၂၀၂၅ ၊ ဧပြီ ၂၄
ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့ တက်လှမ်းနိုင်ရေး ငြိမ်းချမ်းရေး စကားဝိုင်း Peace Talk 2025 တက်ရောက် ဆွေးနွေးခဲ့မှုအခြေအနေ အပါအဝင် တွေ့ဆုံဆွေးနွေးပွဲပေါ်ပေါက်ရေး၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် လက်ရှိ နိုင်ငံရေးအခြေအနေ အရပ်ရပ်များနှင့်ပတ်သက်၍ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော 7 EAO Alliance အတွင်းရေးမှူးအဖွဲ့၏ Coordinator (Coordinator of 7 EAO Alliance Secretariat) ဦးမျိုးဝင်းအား တွေ့ဆုံမေးမြန်းထားပါသည်။
TREND ။ ။ ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk 2025 အခင်းအကျင်းအပေါ် ဘယ်လိုသုံးသပ်မိလဲ။
UMW ။ ။ စကားဝိုင်းက ဆွေးနွေးပွဲ အခင်းအကျင်းပါ။ ဒါကို တချို့တွေကလည်း ထင်မှတ်မှား နေကြတာရှိတယ်။ ဒါကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲပေါ့။မဟုတ်ပါဘူး၊ Peace ကတော့ Peace ပေါ့။ ဒါပေမဲ့ ဒီပွဲက ငြိမ်းချမ်းရေးဆိုင်ရာ အမြင်သဘောထားတွေကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်။ ဒါကြောင့် အမြင်သဘောထားတွေကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တဲ့ အခင်းအကျင်းကို ဖန်တီးတဲ့ အခြေအနေလို့တော့ ပြောလို့ရတယ်။ ဟိုးအရင်လိုမျိုး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတုန်းကလည်း အကြောင်းအရာအလိုက်၊ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြတာကိုး။ အဲဒီမှာလည်း နိုင်ငံရေးသဘော တူညီချက်ရဖို့ ဆွေးနွေးခဲ့ကြတာပေါ့။ အခုလည်း နိုင်ငံရေး သဘောတူညီချက်ရအောင် နိုင်ငံရေးအရ Political Dialogue ပေါ့။ အကြောင်းအရာ Issues အလိုက် အလွတ်သဘော ဆွေးနွေးခဲ့တဲ့ အစီအစဉ်နဲ့ ကျင်းပခဲ့တာ။ အလုပ်ရုံဆွေးနွေးပွဲသဘောမျိုးက ပိုများတယ်။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ်ပါ။ အခုလိုမျိုး စစ်ရေးဘောင် အရမ်းကျယ်ပြီးတော့ နိုင်ငံရေးဘောင် ကျဉ်းနေတဲ့အချိန် တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပဋိပက္ခကလည်း အင်မတန်မှ များပြားနေတော့ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံကနေ အခက်အခဲ အကျပ်အတည်း ဖြစ်နေတဲ့အချိန်ဆိုတော့ ဒါကို ဖြေလျှော့နိုင်ဖို့အတွက် နည်းလမ်းရှာကြတဲ့ပွဲလို့ပဲ ပြောရမှာပါ။ အဖြေရှာတယ်ဆိုတဲ့ နေရာမှာကလည်း သက်ဆိုင်သူ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီပွဲကိုတက် ရောက်လို့ ကြိုက်တဲ့သူရှိတယ်၊ မကြိုက်တဲ့သူရှိတယ်၊ ဝေဖန်မှုကတော့ အမျိုးမျိုးရှိကြမှာပါ။ ဒါပေမဲ့ ဒီတိုင်းပြည်မှာ အနည်းဆုံးကတော့ နိုင်ငံရေးအရ Space တွေ ဖန်တီးနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်လို့ ကောင်းမွန်တဲ့ စကားဝိုင်းလို့ပဲ ပြောရမှာပါ။ ဒီစကားဝိုင်းမှာ ဘက်ပေါင်းစုံကို ဆွေးနွေးနိုင်ခဲ့တယ်၊ ဘက်ပေါင်းစုံကိုလည်း တင်ပြနိုင်ခဲ့ ကြပါတယ်။ ရလဒ်တွေထွက်အောင် ဆွေးနွေးနိုင်တဲ့ အခြေအနေ မဟုတ်သေးပေမယ့် တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းယဉ်ကျေးမှု ဖြစ်ဖို့အတွက် တွန်းအားဖြစ်စေမှာပါ။ အဓိကတော့ ဒီတိုင်းပြည်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးက အင်မတန် လိုအပ်ပါတယ်။ စားပွဲဝိုင်း ယဉ်ကျေးမှုပေါ့။ လွန်ခဲ့တဲ့ ပင်လုံညီလာခံပြီးကတည်းက ရပ်ဆိုင်းသွားတဲ့ နိုင်ငံရေးစားပွဲဝိုင်းယဉ်ကျေးမှု ပြန်လည်အစပျိုးမယ်ဆိုရင် သက်ဆိုင်သူအားလုံး နိုင်ငံရေးအရဆန္ဒရှိမှပဲ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ဖြစ်လာမှာပါ။ အဲဒီတော့ နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ဒါတွေကို ကြားသိခြင်းအားဖြင့် အမြင်အမျိုးမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိုး ကြိုးပမ်းနေပြီ၊ ပြည်သူလူထုကလည်း ဒီလိုမြင်နေပြီ ဆိုတာမျိုး စဉ်းစားရာအချက် လေးတစ်ချက် ရသွားနိုင်တယ်လို့လည်း ထင်ပါတယ်။ ဒါကြောင့် Peace Talk 2025 ဟာ နိုင်ငံရေးစားပွဲဝိုင်း ယဉ်ကျေးမှု အစပျိုးနိုင်ဖို့အတွက် တွန်းအားလို့ ပြောလို့ရပါတယ်။ အစတုန်းကဆိုရင် လုံးဝမဆွေးနွေးဘူးဆိုတဲ့ အခြေအနေ ဖြစ်ခဲ့တာကိုး။ လေးနှစ်တာ ကြာပြီးတဲ့ နောက်ပိုင်းမှာ ဆွေးနွေးမယ်၊ ဒါပေမဲ့ နှစ်ဖက်လုံးမှာ Preconditions တွေရှိနေတယ်။ တပ်မတော်ဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်ခေါ်တယ်။ ကြိုတင်သတ်မှတ်ချက်နဲ့ ဖိတ်ခေါ်ထားတာ တွေ့ရတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တချို့ကလည်း ဆွေးနွေးမယ်။ ဒါပေမဲ့ တပ်က နိုင်ငံရေးကနေ ထွက်ပေးရမယ်ဆိုတဲ့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ဖြစ်လာတယ်။ မဆွေးနွေးဘူးဆိုတဲ့ အခြေအ နေကနေ လေးနှစ်ကြာပြီးတဲ့နောက်မှာ ဆွေးနွေးမယ်။ ဒါပေမဲ့ ကြိုတင် သတ်မှတ်ချက်နဲ့ ဆွေးနွေးမယ်ဆိုတဲ့ အဆင့်တော့ ရောက်လာပြီပေါ့။
ကျွန်တော်တို့ ဖြစ်စေလိုတာကတော့ ပဋိပက္ခ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေ မရှိဘဲနဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာဖို့ပါ။ အမှန်က အဲဒီ ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေဆို တာကလည်းပဲ ပွင့်ပွင့်လင်းလင်းပြောရရင် စားပွဲဝိုင်းမှာ ဆွေးနွေးရမယ့် အကြောင်းအရာတွေပဲ ဖြစ်တယ်။ အခု တပ်မတော်ဘက်က ပြောနေတဲ့ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ EAO တွေကို ဖိတ်ခေါ်ကမ်းလှမ်းတာရယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပြောနေတဲ့တပ်က နိုင်ငံရေးကနေ ထွက်ပေးရမယ်ဆိုတဲ့ အခြေအနေတွေက ပြီးခဲ့တဲ့ ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာတုန်းက ဆွေးနွေးရမယ့် အကြောင်းအရာတွေ အဖြစ်သတ်မှတ်ခဲ့တဲ့ အကြောင်းအရာတွေပဲ။ အဲဒါကို ကြိုတင်စည်းကမ်းသတ်မှတ်ချက် မထားဘဲနဲ့ တစ်ချိန်ချိန်မှာ ဆွေးနွေးရမယ့် အကြောင်းအရာအဖြစ်နဲ့ လက်ခံပြီးတော့ ဆွေးနွေးသွားသင့်တယ်။ အဲဒါဆိုရင်တော့ အဆင်ပြေသွားနိုင်ပြီလို့ မြင်ပါတယ်။
TREND ။ ။ ကြိုတင်စည်းကမ်းသတ်မှတ်ချက် မထားရှိတဲ့ ဆွေးနွေးမှုကို ဘယ်လိုအစပျိုးမလဲ။
UMW ။ ။ ဆွေးနွေးမှုပုံသဏ္ဌာန်က ဒီလို အလုပ်ရုံဆွေးနွေးပွဲ ပုံစံမျိုးနဲ့တော့ သွားလို့မရဘူး။ အဖွဲ့ အစည်းတွေက မတူကွဲပြားမှု ပုံစံရှိတယ်။ မတူကွဲပြားတဲ့ အခြေအနေရှိတယ်။ မတူကွဲပြားတဲ့ အခြေအနေနဲ့ မတူကွဲပြားတဲ့ပုံသဏ္ဌာန် အခြေအနေ ရှိကြရမယ်လို့ မြင်တယ်။ ဒီနေ့ ဒီကာလမှာဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြဿနာက တော်တော်လေး နက်နက်ရှိုင်းရှိုင်း ရှိလာပြီ။ တော်တော်လေး နက်နက်ရှိုင်းရှိုင်း ရှိလာတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုရင်တော့ နိုင်ငံတကာ ပံ့ပိုးမှုလည်း လိုအပ်တယ်။ နိုင်ငံတကာပံ့ပိုးမှုနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တပ်မတော်ကြားမှာ ဆွေးနွေးမှု တွေ ဖြစ်လာအောင် အစပျိုးကြရမှာပေါ့။ အဲဒီ နေရာမှာ အလွတ်သဘော တွေ့တာရှိမယ်။ Low Profile, Low Level ကအစ တွေ့ရမယ်၊ ဒါမျိုးတွေက အရင်စရမှာ။ ဒီလိုမျိုး ဆွေးနွေးပွဲ ဖိတ်ခေါ်လိုက်သည်၊ ဆွေးနွေးပွဲ လာခဲ့ကြပါဆိုတဲ့ ပုံစံမျိုးကတော့ ဘယ်လိုမှ ဆွေးနွေးပွဲ စနိုင်မယ်လို့ မထင်ဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်းမှာ မတူကွဲပြားတဲ့ ပုံသဏ္ဌာန်တွေရှိနေတဲ့ အခြေအ နေမို့ နိုင်ငံတကာ ပံ့ပိုးမှုနဲ့ ကြားဝင် စေ့စပ် ညှိနှိုင်းပေးမှုနဲ့ ဆိုရင်တော့ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် တစ်အချက် နိုင်ငံတကာ ကြားဝင်စေ့စပ်ပေးမှု လိုတယ်။ အဖြေရသည်ဖြစ်စေ၊ မရ သည်ဖြစ်စေ နိုင်ငံတကာရဲ့ ကြားဝင်စေ့စပ်မှုနဲ့ လုပ်သင့်တယ်၊ ဒါကို အချိန်လည်း ယူရမှာဖြစ်ပါတယ်။ တရုတ် အပါအဝင် ကြားဝင်စေ့စပ်ပေးနိုင်တဲ့ ကျန်တဲ့နိုင်ငံတွေကို အခွင့်အလမ်းအဖြစ်နဲ့ အသုံးချပြီး ယုံကြည်မှုတည် ဆောက်နိုင်ဖို့အတွက် စတင်ထိတွေ့နိုင်ဖို့ အစပျိုးသင့်တယ်။
TREND ။ ။ မြန်မာ့အရေးနဲ့ ပဋိပက္ခအကျပ် အတည်းဖြေရှင်းရေးမှာ နိုင်ငံတကာရဲ့ ပါဝင်မှုက ဘယ်လောက်အထိ အရေးပါလဲ။
UMW ။ ။ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့မှ ကူညီဖြေရှင်းဖို့အတွက်ဆိုရင် အာဆီယံဆိုလည်း အာဆီယံ အထူးကိုယ်စားလှယ် ရှိတယ်။ ကုလသမဂ္ဂဆိုရင်လည်း ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စား လှယ်ရှိတယ်။ တရုတ်ဆိုရင်လည်း မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်ရှိတယ် စသည် ဖြင့်ပေါ့။ သက်ဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့ မြန်မာပြည်အရေးကို ကူညီဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ အနေအထားတွေကို သုံးသပ်ရမှာပေါ့။ အဲဒီအခြေအနေတွေကို သေသေချာချာ စနစ်တကျ သုံးသပ်ပြီးတော့မှ မြန်မာ့အရေး ဖြေရှင်းဖို့ နိုင်ငံတကာ ပံ့ပိုးမှုရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို နည်းလမ်းရှာ ရမယ်။ လုပ်ငန်းအစီအစဉ်ချရမှာ။ ဥပမာ ထိုင်းဆိုရင် အိမ်နီးချင်းနိုင်ငံဗျာ။ မကြာမီကာလက မြန်မာ့ အရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့တယ်။ အာဆီယံဆိုရင်လည်း Five-Point Consensus (ဘုံသဘော တူညီချက်ငါးရပ်) ချမှတ်ပြီးတော့ မြန်မာပြည် အကျပ်အတည်းကို ဝိုင်းပြီးတော့ ကူညီဖြေရှင်းပေးတယ်။ တရုတ်ဆိုရင်လည်း တရုတ်နည်း တရုတ်ဟန်၊ အိန္ဒိယဆိုရင်လည်း အိန္ဒိယနည်း အိန္ဒိယဟန်ပေါ့။ အဲဒါတွေကို ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စတင်တွေ့ဆုံနိုင်ဖို့အတွက် Entry Point ပေါ့။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တပ်မတော်ကြားမှာ Entry Point က မရှိသေးဘူး။ Entry Point ရဖို့အတွက်ဆိုရင်တော့ စောစောကပြောတဲ့ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှု လိုအပ်မယ်။ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုလည်း ပါမယ်။ ဥပမာ ထိုင်းဆိုရင် ထိုင်း၊ အိန္ဒိယဆိုရင်လည်း အိန္ဒိယပေါ့။ အဲဒီလို နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကို ယူပြီးတော့မှ Entry Point ယူဖို့အခွင့်အလမ်းအဖြစ် အသုံးချသင့်တယ်။ အရင်တုန်းကဆိုရင် နိုင်ငံတကာရဲ့ စွက်ဖက်မှု၊ ပြည်ပအင်အားကြီးတွေရဲ့ ဖိအားဆိုတာမျိုးရှိတယ်။ ဒါတော့ စိုးရိမ်စိတ်တွေပေါ့။ ကိုယ့်ဘက်က ဒီအခွင့်အလမ်းကို ဘယ်လိုယူမလဲဆိုတဲ့ ဘက်က ပြန်ကြည့်ရင် တရုတ်က အကူအညီပေးနေတယ်။ အိန္ဒိယကလည်း အကူအညီပေးနေတယ်။ ဒါဟာ ပြည်ပနိုင်ငံတွေရဲ့ ဝင်ရောက် စွက်ဖက်မှုအဖြစ်နဲ့ အင်အားကြီးနိုင်ငံတွေရဲ့ မြန်မာ့အရေး ဖိအားပေးနေတာပဲလို့ မမြင်ဘဲနဲ့ သူတို့ရဲ့ ပါဝင်ပံ့ပိုး ကူညီလိုတဲ့စိတ်ကို ဘယ်လိုအသုံးချမလဲပေါ့။ နိုင်ငံတိုင်းမှာတော့ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားက ဦးစားပေးအရာပဲ။ အဲဒီတော့ မြန်မာပြည်ရဲ့ ပြဿနာတွေကြောင့် သူတို့နယ်စပ်မှာ တည်ငြိမ်မှု ထိခိုက်တယ်။ ဒါသူတို့ရဲ့ အကျိုးစီးပွား ထိခိုက်မှု ဒါကို အပြစ်ပြောလို့ မရဘူး။ သူတို့ အမျိုးသားအကျိုး စီးပွားထိခိုက်မှုမရှိအောင်၊ သူတို့နိုင်ငံ ထိခိုက်မှုမရှိအောင် ကြိုးပမ်းကြမှာပဲ၊ ဒါက တရားတယ်လေ။ ဒါပေမဲ့ သူတို့ အဲဒါကို ဖြေရှင်းရင်းနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွား ရလာအောင် လွှဲပြောင်းယူရ မှာပါ။ ဒါကြောင့် အဲဒါကို ခြိမ်းခြောက်မှုလို့ မခံယူဘဲနဲ့ အခွင့်အလမ်းအဖြစ်နဲ့ ခံယူပြီးတော့မှ ကျွန် တော်တို့ ဆွေးနွေးမှုတွေ ဖြစ်လာအောင် ဘယ်လိုမျိုး ပုံဖော်မလဲဆိုတာ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။
TREND ။ ။ ပဋိပက္ခဖြစ်နေတဲ့ နယ်မြေတွေမှာ၊ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေတွေကြားမှာ ဘယ်လို နည်းလမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းသင့်လဲ။
UMW ။ ။ ပထမဦးဆုံးကတော့ သက်ဆိုင်ရာအလိုက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဖက်နှစ်ဖက်ကြားမှာ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြားမှာ စတင် ပြီး စကားပြောနိုင်ဖို့၊ စကားပြောမယ်ဆို ရင်လည်း ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ယုံကြည်မှုက အရမ်းကို ပျက်နေတယ်။ ယုံကြည်မှုက ဟိုးအရင်(၂၁)ပင်လုံဆွေးနွေးပွဲ အချိန်ကာလနဲ့ အချိန်က ယုံကြည်မှု အရမ်းပျက်နေတယ်။ အဲဒီယုံ ကြည်မှု အရမ်းပျက်နေတဲ့အချိန်မှာ မယုံကြည်နိုင်ဘူးဆိုတဲ့ အခြေအနေကိုလည်း နားလည် လက်ခံပေး ဖို့လိုပါတယ်။ အဲဒါဆိုရင် ပထမအဆင့်က အခြေခံအဆင့်ကနေ စပြီးတော့မှ စတင်ထိတွေ့ဖို့ လိုတယ်၊ စကားပြောနိုင်ဖို့လိုတယ်။ တချို့အဖွဲ့အစည်းတွေက ပြည်ပနိုင်ငံမှာ ရှိနေကြတော့ ပြည်ပနိုင်ငံမှာရှိတဲ့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ တရုတ်ဆိုလည်း တရုတ်က အကူအညီ ပေးနေတယ်။ ထိုင်းဆိုရင်လည်း ထိုင်းက အကူအညီပေးနေတယ်။ အိန္ဒိယဆိုရင်လည်း အိန္ဒိယက အကူအညီပေးနေတာတွေ ရှိတယ်။ သူတို့ အကူအညီတွေ ယူပြီးတော့မှ သက်ဆိုင် ရာ အဖွဲ့အစည်း တွေနဲ့ သက်ဆိုင်သူတွေ နှစ်ဖက်ကြားမှာ စတင်စကား ပြောနိုင်ဖို့အတွက် အဲဒါ အရေးကြီးတယ်။ အဲဒါကလည်း နှစ်ဖက်လုံးရဲ့ ဂုဏ်သိက္ခာကို ထည့်သွင်း စဉ်းစားပြီးတော့ Low Profile ဖြစ်သင့်တယ်။ အခုအ ချိန်မှာ လူသိရှင်ကြား ဘယ်သူမှ မဆွေးနွေးချင်ကြဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းရေးစကားဝိုင်း လာကြတဲ့သူတွေကို ဝိုင်းပြော၊ ဝိုင်းဆဲကြတယ်။ ဒါမျိုး ဒီနေ့ဒီအချိန်ခါမှာ ဘယ်သူမှ အဖြစ်မခံနိုင်ကြဘူး။ အဲဒါကြောင့် Low Profile, Low Level ကနေပြီးတော့မှ Informal စသင့်တယ်။ အဲဒါဖြစ်ဖို့အတွက်ကလည်း ကျွန်တော်တို့ဘာသာ ဖန်တီးဖို့အတွက် အရမ်းခက်နေတယ်။ နိုင်ငံတကာ ပါဝင်ပံ့ပိုးမှုကို အခွင့်အလမ်းအဖြစ် အသုံးချသင့်တယ်။နိုင်ငံတကာက ကူညီပါ့မယ်၊ ကူညီချင်တယ်ဆိုတာကို အခွင့်အလမ်းအဖြစ်နဲ့ ယူပြီးတော့မှ တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့ အသုံးချသင့်တယ်။
TREND ။ ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ အရပ်ရပ်တွေနဲ့ ပတ်သက်ပြီး 7 EAO Alliance ရဲ့ Coordinator တစ်ဦးအနေနဲ့ ဘာပြောချင်လဲ။
UMW ။ ။ ပြောချင်တယ်ဆိုတာကတော့ ဒီပဋိပက္ခကိုတော့ ကျွန်တော်တို့ ပြည်သူတွေ တော်တော် ခံစားကြရမှာပါ။ ဘေးဒုက္ခတွေကို နိစ္စဓူ၀ ပြည်သူတွေ ခံစားနေကြရတာလည်း အားလုံး အမြင်ပါပဲ။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပြီဆိုရင်တော့ သေကျေပျက်စီးဆုံးရှုံးရတဲ့ နောက်ဆက်တွဲပြ ဿနာတွေ ကြုံတွေ့ရင်ဆိုင်ရမယ်။ ဒါတွေကို ပြန်လည်ထူထောင်ဖို့က တော်တော် မလွယ်ပါဘူး။ ပျက်စီးဆုံးရှုံးမှုက အရမ်းကြီးတယ်။ အခု မြန်မာပြည်မှာ စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေ အများကြီးပဲ။ အဲဒီအခြေအနေကြီးတစ်ခုကို ပြန်ပြီးကုစားဖို့ဆိုတာ တော်တော်လေးကို အချိန်ယူရမှာပါ။
ဒါကြောင့် ပထမဆုံး အရေးကြီးတာက ဒီပဋိပက္ခကို အရင်ဖြေရှင်းနိုင်ဖို့၊ ပဋိပက္ခရဲ့ နောက်ဆက်တွဲ ပြဿနာကို နောက်ဆက်ပြီး ရှင်းရမှာပေါ့။ ဒီပဋိပက္ခကို ဖြေရှင်းဖို့အတွက်က တိုက်ခိုက်နေတာ တွေကို မရပ်နိုင်သေးရင်တောင်မှ ပထမဆုံး အရှိန်လျှော့ချနိုင်ဖို့လိုမယ်။ ဒါကို ပထမဆုံး ကြိုးပမ်းရမယ်။ ကြိုးပမ်းတဲ့ နေရာမှာလည်း နိုင်ငံတကာက ပါဝင်ကြိုးပမ်းပေးဖို့ လိုမယ်။ သက်ဆိုင်သူ အားလုံးကလည်း နိုင်ငံရေးဆန္ဒ ရှိရမယ်။ အဲဒီ နိုင်ငံရေးဆန္ဒတွေ ရှိလာအောင်၊ တွေ့ဆုံမှုတွေ ဖြစ်လာအောင် အားလုံးကလည်း ဝိုင်းပြီးကြိုးပမ်းဖို့လိုတယ်။ ပြည်သူအားလုံးက ဝိုင်းပြီး ကြိုးပမ်းသင့်တယ်လို့ မြင်တယ်။ ဒါမှသာလျှင် မှန်ကန်တဲ့ လမ်းကြောင်းပေါ်က နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင်တယ်။ သေချာတာကတော့ ဒီတိုင်းပြည်ရဲ့ ပြဿနာကို တစ်ချိန်ချိန်မှာ၊ နောက်ဆုံးတော့ စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းကြရမှာ သေချာတယ်။ စားပွဲဝိုင်းပေါ်ရောက်တဲ့ အချိန်ကာလ ကြာလာတာနဲ့အမျှ ပဋိပက္ခရဲ့ ဆိုးကျိုးတွေ လူထုကြုံ တွေ့ခံစားရမှုတွေက ပိုပြီးများနေဦးမှာပါ။ တစ်ရက် လျှော့ချနိုင်လေ ပြည်သူတွေ သက်သာလေပါ။ ဒါကတော့ တော်လှန်ရေးကာလပဲ၊ ပြည်သူတွေ ပေးဆပ်ရမှာပေါ့ဆိုတာက ဘယ်နှနှစ်လဲ၊ ဘယ်လောက်ကြာကြာ ပြည်သူတွေ ပေးဆပ်နေရဦးမှာလဲ။ တိုက်ပွဲပဋိပက္ခဟာ နှစ်၇၀ ကျော်ခဲ့ပြီးပြီ၊ နောက်ထပ် နှစ် ၁၀၀ ပြည့်အောင် ဆက်သွားဦးမလားပေါ့။ အခုဆိုရင်လည်း ၂၀၂၁ က ဖြစ်လာတဲ့ ပဋိပက္ခအသစ်က လေးနှစ်ရှိသွားပြီ။ အဲဒီလေးနှစ်ဆိုတဲ့ဟာကြီးမှာ ပြည်သူကတော့ ဒီ လောက်တော့ ပေးဆပ်ရမှာပေါ့ ဆိုတာက ဘယ်လောက်အထိ ပေးဆပ်ရမှာတုန်း။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ နိုင်ငံ ရေးဆုံးဖြတ်ချက်အရ ဖြေရှင်းမှသာ ဖြေရှင်းနိုင်မှာလို့ မြင်တယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ တွေ့ကြုံ မှုအရကတော့ အချိန်ယူရမယ် ဆိုတာသိတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် တပ်မတော်နဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာကို လက်ခံဖို့က ကျွန်တော်တို့ တော်လှန်ရေးဘဝမှာ ၂၅ နှစ် ကြာခဲ့တယ်။ ၂၅ နှစ်ကြာမှ စကားပြောတယ်၊ တွေ့တယ်ဆိုတာကို ကျွန်တော်တို့ လက်ခံခဲ့တာ။ ကျွန်တော့်တွေ့ကြုံ ဖြတ်သန်းမှုက ၂၅ နှစ်ကြာတယ်။ ပြီးတော့ ၂၀၁၂ လောက်က တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့အတွက် ကြိုးပမ်း ခဲ့တယ်။ နောက်ဆုံးခြုံလိုက်ရင် ၃၅ နှစ်လောက် ကြိုးပမ်းခဲ့တယ်၊ ဘာအဖြေမှ မထွက်ခဲ့ဘူးပေါ့။ ဒီလောက်ကြီးလည်း အချိန်တွေ မကြာစေချင်တော့ဘူးလေ။ အနာဂတ်အရေး၊ ကလေးတွေရဲ့ ပညာရေး၊ မိသားစုဘ၀ ဒါတွေအားလုံး အစစအရာရာ ထည့်တွက်ပြီးတော့မှ ပုံမှန်အခြေအနေ ပြန်ဖြစ်သွားအောင် အားလုံး ဝိုင်းကြိုးပမ်းမှ ရပါမယ်။ အဓိကကတော့ ပြည်သူလူထုအနေနဲ့လည်း ဇွဲမလျှော့ဖို့၊ ဆက်ပြီးတော့မှ မျှော်လင့်ချက်တွေ မမဲ့ဖို့အတွက် လိုပါတယ်။ မှန်ကန်တဲ့ နိုင်ငံရေးလမ်း ကြောင်း ပေါ်ကနေ တွေ့ဆုံဆွေးနွေးနိုင်ရေး အားလုံးဝိုင်းပြီးတော့ ပံ့ပိုးကြဖို့ ပြောချင်ပါတယ်။ အခုအချိန်မှာ လူငယ်တွေကို တွေ့ဆုံဆွေးနွေးပါပြောရင် ဘယ်သူမှလက်ခံမှာ မဟုတ်ဘူး။ ဒါသေချာတယ်။ ကျွန်တော်တို့တောင် ၂၅ နှစ်ကြာခဲ့တာ။ ဒီအချိန်မှာ စစ်ရေးအရ အခွင့်အလမ်း ရှိနေတယ်လို့ မြင်နေကြတယ်။ အဲဒီကာလမှာ စကားပြောပါလို့ ပြောရင် လက်ခံဖို့ အရမ်းခက်တယ်။ သူတို့ကိုတော့ အပြစ်မ တင်ချင်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဟိုတုန်းက အဲဒီလို ဖြစ်ခဲ့တာကိုး။ နောက်ကြာမှ တွေ့ဆုံ ဆွေးနွေးရမယ်ဆိုတာ သိလာတယ်။ သိတော့ ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ ၁၀ နှစ်လောက် ကြိုးပမ်းခဲ့တယ် အဖြေမရခဲ့ဘူး။ ဒါကြောင့် သက်ဆိုင်သူ အသီးသီးက နိုင်ငံရေးအရ မပြောင်းသရွေ့ အဖြေရဖို့ အရမ်းခက်နေဦးမယ်လို့ မြင်တယ်။ ပဋိပက္ခထဲ လည်နေမှာလေ။
TREND ။ ။ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို နှိုင်းယှဉ်ပြီးတော့ သုံးသပ်ပေးပါဦး။
UMW ။ ။ တိုင်းပြည်ရဲ့ အခြေအနေအမှန်ကို သိဖို့လိုတယ်။ ကျွန်တော်တို့လည်းပဲ ၈၈ မှာ ဒီလိုပဲ တော်လှန်ရေးနယ်မြေ ရောက်တယ်။ နိုင်ငံအနှံ့၊ ဒေသအသီးသီးကို ရောက်ခဲ့တယ်။ ကရင်ဒေသကို ရောက်တဲ့သူ ရှိတယ်။ KIA ဒေသကို ရောက်တဲ့သူ ရှိတယ်။ ပအိုဝ်းဒေသ၊ ပလောင်ဒေသ၊ ဒေသအသီးသီးပေါ့။ ဗမာပြည် ကွန်မြူနစ်ပါတီ ရောက်တာကိုး။ အဲဒီရောက်တဲ့ ဒေသအသီးသီးရဲ့ ပံ့ပိုးမှုနဲ့ သင်တန်းတွေ၊ လေ့ကျင့်မှုတွေ၊ စစ်ရေး ပြင်ဆင်မှုတွေ လုပ်ခဲ့ကြတာကိုး။ အဲဒီအပေါ်မူတည် ပြီးတော့ တောခိုခဲ့ကြတာပေါ့။ အခုလည်း အလားတူပါပဲ။ သေချာတာကတော့ ကျွန်တော် မှတ်မှတ်ရရပေါ့။ DAB ဆိုတဲ့ တပ်ပေါင်းစုရှိတယ်။ စစ်ရေးကော်မတီပေါ့။ အဲဒီမှာ တိုင်းရင်းသား၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အများကြီးပါတယ်။ အဲဒီမှာ စစ်ရေးကော်မတီဆိုတာ ရှိတယ်။တစ်ချိန်မှာကျတော့ အဲဒီ စစ်ရေးကော်မတီမှာ ကျွန်တော်က တွဲဖက်အတွင်းရေးမှူးတာဝန် ယူရတယ်။ စစ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌက အဲဒီတုန်းက KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တာမလာဘောက ဥက္ကဋ္ဌပေါ့။ နောက် ပိုင်းမှာတော့ သူက KNU ဥက္ကဋ္ဌတာဝန် ဆက်ယူခဲ့တာပေါ့။ ဆိုတော့ အဲဒီတုန်းက ကျွန်တော်ကလည်း လူငယ်၊ အခုလိုမျိုး တက်ကြွလူငယ်ပေါ့။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းပေါင်းစုံနဲ့ တစ်နိုင်ငံလုံးကို ဘယ်လို သိမ်းမယ်၊ ဘယ်လို သိမ်းသင့်တယ်ဆိုတာမျိုး တစ်တိုင်းပြည်လုံး ဟန်ချက်ညီ စစ်ရေးဖော်ဆောင်ပြီး တော့မှ ဘယ်လိုသိမ်းမယ်ဆိုတာကို စီမံချက်တွေ ရေးပြီးတော့မှ ကျွန်တော်တို့ရဲ့ စစ်ရေးကော်မတီ အတွင်းရေးမှူးဆီကို တင်ပြခဲ့တယ်။ အစတော့ စစ်ရေးကော်မတီ အတွင်းရေးမှူးက တင်ပြပေါ့။ အဲဒီလို တင်ပြရင်းနဲ့ ကြာလာ တော့ သူကျွန်တော့်ကို ဘာပြောလဲဆိုရင် "မျိုးဝင်း နင် မမောသေးဘူးလားတဲ့၊ ဗမာပြည်ရဲ့ လက်တွေ့ပကတိ တော်လှန်ရေးဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီး ကြားမှာ အခက်အခဲဆုံးက ဟန်ချက်ညီ စစ်ရေးဖော်ဆောင်ဖို့ပဲတဲ့ အဲဒီလိုပြောခဲ့တယ်။ တစ်ပြိုင်နက် တည်း ဟန်ချက်ညီညီ စစ်ရေးဖော်ဆောင်ဖို့က အခက်ဆုံးအခြေအနေပေါ့။ ဒါကြောင့် အဲဒီအခြေအနေကို နင်ကြိုးပမ်းနေတာ မမောသေးဘူးလား"လို့ မေးခဲ့တာ။ အခုလည်း ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တော်လှန်ရေးကြိုးပမ်းခဲ့မှု လက်တွေ့ဘဝအရ အရမ်းကို ခက်ခဲခဲ့ပါတယ်။ တိုင်းရင်းသား တွေ မတူကွဲပြားမှု အခြေအနေတွေ သူ့ဒေသ သူ့ရဲ့တည်ရှိမှု၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူညီကြားမှာရှိနေတဲ့ အခြေအနေတွေကြောင့် One Command ၊ One Strategy နဲ့ စစ်ရေး Operation လုပ်ဖို့အတွက် တစ်နိုင်ငံလုံး သိမ်းပိုက်ရေး စစ်ရေးစီမံကိန်း အကောင်အထည်ဖော်ဖို့က စိန်ခေါ်မှုအကြီးမားဆုံးပဲ။ အဲဒါက ဗမာပြည် တော်လှန်ရေးရဲ့ လက်တွေ့ဘဝပဲ။ ဒါကို ကျွန်တော်တို့ ကြိုးပမ်းခဲ့ပြီးပြီ။ DAB တွဲဖက်အတွင်းရေးမှူးအဖြစ်နဲ့ အကြိမ်ကြိမ် ကြိုး ပမ်းခဲ့ပြီးပြီ။ ဒါကို စစ်ရေးကော်မတီ အတွင်းရေးမှူးက အကြိမ်ကြိမ် နားလည်ပေးခဲ့တယ်။ နောက်ပိုင်းကျတော့ ကျွန်တော့်ကို သူပြောတယ်။ နင်မမောသေးဘူးလားတဲ့။ အခု လည်း ကြိုးပမ်းနေကြပါတယ်။ အခြေအနေချင်းတော့ မတူဘူးပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝကို ထည့်သွင်းစဉ်း စားသင့်တာပေါ့။ ဘာလို့လဲဆိုတော့ EAO တွေက အကန့်အသတ် ရှိနေသေးတယ်။ ကျွန်တော်ကိုယ်တိုင် ၂၅ နှစ် ကြာခဲ့တာလေ။ အခုအခြေအနေတွေကလည်း EAO တွေကို အခြေခံတာပဲ။ EAO တွေကလည်း နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးပြီ။ ဆိုတော့ သူတို့တစ်တွေသာ မှန်မှန်ကန်ကန်နဲ့ သေသေချာချာ နိုင်ငံရေးအရ ပြောင်းဖို့ လိုတယ်လို့ မြင်တယ်။ ဒါကလည်း နှစ်ဖက်လုံး လိုအပ်တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံကြီး အသေကိုင်ထားရင်လည်း အရမ်းခက်မယ်။ ပြုပြင်ပြောင်းလဲလိုစိတ်၊ အဖြေရှာလို စိတ် နှစ်ဖက်လုံးမှာ ရှိဖို့လိုတယ်။ EAO တွေလိုချင်တာက အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု လိုချင်တယ်။ အခု ဖက်ဒရယ်ကို အားလုံးပြောနေကြပြီ၊ တချို့လည်း ကွန်ဖက်ဒရေးရှင်းတောင် ပြောနေတာတွေ ရှိတယ်။ သို့သော်လည်း လက်ရှိမှာက ၂၀၀၈ ကို ကိုင်ထားဆဲ အခြေအနေပေါ့။ ဆိုတော့ ဒီပြဿနာရဲ့ အရင်းခံသည် နိုင်ငံရေးပြဿနာဖြစ်လာတာ။ နိုင်ငံရေးပြဿနာဆိုရင် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးဖြစ်တာပေါ့။ အဲဒီတော့ တပ်မတော်ကလည်း ၂၀၀၈ ကို ကိုင်ထားမယ်၊ EAO တွေကလည်း ၂၀၀၈ ကို လက်မခံဘူးဆိုရင် ပြဿနာတွေက ဆက်ရှိနေဦးမှာပဲ။ အဓိကကတော့ ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်းကပဲ ဒီပြဿနာကို ဖြေရှင်း မယ်ဆိုရင် ခက်နေဦးမယ်လို့ မြင်ပါတယ်။
TREND ။ ။ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအခြေအနေတွေ အမြန်ဆုံးချုပ်ငြိမ်းပြီးဆုံးဖို့နဲ့ နိုင်ငံရေးအရ ဖြေရှင်းလိုတဲ့စိတ်တွေ ရှိလာကြဖို့ ဖြည့်စွက်ပြောပေးပါဦး။
UMW ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က နိုင်ငံရေးပုရောဟိတ် မဟုတ်ပါဘူး။ ဘယ်သူမှလည်း ဒီပဋိပက္ခက ဘယ်ကာလမှာ ပြီးနိုင်တယ်ဆိုတာ မျိုးခန့်မှန်းလို့မရဘူး။ ခန့်မှန်းတယ်ဆို တာလည်း စကားအရ ပြောတာပဲဖြစ်မှာပါ။ အဖြေမှန် ဘယ်သူမှ မထုတ်နိုင်ဘူး။ အဓိကကတော့ နိုင်ငံရေးအရ ဖြေရှင်းလိုတဲ့ စိတ်ရှိလာကြတဲ့အချိန်ရောက်ရင် ဒီပဋိပက္ခက အဆုံးသတ် ချုပ်ငြိမ်းမှာပါ။ နိုင်ငံရေးအရ ဖြေရှင်းလိုတဲ့ စိတ်ဆန္ဒ မရှိသရွေ့ ပဋိပက္ခက ဆက်ရှိနေဦးမယ်။ ရှိလာပြီ ဆိုရင်လည်း အဲဒီရှိလာတဲ့အချိန်မှာ စားပွဲဝိုင်းမှာ ဆွေးနွေးရမယ်။ ဆွေးနွေးရင်လည်းပဲ တိုင်းပြည်အတွက် လူထုကို မျက်နှာမူ၊ ပြည်သူကို မျက်နှာမူပြီးတော့ အပေးအယူ အလျှော့အတင်းတွေ လုပ်သင့်တယ်။ စားပွဲဝိုင်း ပေါ် ရောက်ရှိလာပြီဆိုရင် ကိုယ်လိုချင်လည်းပဲ မရနိုင်ဘူး။ နှစ်ဖက်လုံး အပေးအယူ အလျှော့အတင်းတွေ လုပ်နိုင်ရမယ်။
( ညီသစ် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၄) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )