ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) ဒုဥက္ကဋ္ဌ ဦးအားနိုင်နှင့် ဆက်သွယ်မေးမြန်းခြင်း 

၂၀၂၄ ဇူလိုင် ၄
တိုင်းရင်းသားပါတီတစ်ခုအနေနဲ့ စစ်အငွေ့အသက်တွေ အမြန်ဆုံးပျောက်ကင်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမြန်ဆုံး ဖြစ်စေချင်ပါတယ်။
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ပြီးခဲ့သည့် ဇွန် ၁၉၊ ၂၀ ရက်များက နေပြည်တော်ရှိ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။ ထိုဆွေးနွေးပွဲများတွင် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘောတူညီချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ဖြည့်စွက်သင့်သည်ဟု သုံးသပ်ယူဆရသည့် အဆိုပြုချက်များနှင့်ပတ်သက်၍ နှစ်ဖက်အဆိုပြုချက်များကို အပြန်အလှန် ရှင်းလင်းဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး နှစ်ရက်တာဆွေးနွေးပွဲ၌ နှစ်ဖက်ဆွေးနွေးချက်များအရ ရရှိလာသည့် သဘောထားများအား သဘောထား စုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါတွေ့ဆုံ ပွဲသို့တက်ရောက်ခဲ့သူ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) ဒုတိယ ဥက္ကဋ္ဌ ဦးအားနိုင်၏ တွေ့ဆုံပွဲအတွေ့အကြုံနှင့် ၎င်း၏ နိုင်ငံရေးအမြင် သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။

    

TREND ။        ။ ပြီးခဲ့တဲ့ရက်ပိုင်းက NSPNC ငြိမ်းချမ်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တို့ တွေ့ဆုံခဲ့မှု အဓိက ဘယ်အချက်တွေ ဆွေးနွေးခဲ့တာလဲ၊ ပြောပြနိုင်သလောက်ပြောပြပေးပါဦး။ 
UAN    ။    ။
ခေါင်းစဉ်တင်ထားတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက လိုအပ်တဲ့ဟာတွေကို ပြင်သင့်တယ် ထင်တဲ့အချက်တွေကို ကျွန်တော်တို့ နိုင်ငံရေးပါတီ အစုအဖွဲ့ ၁၆ ဖွဲ့က  အပြန်အလှန် ဆွေးနွေးကြတာပေါ့။ အဓိက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးတော့ စစ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးကဏ္ဍမျိုးစုံထဲက အချက်အလက်တွေ ထုတ်ပြီးတော့ ပြင်ဆင်သင့်တဲ့ စကားလုံးတွေကို ဆွေး‌နွေးကြတာပေါ့။  ဥပမာ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ တစိုက်မတ်မတ် တိုက်တွန်းအကြံပြုတာကတော့ ပုဒ်မ ၂၆၁ ပေါ့။ ပုဒ်မ၂၆၁ က NLD ခေတ်တုန်းက တပ်မတော်ဘက်က သဘောတူခဲ့တယ်လေ။ ပုဒ်မ ၂၆၁ က ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တွေထဲကပဲ ရွေးရမယ်ဆိုတဲ့ အချက်လေ။ အဲဒါမျိုးလေးတွေပေါ့။ Power Sharing ၊  Resources Sharing ကိစ္စ။ အဓိကက အဲဒီနှစ်ခုနဲ့ ပတ်သက်တဲ့ Sharing တွေ တင်ပြဆွေးနွေးခဲ့ကြတာပါ။

TREND ။        ။ ဒီလို တွေ့‌ဆုံဆွေးနွေးမှုတွေကနေ  နိုင်ငံအတွက် ဘယ်လိုအကျိုးတရားတွေ၊ အခင်းအကျင်းတွေ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်လဲ။
UAN    ။    ။
ကျွန်တော်တို့အရင်က ပြည် ထောင်စုအဆင့် UPDJC ဆိုတာရှိခဲ့တာ‌ပေါ့။ အခုကတော့ နိုင်ငံရေးပါတီများ အစုအဖွဲ့ဆိုပြီး အသစ်ပြန်ဖွဲ့ ခဲ့တာပေါ့။ အရင်က UPDJC ရဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ပေါ့။ အခုကတော့ နိုင်ငံရေးပါတီများအစုအဖွဲ့ပေါ့။ ဒါကတော့ သူ့လိုအပ်ချက်နဲ့သူ ဖွဲ့စည်းခဲ့ တာ။ နောက်တစ်ခုကတော့ ပြောင်းလဲမှုအနေနဲ့ တွေ့ရတာကတော့ ဆွေးနွေးမှုမှာ အရင်တုန်းက ယူနီဖောင်းတွေနဲ့ပေါ့၊ အခုကတော့ တိုက်ပုံတွေနဲ့။ ဒါက ကျွန်တော်တို့ မျက်စိနဲ့မြင်ခဲ့ရတာကို ပြောတာပါ။ ပြီးတော့ နှစ်ဖက်လုံးက လိုလိုလားလားနဲ့ လွတ်လွတ်လပ်လပ် ဆန္ဒတွေ တင်ပြဆွေးနွေး ကြတယ်၊ အကျေအလည် ညှိနှိုင်းကြတယ်၊ မှတ်သားတယ်၊ နှစ်ဖက်လုံး အဆင်ပြေမယ့်အချက်တွေ သဘောလည်း တူကြတယ်ဆိုရင် မှတ်တမ်း တင်ကြတာပေါ့။ အရင်က အားလုံးပေါင်း ရှစ်လ၊ ကိုးလလောက်မှာကို အချက်ပေါင်း ၅၇ ချက်လောက် သဘောတူနိုင်ခဲ့တယ်။ ဒါက မှတ်တမ်းထဲမှာပေါ့။ ဒါတွေကတော့ နောက်လွှတ်တော်ပေါ်မှပဲ Pass ဖြစ်မှပဲ အတည်ပြုနိုင်မှာပေါ့။ သူ့ Procedure (လုပ်ထုံး လုပ်နည်း)က ဒီ လိုလေးတွေရှိတော့ ဆက်သွားရဦးမှာပေါ့။ 


TREND ။        ။ နိုင်ငံရေးပါတီများအစုအဖွဲ့က ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ပြောပြနိုင်သလောက် ပြောပြပေးပါဦး။
UAN    ။    ။
ကျွန်တော်တို့ကတော့ တောင်းဆို တာပေါ့။ EAO တွေရယ်၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ရယ်၊ နစက အစိုးရရယ် သုံးပွင့်ဆိုင်ပေါ့။ အခြေအနေပေးသလို အချိန်ပေးနိုင်သလိုပေါ့။ Zoom Meeting ဖြစ်ဖြစ်၊ နေပြည်တော်မှာ ဆုံနိုင်အောင်ပဲဖြစ်ဖြစ်တွေ့နိုင်ဖို့ အကြံပြုထားတယ်။ ဒါက NSPNC က ခွင့်ပြုမှပဲ အဆင်ပြေမှာပါ။ ဒါကိုတော့ NSPNC ကလည်း မှတ်သားထားမယ်လို့ သိရပါတယ်။ ဒီလိုတွေ့ဆုံဖြစ်မယ် ဆိုရင်တော့ ရလဒ်ကောင်းရဖို့ Step By Step တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားဖို့လိုပါမယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီများ အစုအဖွဲ့ဘက်ကလည်း တင်ပြပါတယ်။ နိုင်ငံတော်ကိုယ်စားပြုနိုင်တဲ့ ပါတီတွေကို ထပ်ပြီးတော့ မှတ်ပုံတင်ချပေးနိုင်ဖို့ပေါ့။ အဲဒီလို အကြံပြုထားတယ်။ ဘာဖြစ်လို့လဲဆို တော့ ပါဝင်နိုင်မှုများလေ ပိုကောင်းလေပေါ့။ 


TREND ။        ။ တကယ်လို့ နစက အစိုးရရယ်၊ EAO တွေရယ်၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ရယ် သုံးပွင့်ဆိုင် တွေ့ဆုံဖြစ်ခဲ့မယ်ဆိုရင် ဒီတွေ့ဆုံမှုကနေ နိုင်ငံအတွက် ဘယ်လိုရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်တယ်လို့ မျှော်လင့်လဲ။
UAN    ။    ။
တကယ်လို့ တွေ့ဖြစ်တဲ့အချိန် ကျရင်တော့ သုံးပွင့်ဆိုင် ဆွေးနွေးရမယ့် အချက်အလက်တွေကို ကြိုပြီးတော့ ပြင်ဆင်ကြရမှာပါ။ ဆိုတော့ နိုင်ငံတော်အဆင့်ဆိုတော့ ကျယ်ပြန့်တာပေါ့။ မျှော်လင့်တာကတော့ ပြည်သူတစ်ယောက်အနေနဲ့၊ ပါတီတာဝန်ရှိသူတစ်ယောက်အနေနဲ့ အများကြီး မျှော်လင့်တာပေါ့။အမြန်ဆုံးငြိမ်းချမ်းဖို့ပေါ့။ 
    နိုင်ငံရေးပါတီများ အစုအဖွဲ့ကလည်း မျှော်လင့်ပါတယ်။ အရွေ့တစ်ခု ဖြစ်နိုင်မလားပေါ့။ ဘာလို့လဲ‌ဆိုတော့ အခု ပြောပြောနေတဲ့ စစ်ဘောင်က နိုင်ငံရေးဘောင်ထက် ကျယ်သထက်ကျယ်လာတော့ ဒါတွေကို ဘယ်လို ရပ်တန့်သွားအောင် နစက အစိုးရဘက်ကပဲ ဖြစ်ဖြစ်၊ NSPNC ဘက်ကပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ဘက်ကပဲဖြစ်ဖြစ်၊ EAO တွေဘက်ကပဲ ဖြစ်ဖြစ်  ဝိုင်းဝန်းပူးပေါင်းပြီးတော့ စည်းစည်းလုံးလုံးနဲ့ ဘယ်လို ဆွေး‌နွေးအဖြေရှာကြမလဲ၊ ဆွေး‌နွေးအဖြေထုတ်ဖို့ ဘယ် လိုအကောင်အထည်ဖော်ကြမလဲ။ ဒါတွေကတော့ တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်လို့ ထင်ပါတယ်။


TREND ။        ။ စစ်ဘောင်က နိုင်ငံရေးဘောင်ထက် ကျယ်သည်ထက်ကျယ်လာတော့ နိုင်ငံရေးဘောင် ပြန်ကျယ်လာအောင် နိုင်ငံရေးမှာပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက ဘယ်လိုဆောင်ရွက်မှုတွေကို ဦးစားပေး လုပ်ဆောင်သင့်လဲ။ 
UAN    ။    ။
ကျွန်တော်တို့ အယူအဆကတော့ နေပြည်တော်တွေ့ဆုံပွဲမှာ တင်ပြခဲ့သလို အခုက ပါတီမှတ်ပုံတင် ခွင့်ပြုပေးထားတာက ၄၇ ပါတီပဲရှိသေးတယ်။ ၆၄ ပါတီတင်ထားတယ်။ မကျသေးတဲ့ ပါတီတွေကို အစိုးရ၊ UEC ဘက်ကနေ အမြန်ဆုံးချပေးဖို့ပေါ့။ ဒါလည်း တစ်ဖက်တစ်လမ်းကနေ နိုင်ငံရေးဘောင် ပြန်ကျယ်လာနိုင်တာပေါ့။ ပါတီတွေများသည်ထက်များများ ဝင်လာနိုင်လေ ဆွေးနွေးတဲ့ဘောင်၊ နိုင်ငံရေးဘောင်က ကျယ်ကျယ်လာလေပဲ။ ဒါကတော့ သေချာတယ်။ ဆွေးနွေးတဲ့ဘောင် ကျယ်လာပြီဆိုရင်လည်း နိုင်ငံရေးဘောင် ပြန်ကျယ်လာဖို့ လမ်းစပါ။ အခုက နိုင်ငံရေးပါတီများ အစုအဖွဲ့ရယ်၊ NSPNC ရယ်၊ EAO ရယ်ပေါ့။ ဆိုလိုတာကတော့ ဆွေး‌နွေးတဲ့ Stage တွေ များများတည်ဆောက်နိုင်ရင် လက်နက်ကိုင်ပဋိပက္ခ ကျဉ်းကျဉ်းသွားမှာပါ။ သို့တည်းမှပဲ အဖြေကပြီးမှာပေါ့။ ဆိုတော့ လက်နက်နဲ့ ဖြေရှင်းလာကြတာလည်း နှစ်ပေါင်း ၇၀ ကျော်နေ ပြီ။ ဒါက အ‌ဖြေမဟုတ်ဘူး‌လေ။


TREND ။        ။ ရွေးကောက်ပွဲနဲ့  နိုင်ငံရေးဘောင် ပြန်ကျယ်လာမှု  ဒီအပေါ်မှာ ဆက်စပ်သုံးသပ်ပေးပါဦး။
UAN    ။    ။
၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံတော်အကြီးအကဲကလည်း ပြောထားတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပါတီတစ် ခုအနေနဲ့ကတော့ အခင်းအကျင်းကိုပေါ့။ ဒီနိုင်ငံရေး ဆွေးနွေးမှု Stage အပေါ်မှာပဲ ပါဝင်ပူးပေါင်းဖို့ပါပဲ။ ကျွန်တော်တို့မှာ လမ်းကြောင်းက ဒီတစ်ခုပဲရှိတယ်၊ ထွက်ပေါက်ပေါ့။ ဆိုလိုတာက နိုင်ငံရေးပါတီတွေ ဆက်လက်မှတ်ပုံတင်ချပေးဖို့ တင်ပြထားတယ်။ အခုက ၄၇ ပါတီပေါ့။ ၆၄ ပါတီ တင်ထားတော့ ချပေးနိုင်သလောက် ချပေးပြီးတော့ နိုင်ငံရေး Stage မှာ နိုင်ငံရေးပါတီတွေ များများပူးပေါင်းနိုင်လေ ဆွေးနွေးမှုက ပိုပြီးကျယ်ပြန့်လာလေကို ဆိုလိုတာပါ။ တကယ်လို့ အခက်အခဲကြားကနေ ရွေးကောက်ပွဲ အဆင်ပြေ ပြီးမြောက်သွားမယ် ဆိုရင် ကျွန်တော်တစ်ဦးတစ်ယောက်အနေနဲ့ ယုံကြည်တာ၊ မျှော်လင့်တာကတော့ အခင်းအကျင်းက အကောင်းဘက်ကို ဦးတည်သွားနိုင်ပါတယ်။ စစ်ဘောင် ကျဉ်းဖို့ ကိစ္စ၊ နိုင်ငံရေးဘောင် ကျယ်လာဖို့ကိစ္စကတော့ ကျယ်ပြန့်ပါတယ်။ ကျယ်ပြန့်တယ်ဆိုတာက စောစောက ပြောသလို ကျွန်တော်တောင်းဆိုတဲ့ အတိုင်းပေါ့။ နိုင်ငံရေးဘောင် ကျယ်လာအောင် နိုင်ငံရေးပါတီတွေ ဆက်လက်ချပေးဖို့၊ ၄၇ ပါတီမက ပါတီတွေ များများပူးပေါင်း ပါဝင်နိုင်လေ ရှေ့ဆက်သွားဖို့က ပိုပြီးတော့ အားဖြစ်လေလေပေါ့။ ကျွန်တော်တို့မှာကလည်း ကိုယ်စားပြုတဲ့ ပါတီတွေ များများပါဝင်လာဖို့က အရေးကြီးတယ်။ ဒါမှလည်း အားရှိမှာပါ။


TREND ။        ။ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီးတော့ရော အားသာချက်အားနည်းချက် ဘယ်လိုသုံးသပ်မိလဲ။
UAN    ။    ။
ရွေးကောက်ပွဲစနစ်က PR နဲ့ပဲ သွားမယ်လို့ အသိပေးပြောကြားထားတော့ PR နဲ့ ပတ်သက်တာပဲ ပါတီအသီးသီးက ပြင်ဆင်ရမှာပါ။ PR စနစ် ကျင့်သုံးမယ်ဆိုရင် ကောင်းပါတယ်။ အရင်ထက်စာရင် PR က ပါတီတွေအားလုံး ပူးပေါင်းပါဝင်လာ နိုင်မယ့်အခွင့်အရေးတစ်ခုပေါ့။ ကမ္ဘာမှာလည်း နိုင်ငံပေါင်း ၇၀ ကျော် PR စနစ်ကို တော်တော်ကျင့်သုံးထားတာဆိုတော့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲမှာ PR စနစ်အရ ကျွန်တော်တို့လို တိုင်းရင်းသားပါတီတွေ၊ ပါတီအငယ်လေးတွေ လွှတ်တော်ထဲမှာ ဝင်ရောက်နိုင်မယ့် အခွင့်အလမ်း ပိုများတာပေါ့။ PR စနစ်ရဲ့ ခွဲဝေမှုစနစ်အရ တိုင်းရင်းသားပါတီတွေ၊ ပါတီ အငယ်လေးတွေ လွှတ်တော်ထဲရောက်ဖို့ ရာခိုင်နှုန်းတော်တော်များပါတယ်။ အရင့်အရင်တုန်းကတော့ အင်အားကြီးတဲ့ပါတီတစ်ခု၊ ရွေးကောက်ပွဲမှာ မဲများတဲ့အားကြီးတဲ့ ပါတီတွေပဲ လွှတ်တော်ထဲ ရောက်သွားတာလေ။ အခုကတော့ ကျွန်တော် တို့လေ့လာရသလောက် PR နဲ့ သွားမယ်ဆိုရင်  ပါတီငယ်‌လေးတွေလည်း အခွင့်အလမ်းတွေ ပိုများလာနိုင်ပါတယ်။


TREND ။        ။ လက်ရှိအခြေအနေအရ တိုင်းရင်းသားပါတီ‌တွေ  ကြုံတွေ့နေရတဲ့ အခက်အခဲက ဘာဖြစ်မလဲ။
UAN    ။    ။
အခက်အခဲကတော့ အများကြီးပါပဲ။ ဥပမာ အရင်တုန်းက ရှမ်းမြောက်မှာ မြို့နယ်ငါး မြို့နယ်လောက်ရှိခဲ့တာ။ အခုက စစ်ဘောင်နည်းနည်း ကျယ်လာတော့ ဒီမြို့နယ်တွေက စစ်ဘောင်ထဲ ရောက်နေ၊ ဝင်နေတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး အမေးရော၊ အဖြေရော မထုတ်နိုင်သေးဘူး။ ဘယ်လိုဆက်ပြီး ဆောင်ရွက်ရမလဲ‌ဆိုတာလည်း ကျွန်တော်တို့ ဆွေးနွေးနေဆဲ အခြေအနေပါ။ အရင်တုန်းဆိုရင် လားရှိုး၊ သိန္နီ၊ သီပေါ၊ ကွမ်းလုံ၊ တောင်ကြီးပေါ့။ အခုဆိုရင် နှစ်မြို့လောက်က ဝင်ထွက်လို့မရဘူး။ တခြားတိုင်းရင်းသား ပါတီ‌တွေလည်း ဒီပြဿနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်။ ဒါကို ကျွန်‌တော်တို့ အဖြေမထုတ်နိုင်သေးဘူး။ဆိုတော့ ဒါက အားလုံးရဲ့ တူညီတဲ့အခက်အခဲတစ်ခုပေါ့။ ဒါကြီးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမှာလဲဆိုတာ အဖြေမထုတ်နိုင်သေးဘူး။


TREND ။        ။ နှစ်မြို့နယ်လောက် စစ်ဘောင်ထဲ ရောက်သွားတယ်၊ ဒီမြို့နယ်တွေကို ဝင်ထွက်လို့မရသေးဘူးဆိုတာက ဘယ်လို အခြေအနေမျိုးလဲ ပြောလို့ရသလောက် ပြောပြပါဦး။
 UAN    ။    ။
ကျွန်တော်တို့ ကိုးကန့်ဒီမိုကရေစီ နှင့်ညီညွတ်ရေးပါတီက ရှမ်းပြည်(တောင်ပိုင်း)က တောင်ကြီးမှာ ရုံးစဖွင့်တယ်။ တောင်ကြီးရယ် နောက် ရှမ်း‌မြောက်က လားရှိုး၊ ကွမ်းလုံ၊ သိန္နီ၊ သီပေါဆိုတော့ အခုက နှစ်မြို့နယ်လောက်က ဝင်ထွက်လို့ မရတော့ဘူး ဖြစ်နေတယ်။ ပါတီဌာနချုပ်က လားရှိုးမှာ။ အဓိကကတော့ ကွမ်းလုံ၊ သိန္နီရယ်ကတော့ စစ်ဘောင်ထဲ ရောက်သွားတာပေါ့။ အဲဒီ မြို့နယ်အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် မဖြေကြားနိုင်သေးဘူး။ သေချာတာကတော့ တိုင်းရင်းသားပါတီတွေ ခပ်များများကတော့ ဒီလို စစ်ဘောင်ထဲရောက်သွားတော့ ဒါကတော့ ဝိုင်းပြီးတိုင်ပင် ဆွေးနွေးကြရမှာပါ။


TREND ။        ။ တိုင်းရင်းသားပါတီတွေ ခပ်များများရဲ့ မြို့နယ်တွေ ဒီလို စစ်ဘောင်ထဲကျရောက်နေတဲ့အပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
UAN    ။    ။
ဒါကတော့ စိုးရိမ်တယ်လို့ပဲ စကားတစ်ခွန်းတည်းနဲ့ပဲ သုံးသပ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ သေချာတာက ဒုက္ခသည်တွေများများလာတော့ စိတ်မချမ်းမြေ့ဖြစ်မိတယ်။ နောက်မိုးတွင်းထဲ ဝင်လာပြီဆိုတော့ အစားအသောက်နဲ့ ကျန်းမာ ရေးကတော့ အခက်အခဲတွေ ပိုသည်ထက်ပို လာမှာပေါ့။


TREND ။        ။ ဒီအခြေအနေကြီး အမြန်‌ဆုံး ပြီးဆုံးဖို့ တိုင်းရင်းသားပြည်သူတွေက လိုလားတောင့်တ နေကြပါတယ်။ ဘယ်လိုအခြေအနေ၊ ဘယ်လိုနိုင်ငံရေး အခင်းအကျင်းတွေ ပေါ်ပေါက်မှ ပြီးဆုံးနိုင်မယ်လို့ ယုံကြည်မျှော်လင့်မိလဲ။
UAN    ။    ။
ကျွန်တော်တို့ နိုင်ငံနှစ်ပေါင်း ၆၀၊ ၇၀ မှာ အထူးသဖြင့် ဥပမာ ကိုးကန့်ပေါ့ဗျာ။ ကိုးကန့်က နှစ်ပေါင်း ၆၀ မှာ ၄၅ နှစ်လောက်က စစ်ဖြစ်နေတာလေ။ ၁၅ နှစ်လောက်ပဲ အေးချမ်းတယ်။ ပြီးခဲ့တဲ့ နှစ်တွေပေါ့။ အခုကတော့ ပြန်ပြီးတော့ ဒီဝဲဂယက်ထဲ ပြန်ရောက်သွားပြီ။ ကျွန်တော်တို့ကတော့ ကိုးကန့်တိုင်းရင်းသား ပါတီတစ်ခုအနေနဲ့ စစ်အငွေ့အသက်တွေ အမြန်ဆုံးပျောက်ကင်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမြန်ဆုံးဖြစ် စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအားလုံးက အခက်အခဲတွေ ကြုံတွေ့နေရပြီလေ။ အဓိကကတော့ စစ်ဘောင် အမြန်ဆုံး ကျဉ်းသထက်ကျဉ်းလာပြီးတော့ နိုင်ငံရေးဘောင် ကျယ်သထက် ကျယ်လာရင်တော့ မျှော်လင့်ချက်ရှိလာပြီပေါ့။


TREND ။        ။ ကိုးကန့်မှာက နိုင်ငံရေးပါတီလမ်းကြောင်း ရပ်တည်ဆောင်ရွက်နေတာရယ်၊ လက်နက်ကိုင်လမ်းကြောင်း သွားနေတာရယ်ဆိုပြီး ရပ်တည်ချက်တွေ လမ်းကြောင်းတွေ နှစ်မျိုးတွေ့ ရတယ်။ အဲဒီလိုမျိုးပဲ နားလည်မိတော့ ဒီလို ရပ်တည် ချက်မတူ၊လမ်း ကြောင်းကွဲပြားမှု အခြေအနေ အပေါ် ဘယ်လိုသုံးသပ်မိလဲ။
UAN    ။    ။
ကျွန်တော်တို့ကတော့ နိုင်ငံရေး ပါတီကနေ ဝင်ပြီးတော့ ကိုယ့်လူမျိုးအတွက် သယ်ပိုးရတာပေါ့။ နောက် ကျွန်တော်တို့က ရှမ်းတောင်၊ ဇာတိကလည်း တောင်ကြီးဆိုတော့ ကျွန်တော်တို့က ရှမ်းမြောက်ရှိတယ်၊ ရှမ်းတောင်ရှိတယ်။ ကျွန်တော်တို့  ရှမ်းတောင်ကတော့ ယိုးဒယားနယ်စပ်ပေါ့။ ရှမ်းတောင်ကတော့ ယိုးဒယားနယ်စပ်ဘက် ကိုးကန့်ဇုန်၊ ကိုးကန့်နယ်ပဲ။ သူ့ရဲ့ Culture က ယိုးဒယားနဲ့ နီးစပ်တာပေါ့။ မြန်မာ-ယိုးဒယားပေါ့။ ဒီဘက် ရှမ်းမြောက်ကကျတော့ တရုတ်နဲ့နီးတော့ တရုတ် Culture နဲ့နီးစပ်တာပေါ့။ ဆိုတော့ မတူတဲ့  Background? Culture နှစ်ခုကို ကျွန်တော်တို့က ပါတီထဲဝင်ပြီး လူမျိုးအတွက် သယ်ပိုးနေရတော့ စစ်နဲ့ပတ်သက်ပြီး မသိနားမလည်တော့ မသုံးသပ်လိုပါဘူး။


TREND ။        ။ စစ်ဘောင်းကျဉ်းပြီး နိုင်ငံရေးဘောင် ပြန်ကျယ်လာဖို့ လက်နက်ကိုင်ပဋိပက္ခပြေလည် ချုပ်ငြိမ်းဖို့ ဖြည့်စွက်ပြောကြားပေးပါဦး။
UAN    ။    ။
ကျွန်တော်ကတော့ တစ်ခုပဲ ပြောချင်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ သတင်းတွေ၊ ည ၈ နာရီ သတင်းတွေမှာ တောက်လျှောက် ကြေညာနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတော်ကြီး အမြန်ဆုံး အမြန်ဆုံးပေါ်ပေါက်လာနိုင်ပါစေလို့ ဒါပဲ တစိုက်မတ်မတ် ဆုတောင်းနေပါတယ်။ ကျွန်တော်တို့လည်း တစ်ဖက်တစ်လမ်းကနေ၊ ပါတီကနေ ဝင်ပါပြီးတော့ ပူးပေါင်းတယ်။ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်နိုင်ငံ အတွက်ပေါ့။ အုတ်တစ်ချပ်၊ သဲတစ်ပွင့် သယ်ပိုးနိုင်ပါစေဖို့ ဆုတောင်း ပါတယ်။ ဒီစစ်ဘောင် အမြန်ဆုံး ကျဉ်းမြောင်းသွားပြီး နိုင်ငံရေးဘောင်ကြီး ပြန်ကျယ်လာဖို့၊ ညှိနှိုင်း တိုင်ပင်လို့ရတဲ့ နိုင်ငံရေးဘောင်၊ နိုင်ငံရေးပလက်ဖောင်းတစ်ခု အမြန်ဆုံးကျယ်သည်ထက် ကျယ်လာနိုင်ပါစေ။ အားလုံးပူးပေါင်း ပါဝင်လာနိုင်မယ့် Stage တစ်ခု အမြန်ဆုံးတည်ဆောက် နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။


TREND ။        ။ ဆက်စပ်ပြီးတော့ မေးလိုတာက လက်ရှိ တိုင်းရင်းသားပြည်သူလူထုတွေ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ တိုက်ပွဲရှောင်၊ စစ်ဘေးရှောင် ဒုက္ခအပေါင်းကနေ လွတ်မြောက်ဖို့ နိုင်ငံရေးပါတီ ဘက်ကရော ပါဝင်လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေ၊ နည်းလမ်းတွေရှိလား။
UAN    ။    ။
ဒါကတော့ အခုတစ်ကြိမ်နေ ပြည်တော်မှာ တင်ပြဆွေး‌နွေးခဲ့သလိုပါပဲ။ မချပေးရသေးတဲ့ ပါတီတွေ၊ တချို့လည်း ကိုယ်စားပြုနိုင်တဲ့ ပါတီတွေနဲ့ နိုင်ငံအတွက် တကယ်အလုပ်လုပ်ချင်တဲ့ ပါတီခေါင်းဆောင်တွေ ရှိနေသေးတယ်။ ဒါကိုလည်း ကျွန်တော်တို့ နိုင်ငံရေးပါတီအစုအဖွဲ့က တင်ပြခဲ့တယ်။ မချရသေးတဲ့ ပါတီကို စိစစ်ပြီးတော့ အမြန်ချပေးဖို့ တိုက်တွန်းခဲ့တယ်။ ဒါမှလည်း ပိုပိုပြီး ကိုယ်စားပြုနိုင်တဲ့၊ ပါတီအများကြီးကို ကိုယ်စားပြုနိုင်တဲ့ အစုအဖွဲ့ကြီး ဖြစ်မှာကို။ ပိုပို ပြီး ကိုယ်စား ပြုနိုင်မှလည်း ပြည်တွင်း ပြည်ပက အလေးထားပြီးတော့ တစ်ဖက်တစ်လမ်းကနေ သယ်ပိုးနိုင်မှာပေါ့။ ပါတီအင်အားစုများလေ ပိုပြီးကျယ်ပြန့်လေဆိုတော့ စစ်ရဲ့ဘောင်ကလည်း ကျဉ်းသထက်ကျဉ်းလာမယ်၊ စစ်ရေးပဋိပက္ခ‌ တွေ စစ်ဘေးရှောင်တွေကို ပိုပြီးတော့ တစ်ဖက်တစ်လမ်းကနေ သယ်ပိုးနိုင်သွားမယ်။


TREND ။        ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 501

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.