၂၀၂၄ အောက်တိုဘာ ၁၀
လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင် နိုင်ရေးအတွက် နိုင်ငံတော်အားဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက် ကိုင်အကြမ်းဖက် တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားသည်။
TREND ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ PDF အဖွဲ့တွေ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေကနေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ဖို့ နစကအစိုးရရဲ့ ကမ်းလှမ်းဖိတ်ခေါ်ချက်အပေါ် အမြင်လေးသိပါရစေ။
UKKG ။ ။ စစ်ရေးပဋိပက္ခမြင့်တက်လာတဲ့အချိန်မှာ စစ်ရဲ့အနိဋ္ဌာရုံတွေကို ခံစားရတာက လက်နက်မဲ့ အရပ်သားပြည်သူတွေပဲ ဖြစ်တယ်။ အဲဒီတော့ စစ်ဘေးစစ်ဒဏ်ကြောင့်ရော၊ အခုရေဘေးကြောင့်ရော ဒီလောက်အတိဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းတဲ့ လမ်းကြောင်း ပွင့်လာတာကို ကြိုဆိုတယ်။ ဒီနေရာမှာ နစက အစိုးရဘက်က အရင်တုန်းက အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးဘူးလို့ ငြင်းဆန်ထားရာကနေ အခုတော့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တယ်ဆိုတာက လမ်းစတော့ ပွင့်သွားတယ်လို့ မြင်ပါတယ်။ အခုကတော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုပျက်ယွင်းနေတဲ့ အချိန်ပေါ့။ နောက်တစ်ခုကလည်း စစ်ပွဲနည်းလမ်းနဲ့ မြို့တွေ သိမ်းနိုင်တယ်၊ အနိုင်ရတယ်လို့ဆိုတဲ့ အမြင်မျိုး ဝင်နေလို့ရှိရင်တော့ နိုင်ငံရေးနည်းလမ်းကို သိပ်စိတ်ဝင်စားမှာ မဟုတ်ဘူးပေ့ါ။ သို့သော် လက်တွေ့အခြေအနေအရ ပြောရရင် ကျွန်တော်တို့နိုင်ငံရဲ့ ပြဿနာက ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘူး။ အဲဒီတော့ အင်အား ကြီးနိုင်ငံတွေရဲ့ ကစားကွက်ထဲမှာပါ ပါလာတဲ့အခါကျတော့ တစ်ဖက်က လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားပေါ့၊ အဲဒါကို ရှေးရှုပြီးတော့ တုံ့ပြန်သင့်တယ်လို့ မြင်ပါတယ်။
TREND ။ ။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးတော့ တုံ့ပြန်သင့်တယ်ဆိုတာက ဘယ်လိုတုံ့ပြန်မှုမျိုးဖြစ်မလဲ။
UKKG ။ ။ တစ်ခုကတော့ တွေ့ဆုံဆွေးနွေးမှုဆိုတာက ပထမအဆင့်ကတော့ Informal ပေါ့။ အလွတ်သဘော တွေ့ဆုံတာတွေရှိမယ်။ နောက်တစ်ခါ ပဏာမအကြို ညှိနှိုင်းဆွေးနွေးတာတွေရှိမယ်။ အဲဒါတွေပြီးတော့မှ တစ်ယောက်နဲ့တစ်ယောက် သဘောထားတီးခေါက်ပြီးတော့ နောက်ထပ်အဆင့်၊ အဆင့်တွေကို ဆက်သွားတဲ့အခါမှာ ဘာတွေကိုတောင်းဆိုမယ်၊ ဘာတွေကို ညှိနှိုင်းမယ်ဆိုတာမျိုး ဖြစ်သင့်တယ်ပေါ့။ ယတိပြတ်ငြင်းပယ်လိုက်ရင်တော့ နိုင်ငံရေးလမ်းကြောင်း ပိတ်သွားမှာပေါ့။ စစ်ရေးနည်းနဲ့ တစ်ယောက်ကို တစ်ယောက်အပြုတ်တိုက်နိုင်မှပဲ ဖြေရှင်းနိုင်မယ်ဆိုတဲ့ အခြေအနေမျိုးကိုတော့ မရွေးချယ်သင့်ဘူးလို့ မြင်ပါတယ်။ အခုကတော့ တော်တော်များများက ဒါကို ငြင်းဆန်တဲ့ သဘောတွေလည်း တွေ့ရတယ်ပေါ့။ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ လက်ရေးနဲ့ စာလေးမှာကတော့ ခေါ်ပုံခေါ် နည်း နည်းနည်းများ လွဲနေသလားလို့ဆိုတော့၊ ဒီဟာက လွဲနေတယ်လို့ယူဆရင် ညှိနှိုင်းဆွေးနွေးတာတွေ ရှိဖို့လိုတာပေါ့။ သဘောကတော့ အရင်တုန်းကလည်း တိုက်ရိုက်တွေ့ဆုံဆွေးနွေးတာ တွေရှိတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်တွေ ဆွေးနွေးတာ၊ ပြည်ထောင်စုအဆင့်ဆွေးနွေးတာ၊ နောက်တစ်ခါ ငြိမ်းချမ်းရေးအကျိုးဆောင်တွေကနေတစ်ဆင့် ဆွေးနွေးတာ အစရှိသဖြင့် ဆွေးနွေးချင်တဲ့၊ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်တဲ့ ဆန္ဒရှိရင်တော့ နည်းလမ်းတွေကို ရှာဖွေရမှာပေါ့။ အခုဟာက တော့ တစ်ဖက်ကလည်း တီးခေါက်တဲ့သဘောတွေလည်း ပါတယ်လို့မြင်တယ်။ တကယ်လို့ ယတိပြတ်ငြင်းလိုက်တဲ့ ဆိုရင်တော့ ဆွေးနွေးပွဲတံခါး ပိတ်သွားပြီပေါ့။ ဒါကြောင့် ပွင့်လာတဲ့တံခါးကို အသုံးချသင့်တယ်လို့ မြင်ပါတယ်။ပြောရင်တော့ ဒီဘက်စပြီး ကမ်းလှမ်းတယ်ဆိုတာက ဒီဘက်ကနေပြီးတော့ ကမ်းလှမ်းချက်အပေါ်မှာ ဘယ်လို တုံ့ပြန်လာမလဲဆိုတာကို သူက စပြီးတော့ ဦးဆောင်ပြီးတော့ အသံ ထုတ်လိုက်တဲ့သဘောပေ့ါ။ အဲဒီတော့ ဆိုလိုတာက ဟိုဘက်က ထွက်လာတဲ့ အသံတွေက တွေ့ဆုံဆွေးနွေးပွဲဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ဒီဘက်ကတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ပါ တယ်ဆိုတာကို အိမ်နီးချင်းနိုင်ငံတွေကိုတွေကိုရော၊ နိုင်ငံတကာကိုရော သူ့ဘက်ကစပြီးတော့ ဖွင့်လှစ်ပြလိုက်တာလို့ မြင်တယ်။ တကယ်လို့ငြင်းဆိုတယ်၊ ဆွေးနွေးပွဲ မဖြစ်ဘူးဆိုရင်လည်းပဲ သူ့ဘက်ကတော့ အကြမ်းဖက်အဖွဲ့အစည်းတွေလို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေကိုပါ ဆွေးနွေး ဖို့ ဖိတ်ခေါ်ပါတယ်ဆိုတာကို သူကမှတ်တိုင်ပေါ့၊ သက်သေထူပြီးသားဖြစ်သွားတယ်။ ဒါကြောင့်မို့လို့ ဒီအပေါ်မှာ လေးလေးနက်နက် တုံ့ပြန်သင့်တယ်လို့ မြင်တာပါ။
TREND ။ ။ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ဖို့ဆိုတဲ့ ကမ်လှမ်းဖိတ်ခေါ်ထားအပေါ် သုံးသပ်ပေးပါဦး။
UKKG ။ ။ နိုင်ငံရေးနည်းလမ်း ဖြေရှင်းနိုင်ဖို့ ဆိုတဲ့နေရာမှာ ဒါကို ဆက်သွယ်ဆွေးနွေးဖို့ဆိုတာပါတယ်။ နောက်တစ်ခုကတော့ ပါတီထောင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆိုတဲ့ဟာကတော့ ဒီအပါ်မှာ ခါးခါးသီးသီး တုံ့ပြန်ကြတာ တော်တော်သတိထားမိတယ်။ လက်ရှိ အခင်းအကျင်းက နစကအစိုးရရဲ့ အာဏာရယူထားမှုအပေါ်မှာ လက်မခံဘူး။ နောက်တစ်ခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး။ အစရှိသဖြင့်ပေါ့။့ စောတောနီးပြောတဲ့ အချက်သုံးချက်မှာ သူတို့ဘက်ကပြသတဲ့ သုံးချက်ပေါ့။ နစက ဘက်ကတော့ ပါတီထောင်၊ ရွေးကောက်ပွဲဝင်ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအပေါ်မှာ ပြုပြင်ပြောင်းလဲမှုလုပ်မယ်ဆိုတဲ့သဘော။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က စဉ်းစားသင့်တာက ရွေးကောက်ပွဲ မတိုင်ခင် အခင်း အကျင်းရယ်၊ အကယ်၍ ရွေးကောက်ပွဲ ဖြစ်ပြီးသွားရင် ရွေးကောက်ပွဲအလွန် အခင်းအကျင်းရယ် အဲဒီလိုမျိုး လက်တွေ့ကျကျ စိတ်ပိုင်းပြီးတော့ တုံ့ပြန်သင့် တယ်လို့ မြင်တယ်။ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းတာက အသက်အိုးအိမ် စည်းစိမ်တွေ၊ စစ်ပြေး ဒုက္ခသည်တွေ၊ နောက်လူငယ် တွေလည်း နိုင်ငံတွင်းကနေ အစုလိုက်အပြုံလိုက် ထွက်ခွာနေကြတာတွေ အစရှိသည်ဖြင့် ဒါတွေက တိုင်းပြည်အတွက် ဆုံးရှုံးနေတာလို့ မြင်တယ် လေ။ ဒါကြောင့်မို့လို့ တစ်ယောက်ကိုတစ်ယောက် အပြုတ်တိုက်မယ်ဆိုတဲ့ နည်းလမ်းကရော လက်တွေ့မှာ သဘာဝကျသလား၊ လက်တွေ့ကျသလား ပြန်သုံးသပ်ဖို့လိုတယ်။ အဲဒီတော့ တပ်မတော်ဘက်ကလည်း အလျှော့အတင်း လုပ်ရမှာတွေရှိတယ်။ ပြုပြင်ပြောင်းလဲမှု လုပ်ရမှာတွေရှိတယ်။ နိုင်ငံရေးပါတီများနဲ့ NSPNC နဲ့ တွေ့ဆုံဆွေးနွေးနေတာမှာလည်း အဓိကကတော့ ပြုပြင် ပြောင်းလဲမှုလုပ်ဖို့ သဘောတူညီချက်တွေ ရှာဖွေနေတာပေါ့။ ဒါကြောင့် လည်း နိုင်ငံရေးနည်းလမ်း ပြန်လည်အားကောင်းလာစေချင်တယ်။ စစ်ရေးနည်းလမ်းကတော့ နိုင်ငံသူနိုင်ငံသားများအတွက် ပိုပိုပြီးတော့ သေကျေပျက်စီးမှုတွေ၊ ထိခိုက်တာတွေများလာမယ်။ နောက်တစ်ခါ နိုင်ငံကြီးတွေရဲ့လက်တွေပေါ့၊ စွက်ဖက်တာတွေကလည်း ကျွန်တော်တို့က မြေစာပင် ဖြစ်သွားမယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံရေးနည်းလမ်း အားကောင်းလာဖို့ ဒါကိုပဲ ထပ်ခါတ လဲလဲ တိုက်တွန်းနေရတာ ဖြစ်ပါတယ်။
TREND ။ ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာက ငြိမ်းချမ်းရေးလမ်းကြောင်း၊ NCA လမ်းအတိုင်းသွားလိုတဲ့ ပုဂ္ဂိုလ်ရှိသလို လက်နက်ကိုင်လမ်းစဉ် မစွန့်လွှတ်လိုသူများ ပါရှိနေတယ်။ ဒီအခြေအနေမှာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းရေး ကမ်းလှမ်းဖိတ်ခေါ်ချက်က ဒီလိုအမြင် ရပ်တည်ချက်ကွဲပြားမှုတွေရှိနေတဲ့ အဖွဲ့အစည်းတွေ၊ PDF အဖွဲ့တွေအပေါ် ဘယ်လိုသက် ရောက်မှုတွေ ဖြစ်လာနိုင်မလဲ။
UKKG ။ ။ ကျွန်တော်တို့က တိုင်းရင်းသား တစ်ခုနဲ့တစ်ခုကလည်းပဲ သူတို့ရဲ့သန္ဓေတည်လာပုံရော၊ စတင်ဖြစ်ပေါ်လာပုံရော၊ ဦးတည်ချက်တွေ မတူဘူး၊ နောက်တစ်ခုက တစ်ဖွဲ့ချင်းစီမှာလည်း မတူဘူး၊ မတူကွဲပြားမှုတွေရှိတယ်။ အခု ဒီနွေဦးတော်လှန်ရေးကာလ တစ်လျှောက်လုံးမှာဆိုရင်လည်း သူ့နယ်နဲ့သူကို သီးခြားစီဖြစ်တည်နေတာတွေရှိတယ်။ ဒါကြောင့်မို့လို့ အဲဒီလိုအခြေအနေမျိုးကြီးက တိုင်းပြည်ကို ပျက်စီးသထက်၊ ဆိုးသထက်ဆိုးတဲ့ဘက်ကို ရောက်သွားစေတယ်လို့ မြင်တယ်။ နောက်တစ်ခုကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍသည်ပင်လျှင် တော်တော်ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာတာ တွေ့ရတယ်။ တစ်ဖက်ကလည်း နိုင်ငံက အင်မတန်ကျယ်ဝန်းပြီးတော့ လူဦးရေများတဲ့ အခါကျတော့ သူ့ရဲ့နယ်စွန်နယ်ဖျား ကျွန်တော်တို့ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိကပ်နေတဲ့ နေရာမှာလည်းပဲ အုပ်ချုပ်ရေး အားနည်းချက်တွေ ရှိနေတာကို သူ့ဘက်ကလည်း အရေးယူတာကို ပြင်ဆင်တာတွေ လုပ်တယ်၊ ကျွန်တော်တို့ သိရသလောက်က။ အခု ကျွန်တော်တို့နဲ့ အိမ်နီးချင်း နိုင်ငံတွြေုဖစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း သုံးနိုင်ငံလုံးက မြန်မာနိုင်ငံ ဒီလိုပြိုကွဲသွားမယ့် အခြေအနေမျိုးကို မလိုလားဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဟာက ဒေသတွင်းကိုပဲ ရိုက်ခတ်လာမှာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံကို ပြန်စုစည်းဖို့အတွက်ကို နိုင်ငံရေးနည်းလမ်း အားကောင်းလာအောင် သူတို့နည်းလမ်းမျိုးစုံနဲ့ သူတို့ကြိုးစားနေတယ်လို့ပဲ ကျွန်တော် ဒီလိုပဲမြင်ပါတယ်။
TREND ။ ။ လက်ရှိမှာက ပြည်သူလူထုတွေအနေနဲ့ ပဋိပက္ခတွေကြားမှာ အတိဒုက္ခရောက်နေကြရတဲ့ အခြေအနေပါ။ ပြည်သူတွေကလည်း ဒီအခြေအနေကြီးကို အမြန်ဆုံး ပြီးဆုံးချင်ကြပါပြီ။ တကယ်လို့ နိုင်ငံရေးနည်းလမ်းကို ယတိပြတ်ငြင်းပယ်ကြပြီး နိုင်ငံရေးလမ်းကြောင်း ပိတ်သွားမယ်၊ စစ်ရေးပဋိပက္ခပါ မြင့်တက်လာမယ်ဆိုရင် ဒီအခြေအနေတွေအပေါ် လက်ရှိပြည်သူတွေရဲ့ စိတ်ခံစားမှုတွေနဲ့ ဆက်စပ်ပြီး သုံးသပ်ပေးပါဦး။
UKKG ။ ။ နိုင်ငံရေးနည်းလမ်း ပိတ်သွားရင် စစ်ရေးပဋိပက္ခ ပိုမြင့်လာမှာပေါ့။ စစ်ရေးပဋိပက္ခ မြင့်လာမယ်ဆိုရင် ကျွန်တော်က သာမန်ပြည်သူတွေရဲ့ အသံကိုပဲ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ပြည်တွင်းမှာ တစ်လျှောက်လုံးနေတယ်။ ပြည်သူတွေကြားထဲမှာနေတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် တပ်မတော်က အာဏာထိန်းထားတာနဲ့ ပတ်သက်လို့ မကျေနပ်ဘူး၊ ဆန့်ကျင်ကန့်ကွက်တယ်ဆိုတဲ့ ပြည်သူတွေကိုယ်တိုင်က သူတို့မြို့၊ သူတို့ဒေသကို စစ်ဖြစ်ပြီးတော့ စစ်ဘေးရှောင်ရမှာ၊ ဒီလိုမျိုး လုံခြုံမှုကင်းမဲ့တဲ့အခြေအနေကြီးကို မကြိုက်ဘူး။ ဆိုလိုချင်တာက တပ်မတော်ကို ထောက်ခံသွားတာ မဟုတ်ရင်တောင်မှ ဒီလိုမျိုး စစ်ဘေးရှောင်နေရတာ၊ ကိုယ့်အိမ်ကို ပစ်ထားရတွေ၊ ပစ်ကြခတ်ကြ၊ သတ်ကြဖြတ်ကြတဲ့ကိစ္စတွေကို သာမန်ပြည်သူတွေ လက်မခံချင်တော့ဘူး၊ မကြိုက်တော့ဘူး။ အဲဒါက ပြည်သူတွေရဲ့အသံကို မှန်မှန်ကန်ကန်နားထောင်ဖို့ လိုတာပေါ့။ သာမန်ပြည်သူတွေက အခုအချိန်မှာ သူတို့ ငြိမ်းငြိမ်းချမ်းချမ်း လုံလုံခြုံခြုံနဲ့နေ့စဉ် လူနေမှုဘဝတွေကို ပြန်လိုချင်တယ်။ အဲဒါက အရိုးရှင်းဆုံးဆန္ဒပဲ။ ကျန်တာက ဘယ်သူနိုင်လို့၊ ဘယ်သူရှုံးတာထက်ကို ဒီမလုံမခြုံဥပဒေမဲ့အခြေအနေကြီးကို ပြည်သူကမကြိုက်ဘူး၊ လက်မခံဘူး။ ဒါကြောင့်မို့လို့ Facebook ပေါ်မှာ လော်ဘီလုပ်နေတဲ့ အသံတွေနဲ့ပဲ သာယာမနေဘဲနဲ့ မြေပြင်က အခြေအနေကို မှန်မှန်ကန်ကန်နားထောင်ဖို့၊ သုံးသပ်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်သူက ပြေးစရာမြေမရှိဘူး။ အဲဒီတော့ ဒီနေရာမှာ မလုံခြုံတော့ဘူးဆိုရင် နယ်စပ်နဲ့နီးတဲ့ သူက နယ်စပ်ကိုပြေးမယ်။ နယ်စပ်မနီးတဲ့သူက ဘယ်ကိုရောက်လာလဲဆိုရင် အခု ရန်ကုန်ဆိုရင် လူဦးရေက ပြည့်ကျပ်နေပြီ။ အခု စစ်ရှောင်တွေ၊ ပြောရရင် မန္တလေးနဲ့ နီးစပ်တဲ့ဟာတွေဆို ရင်လည်း မန္တလေးကို ပြောင်းလာတယ်။ အခု တဖြည်းဖြည်းနဲ့ မြို့ကြီးတွေမှာ ပြည်မပေါ့။ ပြောရရင် ပြည်သူ တော်တော်များများက တပ်မတော်အုပ်ချုပ်တဲ့ နေရာတွေကိုပဲ ပြေးလာတာ။ ဘာကြောင့်လဲဆိုရင် နှိုင်းယှဉ်မှုအရပြောရရင်တပ်က ထိန်းချုပ်ထားတဲ့နေရာတွေကမှ လုံခြုံသေးတယ်ဆိုတဲ့သဘော ဖြစ်လာတယ်။ အဲဒီတော့ ရန်ကုန်ဆိုလို့ရှိရင် ကျွန်တော်ထင်တယ်။ လူဦးရေဟာ ရှစ်သန်း၊ ကိုးသန်းဖြစ် နေပြီလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ရခိုင်ဆိုရင်လည်း ကျောက်မြောင်း၊ ဗဟန်း၊ လှိုင်သာယာ အများကြီးပဲ၊ ရခိုင်က ပြေးလာတာတွေရော၊ ဟိုတခြား စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်က ပြေးလာ တာတွေရော တဖြည်းဖြည်းနဲ့ မြို့ကြီးတွေမှာ ပြည့်ကျပ်လာတယ်။ အဲဒါကလည်း ဂရုပြုသင့်တဲ့၊ သတိထားသင့်တဲ့အချက်လို့ မြင်ပါတယ်။
TREND ။ ။ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကမ်းလှမ်းဖိတ်ခေါ်ချက်တွေမှာ PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေဆီက အသံတွေပြန်ကြားရတာက သူတို့လိုချင်တာ ဒီမိုကရေစီလဲမဟုတ်၊ ရွေးကောက်ပွဲမဟုတ်ဘဲ တပ်က နိုင်ငံရေးကဆုတ်ခွာဖို့ပဲ ပြောနေကြတာတွေ့ရပါတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
UKKG ။ ။ ကျွန်တော်တို့ကတပ်က နိုင်ငံရေးမှာ လွှမ်းမိုးနေတဲ့ကိစ္စကို အစဉ်တစိုက် လက်မခံဘူး။ ကျွန်တော်တို့က မကြိုက်ဘူး။ သို့သော် ကျွန်တော်တို့က ၂၀၁၂ PDF က ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ နားလည်တာက အင်ဒိုနီးရှားမော်ဒယ်ပေါ့။ အင်ဒိုနီးရှားပုံစံမျိုး ကျွန်တော်တို့ စုပေါင်းဆောင်ရွက်ရင်းနဲ့ တဖြည်းဖြည်းနဲ့ တပ်ရဲ့အခန်းကဏ္ဍကို လျှော့ချမယ်။တစ်ချိန်မှာ တကယ့်ကို ရာနှုန်းပြည့် ဒီမိုကရေစီမျိုးကို ရောက်အောင်သွားမယ်။ အဲဒီတော့ တစ်ဖက်ကလည်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွံ့ဖြိုးတိုး တက်ရေးတွေကို ဆောင်ရွက်မယ်။ ကျွန်တော်တို့က ဒီလိုဒီဇိုင်းကို မျှော်လင့်ခဲ့တာ။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပြီးတော့ ဒီအခြေအနေကို ရောက်သွားတာက ကျွန် တော်တို့မလိုချင်တဲ့၊ မလိုလားတဲ့ အခြေအနေပဲ။ ဒါကြောင့်မို့လို့ အခုအခြေအနေမှာ ပါတီထောင်ပြီးတော့ နိုင်ငံရေးနည်းလမ်းကို ရွေးတယ်ဆိုတာလည်းပဲ လောလောဆယ်မှာက တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်။ အဲဒီတော့ တစ်ချိန်ချိန်မှာတော့ တပ်က နိုင်ငံရေးက ဆုတ်ခွာဖို့ဆိုတာက တရွေ့ရွေ့ ဆင့်ကဲပြောင်းလဲမှု နည်းလမ်းနဲ့ပဲ ကြိုးစားရမယ်လို့ မြင်တယ်။ ဒါကြောင့် တပ်က နိုင်ငံရေးမှာ လွှမ်းမိုးနေခြင်းကို ကျွန်တော်တို့ကလည်း မကြိုက်ဘူး။ သို့သော် ကျွန်တော်တို့ကတော့ ဆင့်ကဲ ဖြစ်စဉ်နဲ့ လျှော့ချဖို့၊ တဖြည်းဖြည်းနဲ့တပ်ကို နိုင်ငံရေးကဆုတ်ခွာဖို့ ဒါကျွန်တော်တို့က ဒီနည်းလမ်းကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဆုတ်ခွာဖို့ဆိုတဲ့အပေါ်မှာ သဘောထား ကွဲလွဲတာ မဟုတ်ဘူး။ ချက်ချင်းဆုတ်ခွာရမယ်ဆိုရင် အီရတ်တို့လိုမျိုး၊ အာဖဂန်နစ္စတန်တို့လိုမျိုး ပြည်ပတပ်တွေကနေ ဝင်တိုက်ပြီးတော့ လက်ရှိရှိနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ်ကို ချေမှုန်းပစ်လိုက်ပါ။ ဒါက နည်းလမ်း တစ်ခုပေါ့။ ဒါတောင်မှ အဲဒီနှစ်နိုင်ငံလုံးမှာ ဒီမိုကရေစီ ပြန်မဖြစ်ဘူး။ တက်လာတဲ့သူ တွေကလည်း လက်နက်ကိုင်၊ ပြီးတော့ လွှမ်းမိုးတဲ့အခြေအနေတစ်ခုပဲ ရောက် သွားတယ်။ နောက်တစ် ခုကတော့ ဖိလစ်ပိုင်လိုမျိုးပေါ့၊ ဖီဒယ်လ်ရာမို့က လူထုလှုပ်ရှားမှုနဲ့ ပူးပေါင်းသွားလို့ တဖြည်းဖြည်းချင်း ဖိလစ်ပိုင်မှာ ဒီမိုကရေစီ ပြန်ဖြစ်သွားတယ်။ ဒါက ဖြစ်ခေါင့်ဖြစ်ခဲအခြေအနေပဲ။ အဲဒီတော့ ဒီနိုင်ငံမှာလည်းပဲ တပ်မတော်ကို အပြုတ်တိုက်နိုင်မလား၊ ချေမှုန်းနိုင်မလား၊ ဒါမှမဟုတ်ရင် တပ်ကနေပြီး ကွဲထွက်ရင်တောင်မှ သေးသေးပဲ့လို့မရဘူး။ အင်အားကြီးမားတဲ့ အစိတ်အပိုင်းကြီးက ကွဲထွက်လာပြီးတော့ တော်လှန်အင်အားစုတွေနဲ့ ပေါင်းတယ်ဆိုရင်တော့ အဲဒီအယူအဆက ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ လက်တွေ့ကျကျက ပြည်ပတပ်တွေ ဝင်တိုက်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲဒီတော့ တပ်ပြိုကွဲသွားရင်လည်းပဲ အဲဒီနေရာမှာ အစားထိုးနိုင်တဲ့ နိုင်ငံတော်အဆင့် လက်နက်ကိုင်တပ် မတော်မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က တပ်က နိုင်ငံရေးကနေ ချက်ချင်းဆုတ်ခွာရမယ်၊ ဖယ်ရှားရမယ်ဆိုတာမျိုးက ဆန္ဒပဲဖြစ်လိမ့်မယ်။ လက်တွေ့ ဘဝမှာတော့ အဲဒါက လက်တွေ့မကျဘူး လို့မြင်ပါတယ်။
TREND ။ ။ တိုင်းပြည်ရဲ့ ဘယ်လိုအခြေအနေ၊ ဘယ်လိုနိုင်ငံရေး အခင်းအကျင်းမျိုးမှာ တပ်မတော်ဘက်က နိုင်ငံရေးမှာ ဝင်မပါတော့တာမျိုး ဖြစ်နိုင်မလဲ။
UKKG ။ ။ လုံခြုံရေးစိန်ခေါ်မှု ပြင်းထန်နေသမျှ ကာလပတ်လုံး လက်နက်ကိုင်ရဲ့ အခန်းကဏ္ဍက ကြီးမားနေမှာပဲ။ ကျွန်တော်တို့က တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး ပြန်တည်ဆောက်နိုင်တော့တဲ့အခါကျမှ၊ နိုင်ငံရေးဘောင် ပြန်ချဲ့လာတဲ့အခါကျမှ စစ်ဘောင်က ကျဉ်းသွားမယ်။ အခုအတိုင်းကတော့ စစ်ဘောင်ကို ချဲ့နေသမျှကာလပတ်လုံး ဒီမိုကရေစီလည်း လုပ်လို့မရဘူး။ လူ့အခွင့်အရေးလည်း လုပ်လို့မရဘူး။ အဲဒီတော့ စစ်တိုက်ချင်တယ်ဆိုရင်တော့ စောစောကပြောသလို စစ်ဘောင်ကို ချဲ့သထက်ချဲ့လာရင် အခု လက်နက်ကိုင် ပဋိပက္ခလွှမ်းမိုးသွားတဲ့နေရာတွေမှာ ဒီမိုကရေစီ ဖြစ်မလာဘူး။ ဒါကြောင့်မို့လို့ စစ်ဘောင်ကျယ်နေသမျှ၊ လုံခြုံရေး စိန်ခေါ်မှု ပြင်းထန်နေသမျှကာလ ပတ်လုံးတပ်က နိုင်ငံရေးကနေ ဆုတ်ခွာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါက ကျွန် တော်တို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လုံခြုံရေးအခန်းကဏ္ဍ မြင့်မားနေသရွေ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍ၊ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အခန်းကဏ္ဍက ကြီးမားနေမှာပဲ။ အဲဒီတော့ သူ့ကို လျှော့ချချင်တယ်ဆိုရင် တရားဥပဒေစိုးမိုးရေး အခြေအနေတစ်ခုကို ပြန်ရောက်အောင်လုပ်မှ သူ့ကို တဖြည်းဖြည်း လျှော့ချလို့ရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၁၀ ကနေပြီးတော့ အပြောင်းအလဲဖြစ်လာတဲ့ကာလမှာ ကျွန်တော်တို့ စစ်သားကို လက်နက်ကိုင်တွေနဲ့ မြို့ထဲမှာမမြင်ဖူးဘူး။ သူ့ဘာသာ ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲ ဝင်ထိုင်နေတယ်ဆိုပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ပြည်သူကြားထဲမှာ မတွေ့ရဘူး။ သို့သော် တိုင်းရင်းသားဒေသတွေ၊ ပဋိပက္ခဖြစ်နေတဲ့ တပ်ရင်းတပ်ဖွဲ့နေရာတွေမှာလောက်ပဲ လက်နက်ကိုင်တာ တွေ့ရတယ်။ အခုကတော့ ကျွန်တော်တို့ ပြည်သူတစ်ယောက်ချင်း ကြားထဲကိုပါ လက်နက်ကိုင်ပြီး ကင်းလှည့်နေတာတွေ၊ ဖုန်းတွေခေါ်စစ်တာတွေ၊ လူတွေ အချိန်မရွေးစစ်တာတွေ၊ ဖမ်းတာတွေဖြစ်နေတယ်ဆို တာဟာ လုံခြုံရေးအခြေအနေကြောင့် ဖြစ်နေတာ။ အဲဒီတော့ ကျွန်တော်တို့ တပ်ကို တပ်နေရာကို ပြန်ရောက်စေဖို့ဆိုရင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးပြန်အား ကောင်းဖို့လိုတယ်။ အဲဒီလိုမဟုတ်ရင် တပ်မတော်ရဲ့ အခန်းကဏ္ဍက ဆက်ပြီးတော့ ကြီးထွားနေဦးမှာပဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးရလာပြီး နိုင်ငံရေးဘောင် ချဲ့ဖို့အတွက်ကို ကြိုးစားနေကြတာပါ။
TREND ။ ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းပြီးတော့ နိုင်ငံအတွက်အဆင်ပြေမယ့် နည်းလမ်းကို အဖြေရှာကြဖို့နဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါဦး။
UKKG ။ ။ တစ်ခုကတော့ ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်ဘူး။ မကြိုက်တဲ့အတွက်ကြောင့်လည်းပဲ ကန့်ကွက်ခဲ့တာတွေလည်း ရှိသလို ပြင်ဆင်ဖို့ ကြိုးစားနေတာတွေလည်းရှိတယ်။ အဲဒီတော့ လောလောဆယ်မှာ ၂၀၀၈ ကို ဖျက်သိမ်းလိုက်ပြီဆိုရင် Martial Law (စစ်အုပ်ချုပ်ရေး) ဖြတ်သန်းရမယ်။ Martial Law နဲ့ဖြတ်သန်းပြီးတော့ ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးဆိုတဲ့ ညီလာခံတစ်ခု၊ ဘယ်တော့ပြီးမယ်မသိရတဲ့ ကာလကြီးတစ်ခုက ဖြတ်ရမယ်။ ဒါကြောင့်မို့လို့ ၂၀၀၈ကို မကြိုက်သော်လည်းပဲ ရွေးကောက်ပွဲနည်းလမ်းနဲ့ ၂၀၀၈ ကို တတ်နိုင်သလောက် အစွမ်းကုန်ပြင်ဆင်ပြီးတော့ ဖြတ်ရမယ်။ ဖြတ်ပြီးတဲ့အခါကျမှ သင့်တော်တဲ့အချိန်မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အမျိုးသားညီလာခံ၊ အဲဒီဟာကျတော့ နိုင်ငံရေးပါတီတွေချည်းပဲ မဟုတ်တော့ဘူး။ နိုင်ငံရေးပါတီမဟုတ်တဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပညာရှင်တွေပါ ပါဝင်တဲ့ ပြန်လည်သုံံးသပ်ခြင်းဆိုင်ရာ အမျိုးသားညီလာခံတစ်ခု ကျင်းပရမယ်။ ကျင်းပပြီးတော့ နိုင်ငံတော်နဲ့ပတ်သက်ပြီးတော့ အစိုးရသက်တမ်းတစ်ခုလောက်၊ ရွေးကောက်ပွဲ ငါးနှစ်သက်တမ်းတာ စဉ်းစားတာမဟုတ်ဘဲနဲ့ နောင်အနှစ် ၂၀၊ ၃၀ စာကို တပ်ကို တဖြည်းဖြည်း ဘယ်လိုလျှော့ချမယ်၊ ကျွန်တော်တို့ဘက်က တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေကို တဖြည်းဖြည်းချင်း ဘယ်လိုလုပ်မယ်။ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေကို လုပ်ကိုင်ခွင့် တိုးမြှင့်တာတွေ၊ တကယ့်ကို လက်တွေ့ ဖက်ဒရယ်ဆန်တဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ကိစ္စတွေ အဲဒါတွေကို အဆင့်ဆင့်လုပ်သွားရမယ်လို့ မြင်ပါတယ်။ အဲဒီတော့ အခုလောလောဆယ်မှာ တစ်ထိုင်တည်းနဲ့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် စိတ်ကူးယဉ်တာပဲ၊ လက်တွေ့ဘယ်လိုမှ မဖြစ်တော့ဘူး။ ဒီတစ်ကွေ့တည်းနဲ့ ဒီပြဿနာတွေအားလုံး ဖြေရှင်း ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ထုကြီးထည်ကြီးနဲ့ ဆက်ပြီးတော့ ဖြတ်သန်းရလိမ့်ဦးမယ်လို့ မြင်ပါ တယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
( ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )