုပုံစံမျိုးတွေ ပြောထားတာတွေရှိတယ်။‌ ဒါဟာ သူတို့ရဲ့ဆန္ဒပဲလေ။ AA ဟာ သူတို့ရဲ့ စရိုက်လက္ခဏာကို ဖော်ပြနေတာပဲ ဖြစ်တယ်။ ဒီလို မဖော်ပြခင်ကတည်းက လုပ်လာခဲ့ပြီးပြီပဲ မဟုတ်လား။ အခုမှပဲ ဒီစကားကို ပြောနေဖို့ လိုသေးလားပေါ့။ အရင်လည်း ကောင်းကောင်းလုပ်လာခဲ့ ပြီးပြီလေ။ အခု သတင်းစာရှင်းလင်းပွဲမှာလည်း ALP ကို တည့်တည့်ပြောသွားတာပါ။ တခြားအဖွဲ့အစည်းကို ပြောတာ မဟုတ်ဘူးလားလို့တောင် ထင်ရတယ်။ အဓိက ALP ကို ပြောတာ။ နစကအစိုးရနဲ့ ပူးပေါင်းတာဆိုရင် နိုင်ငံရေးပါတီကတချို့ကိုလည်း စောင်းပြီးပြောတာဖြစ်ပေမယ်လို့ အဲဒီအထဲမှာ ပြောတဲ့စကားက တခြားလူတွေက ပြောတာက ၁၀ ရာခိုင် နှုန်းလောက် ပဲပါမှာပါ။ ALP ကို ပြောတာ ရာခိုင်နှုန်း ၉၀ ပါတယ်။ အဲဒါက သူ့တို့ရဲ့စရိုက်၊ သူတို့ရဲ့ သဘောထား သူတို့တစ်တွေရဲ့ စရိုက်လက္ခ ဏာတွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေတာပဲဖြစ်တယ်။


TREND ။        ။ ALP အနေနဲ့ လက်ရှိအခင်းအကျင်းမှာ နိုင်ငံရေး၊စစ်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံ လှုပ်ရှားဆောင်ရွက်နေတယ်လို့ ပြောနိုင်မလဲ။
DSMYZL ။    ။
ကျွန်မတို့ကတော့ လုပ်ချင်တာကတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ အပိုင်းကို လုပ်ချင်တယ်။ ဒါပေမဲ့ အစိုးရကိုယ်တိုင်ကလည်း အလုပ်တွေက တအားများတဲ့အနေအထား ဖြစ်နေပြီလို့ မြင်တယ်။ ဆိုတော့ NSPNC နဲ့လည်း ငြိမ်းချမ်းရေး စကားဝိုင်းကတော့ သတ်မှတ်ထားတဲ့အတိုင်းမှာ မဖြစ်လာသေးဘူးပေါ့။ အဲဒါကို ကြည့်ချင်းအားဖြင့်ဆိုရင် NCA ကို လက်မှတ်ရေးထိုးထားပြီး တော့မှ ငြိမ်းချမ်းရေးကို သွားနေကြတဲ့ တခြားသော အဖွဲ့အစည်းတွေရဲ့ စိတ်နေသဘောထားတွေကရော ဘယ်လိုဖြစ်နေလဲ။ အစိုးရကရော ဒီအဖွဲ့အစည်းတွေနဲ့ ဘယ်သောအခါမှ အစည်းအဝေးခေါ်မှာလဲ၊ အဖွဲ့အစည်းတွေကရော ခေါ်တဲ့အခါမှာ လာနိုင်ကြတဲ့ အနေအထားရှိလား။ လမ်းပန်းတွေကရော ဘယ်လိုရှိနေတယ်ဆိုတာမျိုးကိုတော့ ကျွန်မတို့အနေနဲ့ လေ့လာစောင့်ကြည့်နေတယ်။ ALP အနေနဲ့ကျလို့ရှိရင် အခု စစ်တွေမြို့ကို ထားပြီးတော့မှ နေရပ်စွန့်ခွာသွားကြတဲ့ အိမ်တွေကို သူခိုးတွေ လာဖျက်ကြတာရှိတယ်။ အဲဒါကြောင့် ပြည်သူ့အိုးအိမ်စောင့်ရှောက်ရေး စီမံကိန်းပေါ့။ အဲဒါမျိုးကို ဆရာမတို့က စောင့်ကြပ်တယ်။ အဲဒီလိုမျိုး အစီအစဉ်တစ်ခုကိုတော့ လုပ်နေတယ်။ ပြည်သူတွေကို အတတ်နိုင်ဆုံး ပံ့ပိုးဖို့တော့ ကြိုးပမ်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့မှာလည်း အခက်အခဲတွေရှိနေတော့ လိုသလောက်တော့ မပံ့ပိုးနိုင်ဘူး။ ဒါပေမဲ့ ကျွန်မတို့ တတ်နိုင်သလောက်ကတော့ ပြည်သူတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဖို့ဆိုတာမျိုးရှိတယ်။ နိုင်ငံရေးစကား ငြိမ်းချမ်းရေးစကားကိုလည်း ရသမျှကို ကျွန်မတို့ပြောနေမယ်။ ကျွန်မတို့ အမြဲတမ်းလည်း ဆုတောင်းတယ်။ ဒီတိုင်းပြည်ကြီးတစ်ခုလုံးက စစ်ပွဲတွေငြိမ်းချမ်းပြီးတော့မှ ပြဿနာကြီးကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်တဲ့အထိကို ALP အနေနဲ့ ဆက်လက်လုပ်ဆောင် သွားဖို့ရှိတယ်။


TREND ။        ။ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး ALP က ငြိမ်းချမ်းသောနည်းနဲ့သာ ဆောင်ရွက်မယ်ဆိုတဲ့ မူဝါဒချမှတ် ထားတယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခလျော့နည်းသွားရေး ဖြည့်စွက်ပြော ကြားပေးပါဦး။
DSMYZL ။    ။
လူချင်းမတွေ့နိုင်တဲ့ အနေအထားမှာတော့ ဖုန်းနဲ့ ဒီတိုင်းပြည်ကြီး ငြိမ်းချမ်းအောင်  ဆောင်ရွက်ဖို့ လိုတယ်ဆိုတာမျိုးကို နိုင်ငံရေးပါတီက ခေါင်းဆောင်တချို့နဲ့လည်း စကားပြောဖြစ်တယ်။ ပြီးလို့ရှိရင် EAO အသိုင်းအဝိုင်းမှာလည်းပဲ ကျွန်မတို့နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းမှာတော့ ကျွန်မတို့ စကားပြောဖြစ်တာတွေရှိတယ်။ ဒီလို ပြောနေပေမယ့်လို့ ကျွန်မတို့က အကောင်အထည်ဖော်ဖို့အတွက်က လက်ရုံးရည်နဲ့ နှလုံးရည်လို့ ပြောရမှာပေါ့။ နှလုံးရည်နဲ့ ပြောနေတဲ့သူတွေထက် တိုက်ပွဲဖော်ဆောင်ရမယ်လို့ အမြင်ရှိနေတဲ့သူတွေက တော်တော်များနေတယ်။ တစ်နည်းအားဖြင့် လက်နက်ကိုင် တော်လှန်ရေးသည်သာလျှင် အဆုံးအဖြတ်ပေး ရမယ်ဆိုပြီးတော့မှ ခံယူထားတဲ့သူတွေ များနေတဲ့အခါမှာ လုပ်ရကိုင်ရ အခက်အခဲအများကြီးရှိနေသေးတယ် လို့ ကျွန်မတို့ ယေဘုယျအားဖြင့် ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်ကိုတော့ စွန့်လွှတ်မှာမဟုတ်ဘူး။ ကျွန်မတို့ရဲ့ မူလလမ်းစဉ်အတိုင်းပဲ ကျွန်မတို့ ဆက်လက်ပြီးတော့မှ အသွင်တူရာတူရာတွေနဲ့တော့ ချိတ်ဆက်ပြီး ကြိုးပမ်းသွားရမှာပဲလို့ပဲ ခံယူထားပါတယ်။


TREND ။        ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
( ညီသစ် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 523

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.